တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ မျိုးနွယ်စုများအကြား အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများ မရှိပါက လူမျိုးနွယ်စုများအကြား မလိုလားအပ်တဲ့  ပြဿနာများ ဖြစ်ပေါ်လာစေနိုင်တဲ့ အကြောင်းအရင်းများလည်း ဖြစ်လာနိုင်တယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

ဒီလို လူမျိုးနွယ်များစွာအကြားမှာ မတူညီတဲ့ အတွေးအခေါ်ယူဆမှုများကြောင့် အချင်းချင်းကြားမှာ အငြင်းပွားစရာနှင့် အင်အားပြိုင်ဆိုင်မှုများလည်း ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင် ကတည်းက ရှိခဲ့တယ်ဆိုတာ ဒေသခံအများစုက သတိထားကြမှာပါ။

ဘယ်လို အခက်အခဲများစွာနှင့် မတူညီတဲ့ အတွေးအခေါ်များစွာ ရှိနေပါစေ၊ မြန်မာနိုင်ငံမှာ ဗမာလူမျိုးကြီး လွမ်းမိုးခဲ့တဲ့ နိုင်ငံရေးကြောင့် တိုင်းရင်းသားများ နှစ်ပေါင်း ၇၀ ခန့် ဘယ်လောက်အထိ ဖိနှိပ်ခံရသလဲဆိုတာကို ကိုယ်တွေ့ရှိခဲ့တဲ့ မတူပီမြို့နယ်က ဒေသခံများကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အသက်ဆက်မှာကို မလိုလာတာကြောင့် စစ်အာဏာရှင်ကို တော်လှန်ရန် ဘုံတွန်းအားကြီးတစ်ခု ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ရရှိလာခဲ့ပါတယ်။

ဒီလိုနဲ့ မတူပီမြို့နယ်မှာ အစကတော့ CDF-Matupi နာမည်အောက်ကနေ တစုတစည်း လက်နက်ကိုင် တော်လှန်ရေးကို စတင်လာခဲ့ကြပြီး တပ်ရင်း ၅ ရင်းဖြင့် CDF-Matupi ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီတပ်ရင်း ၅ ရင်းကလည်း မတူပီမြို့နဲ့ အနီးစပ်ဆုံးမှာ ရှိတဲ့ လူမျိုးနွယ်စုများနဲ့ ဦးဆောင်ဖွဲ့စည်းခဲ့ကြပါတယ်။ တပ်ရင်း ၁ ကတော့ ငလား(Ngala) မျိုးနွယ်စုက အဓိက ဦးဆောင်ဖွဲ့စည်းထားတဲ့ တပ်ရင်းလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီမှာတော့ အိုင်ဒပ်(Aidaak)အပြင် အခြားမျိုးနွယ်စုက ရဲဘော်တစ်ချို့လည်း ပါဝင်ပါတယ်။ တပ်ရင်း ၂ ကတော့ စင်း(Cing) လို့ခေါ်တဲ့ လက်ရှိ မတူပီဗျူဟာကုန်းတည်ရှိတဲ့ မြို့ရဲ့ မြောက်ပိုင်းက ဒေသခံများနဲ့ အဓိက ဖွဲ့စည်းထားတဲ့ တပ်ရင်းဖြစ်ပါတယ်။ တပ်ရင်း ၃ ကတော့ မတူပီ-ပလက်ဝလမ်းပေါ်က ဒုန်မ် (Dom) ဒေသက လူငယ်များနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တပ်ရင်း ၄ ကတော့ ဒိုင်ရ်(Daai) ဒေသက လူငယ်များနဲ့ ဖွဲ့စည်းထားပြီးတော့ တပ်ရင်း ၅ ကတော့ ကုန်လုန်တောင်ကြောက လူငယ်များနဲ့ ဖွဲ့စည်းထားပါတယ်။ မတူပီမြို့နယ်မှာ မတူလူမျိုးများအပြင် အခြားလူမျိုးစုများစွာလည်း ရှိပါတယ်။ သူတို့ကတော့ ဇိုတုန်၊ ဇိုဖေ၊ မရာ အစရှိတဲ့ အခြားနာမည်နဲ့ သွားတဲ့ CDF များလည်း ရှိပါတယ်။ 

