Helen ရေးသည်။
၂၉၊ စက်တင်ဘာ၊ ၂၀၂၄
Zalen
တိုက်ပွဲတွေကြားကနေ တိမ်းရှောင်ရင်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့က မစန်ကျိန်ဟာ သူမရဲ့ ရင်သွေးလေး ပျက်ကျသွားခဲ့ပါတယ်။
” ကိုးမိုင်ဂိတ်မှာ တိုက်ပွဲဖြစ်တော့ ကျွန်မတို့က တောထဲ ရှောင်နေရတာပေါ့။ ရှောင်ရင်းနဲ့ ကိုယ်၀န်ပျက်ကျသွားတာ၊ ကိုက်ခဲလို့ ပါတာစီတမော့တောင် သောက်စရာ မရှိခဲ့ဘူး။ မြေကြီးပေါ်မှာ မိုးကာခင်းပြီး တောထဲမှာ အိပ်ခဲ့ရတယ်။ ရွေးချယ်စရာမရှိဘူး၊ ဒီလိုပဲ တောင့်ခံပြီး နာကျင်တာကို သည်းခံခဲ့ရတယ်။ ” လို့ မစန်ကျိန်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ခိုင်ကမ်းမြို့ကနေ တီးတိန်မြို့နယ်ထဲကို တိမ်းရှောင် ပြေးလွှားရာကနေ ကိုယ်၀န်ပျက်ကျခဲ့တာဖြစ်ပြီး ဘာဆေး၀ါးမှ မသောက်ခဲ့ရဘူးလို့ မစန်ကျိန်က ပြောပါတယ်။
ဒီအကျိုးဆက်အနေနဲ့ မစန်ကျိန်ဟာ ခါးနဲ့ ခြေလက်တွေ ကိုက်ခဲထုံကျင်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဆေးဝါးရရှိဖို့ ခက်ခဲတာအပြင် ကုသပေးမယ့် ကျန်းမာရေး ဆရာ၊ဆရာမတွေလည်း မရှိခဲ့ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ဝေးလှံခေါင်ဖျားပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိမှုဟာ နည်းသထက်နည်း လာပါတယ်။
ဒါကြောင့် ကိုယ်၀န်ဆောင်ရင်း ပျက်ကျတာ၊ လမစေ့ဘဲ မွေးဖွားတာ အပြင် ကလေးမွေးဖွားရင်း သေဆုံးသူတဲ့ အမျိုးသမီးတွေလည်း ရှိလာပါတယ်။
ဩဂုတ် ၂၇ ရက်နေ့မှာပဲ ထန်တလန်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦး မီးဖွားရင်း အသက်ဆုံးရှုံးခဲ့ပါတယ်။
ကွယ်လွန်သူ အမျိုးသမီးဟာ CDM ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ထန်တလန်မြို့နယ်ကနေ လုံလဲရ်ကျေးရွာကို တိမ်းရှောင်နေသူ ဖြစ်ပါတယ်။
” ကလေးမွေးပြီးတော့ ဆုံးသွားတာ၊ အချင်းမထွက်နိုင်ဖြစ်ပြီး ဆေးရုံသွားဖို့ လမ်းမှာပဲ ဆုံးသွားတာပါ။ သွားရေးလာရေးကလည်း ခက်တယ်။ လုံလဲရ်မှာ ဆေးရုံရှိပေမယ့် ဆရာ၀န်က မရှိဘူးလေ။ ထန်တလန်မြို့ပေါ်ကနေ လုံလဲရ်မှာ စစ်ရှောင်နေကြကြာပြီလေ။ ကလေးကတော့ အသက်ရှင်ခဲ့တယ်။ ” လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
၂၀၂၁ခုနှစ်ကစလို့ ၂၀၂၄ အောက်တိုဘာလောက်အထိ သုံးနှစ်ကျော်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာ၊ ဆေးဝါး လုံလုံလောက်လောက် မရရှိတာကြောင့် သေဆုံးတဲ့အရေအတွက်က ပိုတိုးလာတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသူတွေက ပြောပါတယ်။
ကိုယ်၀န်ပျက်ကျချိန်မှာ လိုအပ်တဲ့ကုသမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့တာအပြင် အမိုးအကာမပါပဲ အိပ်ခဲ့ရတာကြောင့် လက်ရှိမှာ ရာသီဥတုအေးရင် ခြေလက်နဲ့ ခါး ထုံကျင်ကိုက်ခဲတဲ့ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ကိုယ်၀န်ဆောင်စဉ်မှာ ကလေးငယ်ရဲ့ကိုယ်လက်အင်္ဂါပြည်စုံစွာ ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်တဲ့ Folic acid လိုမျိုး အား ဆေးတွေ မရရှိတာကြောင့် မွေးကင်းစ ကလေးငယ် သေဆုံးမှုတွေလာများသလို မိခင် တွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ထိခိုက်မှုတွေရှိလာပါတယ်။
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မင်းတပ်မြို့နယ်မှာ မိခင်နဲ့ မွေးကင်းစ ကလေး ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်း မရလို့ မနွမ်ပီးရဲ့ ကလေးလေးလည်း မွေးပြီးပြီးချင်းမှာ သေဆုံးခဲ့ရပါတယ်။