ချင်းပြည်နယ်က အခြားတပ်ရင်းတွေလိုပဲ တူမီးနဲ့ စတင်ခဲ့တဲ့ CDF-Matupi ဟာ ရဲရင့်မှုများစွာနဲ့ သာလွန်လက်နက်အင်အား၊ လူအင်အားရှိတဲ့ စစ်ကောင်စီကို စစ်ဆင်းရေးများစွာဖော်ဆောင်နိုင်ခဲ့ပြီးတော့ အောင်မြင်မှုများစွာလည်း ရရှိခဲ့ပါတယ်။ အထူးခြားဆုံး အောင်မြင်မှုကတော့ မတူပီ-ပလက်ဝလမ်းမပေါ်က ထယ်ဘွေးစခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထယ်ဘွေးစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာတော့ မတူပီ-ပလက်ဝလမ်းကို ပြည်သူများ လွတ်လွတ်လပ်လပ် သွားလာ၊ စားနပ်ရိက္ခာသယ်ဆောင်ခွင့်များ ရရှိလာခဲ့ပြီး တပ်ရင်း ၃ က ပြည်သူများအတွက်တော့ ဘယ်တုန်းကမှ မရဖူးခဲ့တဲ့ လွတ်လပ်မှုများ ရရှိလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ 


လက်နက်အင်အား မစုံလင်ခဲ့ပေမဲ့ မဟာမိတ်များနဲ့ ပူးပေါင်းပြီး အောင်မြင်များ ရရှိခဲ့တဲ့ CDF-Matupi ဟာ အကြောင်းအမျိုးမျိုးကြောင့် အက်ကြောင်းများ ကွဲလာခဲ့ပါတယ်။ ဒီလို အက်ကြောင်းများ ကွဲလာခြင်းဟာ အရင်ကတည်းက ရှိနေပြီးသား မတူညီတဲ့ မျိုးနွယ်စုများအကြားက မတူညီတဲ့ အတွေးအခေါ်များကြောင့်လို့ ပြောရင် မမှားပါဘူး။

ဒါပေမဲ့ အက်ကြောင်းများကို​ ပိုကွဲစေတဲ့ အကြောင်းအရင်းကတော့ ချင်းပြည်နယ်မှာ နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ ICNCC နဲ့ CNA ဦးဆောင် ဖွဲ့စည်းထားတဲ့ CJDC အကြားက အင်အားပြိုင်ဆိုင်မှုကြောင့် ပြောလို့ရပါတယ်။ CNA ကလည်း ICNCC ကို အားမလို အားမရဖြစ်နေသလို၊ ICNCC ကလည်း CNA ကို အားမလို အားမရဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ချင်းလဲန်းကောင်စီက သူတို့ရဲ့ ပထမအကြိမ် ချင်းပြည် (Chinland) ​ကောင်စီညီလာခံ

ထုတ်ပြန်​ကြေညာချက် (၁/၂၀၂၃) ကြောညာချက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ချင်းလဲန်းကောင်စီ ဖွဲ့စည်းကြောင်း ကြေညာလာခဲ့ပါတယ်။ တစ်နှစ်ခန့် အကြာမှာပဲ ချင်းညီနောင် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ၂၀၂၄  ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လာခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်အကြားက အင်အားပြိုင်ဆိုင်မှုဟာ ပြင်းထန်လာခဲ့ပြီးတော့ မတူပီမြို့သိမ်းတိုက်ပွဲမှာတော့ ဒါဟာ တစ်နိုင်ငံလုံး စိတ်ဝင်စားသည်အထိ နာမည်ထွက်လာခဲ့ပါတယ်။ 

မတူပီမြို့ဟာ ချင်းလဲန်းကောင်စီနဲ့ ချင်ညီနောင်အကြား အင်အားပြိုင်တဲ့ စစ်မြေပြင် ဖြစ်လာခဲ့ပါတယ်၊  အချင်းချင်း  အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်သည်အထိ ရှိခဲ့ပြီး အချင်းချင်း ပစ်ခတ်မှုကြောင့် နှစ်ဘက် ရဲဘော်များ ကျဆုံးမှုလည်း ရှိခဲ့ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ CDF-Matupi တပ်ရင်း ၅ ရင်းမှာ တပ်ရင်း ၃ ခုဖြစ်တဲ့ တပ်ရင်း ၂ ၊ ၃ ၊ ၄ တို့က ချင်းလဲန်းကောင်စီနဲ့ ပူးပေါင်းတဲ့ တပ်ရင်းများ ဖြစ်လာပြီးတော့ တပ်ရင်း ၁ နဲ့ ၅ ကတော့ ချင်းညီနောင်နဲ့ ပူးပေါင်းတဲ့ တပ်ရင်းဖြစ်လာခဲ့ပါတယ်။ ဒီမတိုင်ခင် CDF-Matupi ဟာ ဗဟိုစနစ်နဲ့ စတင်ဖွဲ့စည်းလာခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင်း လွတ်လပ်စွာ သီးခြားရပ်တည်လိုသော ဆန္ဒကြောင့် တပ်မဟာ ၁ နဲ့  ၂ အဖြစ် ၂၀၂၄ ဖေဖော်ဝါရီလ ၂၃-၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ – ညီလာခံဆုံးဖြတ်အရ ပြောင်းလဲ ဖွဲ့အစည်းလာခဲ့ကြပါတယ်။

၂၀၂၄ မေလလောက်မှာတော့ မတူပီမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်က ပြင်ဆင်မှုများ စတင်ပြုလုပ်လာခဲ့ပြီးတော့ တပ်မဟာ ၁ နဲ့ ၂ အကြားမှာလည်း တွေ့ဆုံ ညှိနှိုင်းမှုများတစ်ချို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်စုံတရာ မရရှိခဲ့ကြပါဘူး။ ဒီလို တပ်မဟာနှစ်ခုအကြားမှာ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရှိခြင်းကြောင့် မြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင် အကြား အင်အားပြိုင်ဆိုင်မှု ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ အစကတော့ ခမရ ၃၀၄ ကို ချင်းညီနောင်များ သိမ်းရန်နဲ့ ဗျူဟာကုန်းနဲ့ ခလရ ၁၄၀ ကို ချင်းလဲန်းကောင်စီသိမ်းရန် ဆိုတဲ့ စကားများ ထွက်လာခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြား သဘောတူညီမှု မရှိခဲ့ကြောင်းကိုလည်း နောက်မှ သိရပါတယ်။

တပ်မဟာ ၁ ကလည်း သူတို့သည် မတူပီမြို့ပေါ်က ဒေသခံများဖြစ်သောကြောင့် မတူပီမြို့နဲ့ပတ်သက်လာရင် ငါတို့မှာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည် ဆိုတဲ့ ယူဆမှု ကြိုးစိုးခဲ့ကြောင်း ပြောလို့ရပါတယ်။ တဘက်မှာလည်း တပ်မဟာ ၂ က မတူပီမြို့ဟာ တပ်မဟာ ၁ တစ်ခုနဲ့ဆိုင်တဲ့ မြို့မဟုတ်ဘဲ ဒေသခံအားလုံးနဲ့ ဆိုင်သောမြို့ဖြစ်သောကြောင့် မတူပီမြို့အရေးနဲ့ ပတ်သက်လာရင် အားလုံးနဲ့ ပူးပေါင်းညှိနှိုင်းပြီးမှ မြို့သိမ်း တိုက်ပွဲလို ကြီးမားတဲ့ ကိစ္စများကို ဆုံးဖြတ်သင့်တယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။