” ကျန်းမာရေးဆရာမက တိုက်ပွဲဖြစ်လို့ ရွာဘက်ကို မလာဘူး။ ကာကွယ်ဆေးလည်း မပေးသလို ကိုယ်ဝန် ဆောင်အားဆေးတွေလည်း မပေးထားဘူး။ ဒီလိုပဲ ရွာမှာနေရင်းနဲ့ မွေးခါနီးမှ မြို့ပေါ်သွားပြနိုင်တယ်။ ဒါပေမယ့် မွေးတဲ့အခါ ကလေးက ဆုံးသွားတယ်၊ ဆရာ၀န်ပြောတော့ ဖော့လစ်အက်စစ် ချို့တဲ့တာကြောင့်လို့ ပြောတယ်။ ကျွန်မသာ စောစော သွားနိုင်ခဲ့ရင် ဒီလိုမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ” လို့ မနွမ်ပီးက ပြောပါတယ်။
ခုခံတော်လှန်မှုအားကောင်းတဲ့ ချင်းပြည်နယ်ထဲကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး လက်ရှိအချိန်ထိ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာမှုနဲ့အတူ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြောင့် အမျိုးသမီး လစဉ် သုံးတွေတောင် ရှားပါးပြီး ဈေးကြီးပေး၀ယ်ယူနေရပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း၀င်ပေါက်တွေမှာ ဆေးဝါးသယ်ယူ အဓိက တင်းကြပ်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ကြောင့် ဆေးဝါးတွေ မလုံလောက်မှုတွေ ဖြစ်နေရတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
” ပေါက်ဂိတ်၊ သရက်တောဂိတ်တွေကနေ ဆေးဝါးတွေ ဖမ်းဆီးခံရတာတွေ အကြိမ်ကြိမ်ကြုံရတယ်။ အဲဒီတော့ တောင်ယာလမ်း၊ တောလမ်းတွေကနေ မရ ရအောင်သယ်ရတယ်၊ အရေးကြီးဆုံး ဆေးဝါးတွေကို အရင်၀ယ်ရတယ်။ စစ်ဘေးရှောင်တွေရော၊ ကျေးရွာနေ ဒေသခံတွေအတွက်ရော လိုအပ်တယ်။ ကျွန်မတို့ တတ်နိုင်သလောက် ဖြန့်ဝေပေးမယ့် အားလုံးအတွက်ကျတော့ ၀န်ထမ်းအင်အားနည်းပါးတာကြောင့် လက်လှမ်းမမီနိုင်တာမျိုးတွေ ရှိတယ်။ ” လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
အမျိုးသမီးတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို အချိန်ပေး တွေ့ဆုံဆွေးနွေးပြီး ကုသဖို့ လိုအပ်တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးနေသူတွေဦးက ပြောပါတယ်။
ကျေးရွာအလိုက် စောင့်ရှောက်မှုပေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေဟာလည်း CDM ပါ၀င်သူတွေဟာ တော်လှန် ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ နေကြသလို Non CDM တွေဟာ မြို့ပေါ်လို စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေရာတွေမှာသာ ပြောင်းရွေ့နေထိုင်ကြပါတယ်။
ဒါကြောင့် သားအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို စောင့်ရှောက်မှု ရရှိဖို့ ပိုပြီး ခက်ခဲတယ်လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။
” ကျွန်မတို့ ရာသီအလာများတာ၊ အဖြူဆင်းတာများတွေ ဒီလိုမျိုး ကျန်းမာရေးပြဿနာကို ပြဖို့ ဆရာမတွေ ရှားပါးတယ်။ တချို့ကျတော့ မြို့ပေါ်သွားနိုင်မှ ပြလို့ရတယ်၊ တချို့လည်း Mobile Clinic လိုမျိုး နယ်လှည့် CDM ဆရာ၀န်တွေဆီမှာ ကြုံရင် သွားပြလို့ပဲရတယ်။ ပြဖို့ ခက်ခဲရင် အမျိုးသမီးတွေက ဒီလို ရောဂါတွေကို ကြိတ်ပြီး ဒီတိုင်းထားလိုက်တော့တာ။ ဒါဆိုရင် ရောဂါက ပိုဆိုးလာတာတွေမျိုးတွေ ဖြစ်နိုင်တာပေါ့။ ကိုယ်၀န်ပျက်ကျပြီးရင်လည်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ခံယူရရှိမှ နောက်ဆက်တွဲ အန္တရာယ်ကို ကာကွယ်နိုင်မယ်။ သွေးသွန်တာတို့ ဖြစ်ရင် အသက်အန္တရာယ်ရှိနိုင်တယ်။ ” လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။
အရင်က မိခင်နဲ့ကလေး သေဆုံးမှုလျော့ချရေး အစီအစဉ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ချင်းပြည်နယ်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသမီးတွေဟာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ကျန်းမာရေးစောင့်ရှောက်မှု လျော့နည်းလာတာနဲ့ ဆေးဝါး လုံလောက်မှု မရှိတာတွေ ဆက်ဖြစ်နေရင် အမျိုးသမီးတွေအတွက် ကလေးမွေးရင်း သေဆုံးတာ၊ ကိုယ်၀န်ပျက်ကျတာတွေ ပိုဖြစ်လာနိုင်တယ်။ ဒါဟာ မိခင်နဲ့ ကလေးများအတွက် သွယ်ဝိုက်နည်းဖြင့် သေတွင်းပို့သလိုပါပဲ။
Helen