ဘယ်လိုပင် ဖြစ်နေပါစေ၊ သေချာတာကတော့ တပ်မဟာ ၁ နဲ့ ၂ တို့ကလည်း မတူပီအရေးနဲ့ ပတ်သက်ရင် သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် မရနိုင်တာကတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မဟာ ၁ ကလည်း ချင်းညီနောင်၊ အေအေတို့နဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းသလို၊ တပ်မဟာ ၂ ကလည်း ချင်းလဲန်းကောင်စီနဲ့ ပူးပေါင်းနေသောကြောင့် မတူပီမြို့နဲ့ပတ်သက်ပြီး ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အသံအပြင် မဟာမိတ်အဖွဲ့များရဲ့ အသံကိုလည်း နားထောင်ရပါတယ်။ ဒါကြောင့် မတူပီတွင် ချင်းပြည်နယ်က အဓိက လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုအကြားက အချင်းချင်း သွေးထွက်သံယိုဖြစ်မှုဟာ ဒေသခံများရဲ့ ပယောဂထက် ဒေသခံမဟုတ်သူများရဲ့ ပယောဂလည်း ပါဝင်တယ်လို့ စာရေးသူက မြင်ပါတယ်။

တစ်ဘက်မှာလည်း တပ်မဟာ ၁ နဲ့ ၂ တို့ကလည်း မတူပီအရေးနဲ့ ပတ်သက်လာရင် အများရဲ့ ဆန္ဒသဘောထားကို အလေးမထားခြင်းကလည်း ကြီးမားတဲ့ ပြဿာနာ တစ်ခုဟု မြင်ပါတယ်။ မတူပီမြို့နယ်မှာ မတူညီတဲ့ လူမျိုးနွယ်များ၊ ယဉ်ကျေးမှုဓလေ့များနဲ့ ဘာသာစကားများ ရှိနေတယ်ဆိုတာကိုလည်း အသိအမှတ် မပြုဘဲ၊ တော်လှန်ရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားခြင်းကလည်း ကြီးမားတဲ့ ပြဿာနာ တစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ လူမျိုးနွယ်စုများနဲ့ တည်ဆောက်တဲ့ မတူပီမှာ မြို့သိမ်းတိုက်ပွဲလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်မှာ မျိုးနွယ်အားလုံးရဲ့ သဘောထားအမြင်၊ ဆန္ဒက အလွန်ရေးကြီးပါတယ်။ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ခင် ဆွေးနွေးညှိနှိုင်းမှုအများကြီး ပြုလုပ်ရန် လိုအပ်ပါတယ်။ အချင်းချင်း အကြားမှာ တိုင်ပင် ဆွေးနွေးမှုများ သေချာ မပြုလုပ်နိုင်ပါက ခုနောက်ပိုင်း တော်လှန်ရေး တပ်ဖွဲ့များ ပြောတဲ့ စကားအရဆိုရင် “မြို့သိမ်းရတာလွယ်တယ်၊ မြို့ကို ထိန်းချုပ်အုပ်ချုပ်တာပဲ ခက်တယ်” ဆိုတဲ့ စကားလို ဖြစ်လာမှာ သေချာပါတယ်။ အခုလည်းမတူပီမှာ ဒီလို မြင်နေရပြီဖြစ်ပါတယ်။ 

ချင်းညီနောင်ကတော့  အေအေရဲ့ ဦးဆောင်မှုနဲ့ မတူပီမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လ အစောပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ ခမရ ၃၀၄ ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပါတယ်။ ချင်းညီနောင်က ခမရ ၃၀၄ ကို သိမ်းပိုက်ပြီး ခလရ ၁၄၀ နှင့် ဗျူဟာကုန်းကို ချင်းလဲန်းကောင်စီက ထိုးစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီမှာပဲ အချင်းချင်း တိုက်ခိုက်မှုအထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စမှာလည်း အပြန်အလှန် စွပ်စွဲမှုများနဲ့ အချင်းချင်း တိုက်ခိုက်သည်အထိ ဖြစ်ပွားခဲ့သောကြောင့် ချင်းပြည်နယ်ဟာ တစ်နိုင်ငံလုံးမှာ နာမည်ဆိုးနဲ့  နာမည်ကြီးသွားခဲ့ပါတယ်။ အရမ်းလည်း ရှက်ဖို့ ကောင်းခဲ့ပါတယ်။ နောက်တော့ ချင်းလဲန်းကောင်စီက ရှောင်ပေးလိုက်တယ် ပြောမလား၊ မတူပီစစ်ဆင်ရေးကနေ နောက်ပြန်ဆုတ်သွားခဲ့ပြီး မတူပီမြို့ရှိ နောက်ဆုံး စကစ စခန်းဖြစ်တဲ့ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ ကို ချင်းညီနောင်က ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီး မတူပီမြို့ တစ်မြို့လုံး တပ်မဟာ ၁ လက်ထဲ ရောက်သွားခဲ့ပါတယ်။ 

မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ခလရ ၁၄၀ နှင့် ဗျူဟာကုန်းဟာ CDF-Matupi တပ်ရင်း ၂ သို့မဟုတ် တပ်မဟာ ၂ ရဲ့ ဒေသဖြစ်သောကြောင့် အရင်က CDF-Matupi တပ်ရင်း ၂ စခန်းချခဲ့တဲ့ နေရာတွေကလည်း ခုတော့ တပ်မဟာ ၁ က ထိန်းချုပ်လာခဲ့ပါတယ်။

မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပေမဲ့ အများထင်သလို မတူပီမြို့ထဲကို လူတိုင်း သွားလာခွင့် မရှိသေးပါဘူး။ လူတိုင်း ဝင်ရောက် နေထိုင်ခွင့်လည်း မရှိသေးပါဘူး။ မတူပီမြို့ကို ထိန်းချုပ်ထားတဲ့ တပ်မဟာ ၁ ရဲ့ ကန့်သတ်ချက်များတွင် မတူပီမြို့တွင် ဝင်ရောက်နေထိုင်လိုပါက ချင်းညီနောင်ရဲ့ နိုင်ငံရေးလမ်းစဉ်ကို လက်ခံကျင့်သုံးသူ ဖြစ်ရမည် အစရှိတဲ့ ကန့်သတ်ချက်များလည်း ရှိပါတယ်။ တပ်မဟာ ၂ နယ်မြေအတွင်းမှာလည်း မည်သူမဆို စားနပ်ရိက္ခာများ သယ်ဆောင်ခြင်း မပြုလုပ်ရ ဆိုတဲ့ တပ်မဟာ ၁ ရဲ့ ကန့်သတ်ချက်များကို မဟာမိတ်ဖြစ်တဲ့ အေအေက အကောင်အထည် ဖော်နေပါတယ်။ ဒီလို ကန့်သတ်ချက်များကြောင့် မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဒေသခံများကိုယ်တိုင်တောင် လွတ်လပ်စွာ ဝင်ထွက် သွားလာလို့မရတဲ့ မြို့ဖြစ်နေပါတယ်။ တပ်မဟာ ၂ က ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ သာရေး၊ နာရေးကြောင့် မတူပီမြို့သွားရောက်ချိန်တွင် တပ်မဟာ ၁ က ရဲဘော်များရဲ့ ခေါ်ယူ စုံစမ်းစစ်ဆေးမှုများလည်း ရှိပြီး ချင်းလဲန်းကောင်စီထောက်ခံသူဟု စစ်စွဲမှုများလည်း ရှိတယ်လို့ ဆိုပါတယ်။ 

မတူပီမြို့နယ် နှစ်ခြမ်းကွဲမှုဟာ မတူပီမြို့နယ်တစ်ခုတွင်းမှာပဲ အကျိုးသက်ရောက်မှု ရှိတာမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာနေထိုင်တဲ့ မတူလူမျိုးများအကြားမှာလည်း အချင်းချင်း အမြင်မကြည်မှုများလည်း ရှိလာစေပါတယ်၊ ချင်းလဲန်းကောင်စီထောက်ခံသူများနှင့် ချင်းညီနောင် ထောက်ခံသူများအကြား အမြင်မကြည်မှုများလည်း ရှိလာတာ ဒေသခံများ အသိဆုံး ဖြစ်ပါတယ်။ ဆိုတော့ မတူပီမြို့သိမ်းပိုက်ပွဲဟာ မျိုးနွယ်စုများအကြား သင့်မြတ်မှု ဆိုးရွားလာစေတဲ့ မြို့သိမ်းတိုက်ပွဲလို့ ပြောရင်လည်း မမှားလောက်ဘူးပါတယ်။

ချင်းပြည်နယ်က တောင်ပိုင်းမြို့များဖြစ်တဲ့ မင်းတပ်နှင့် ကန်ပလက်မြို့တို့ကို ချင်းညီနောင်က သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းဟာ စကစ ကင်းစင်သော ဒေသဖြစ်လာပြီဖြစ်တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ လွတ်လပ်စွာ သွားလာလို့ရပြီဆိုတဲ့ လူမှုကွန်ရက် အသုံးပြုသူတချို့ရဲ့ ရေးသားမှုကိုလည်း တွေ့ရပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်တို့ရဲ့ အင်အားပြိုင်ဆိုင်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ လွတ်လပ်စွာ သွားလို့မရပါဘူး။ ချင်းလဲန်းကောင်စီထိန်းချုပ်တဲ့ ဒေသများကို ချင်းညီနောင်က ပြည်သူဖြစ်စေ၊ ရဲဘော်များဖြစ် လွတ်လပ်စွာ သွားခွင့် မရှိသလို၊ ချင်းညီနောင် ထိန်းချုပ်ဒေသများကိုလည်း ချင်းလဲန်းကောင်စီဘက်က ပြည်သူနှင့် ရဲဘော်များ လွတ်လပ်စွာ သွားလာလို့မရပါဘူး။ ဒါဟာ ခါးသီးတဲ့ အမှန်တရားဖြစ်နေပါတယ်။ 

ဆိုတော့ ဒီလို အင်အားပြိုင်ဆိုင်မှုများအကြား ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို တော်လှန်ရေး မူလရည်မှန်းချက်ပျောက်ကွယ် သွားပြီးလားဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အာဏာလွန်ဆွဲပွဲအကြားပြည်သူတွေ ဒုက္ခရောက်နေကြတာ သတိပြုဖို့လိုပါတယ်။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုပြီးပြည်သူကို ပြန်နှိပ်စက်တဲ့  စကစ စစ်တပ်နောက်မလိုက်ကြဖို့ပြင်ဆင်သင့်တာတွေ၊ ပြောင်းလဲသင့်တာတွေ လုပ်ဖို့အချိန်နောက်မကျသေးပါဘူး။


ခုလည်း တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်အကြား အပြိုင်အဆိုင် ပြင်ဆင်မှုများ ပြုလုပ်နေတာကို တွေ့ရပြီး အပြန်အလှန် ခြိမ်းခြောက်မှုများ ရှိလာတာတွေ့နေရပါတယ်။ မကြာသေးခင်က ချင်းညီနောင် သိမ်းပိုက်ထားတဲ့ ကန်ပလက်မြို့နယ်မှာလည်း အချင်းချင်းအကြားမှာ အငြင်းပွားမှုများ ရှိလာတာကို တွေ့ရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအကြား ပြေလည်မှုမရနိုင်သေးဘဲ အဖွဲ့တဖက်ဖက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ကြဖို့လိုအပ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့  ချင်းပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြို့သိမ်းနိုင်ဖို့ထက် ပိုအရေးကြီးတဲ့ အချင်းချင်းကြားစည်းလုံးညီညွတ်မှုကို အလေးထားလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။ 

ဒါကြောင့် မတူပီမြို့က ပေးတဲ့ သင်ခန်းစာကိုယူပြီး ကန်ပက်လက်မြို့ အထူးသဖြင့် တီးတိန်မြို့ရဲ့ အနာဂါတ်အတွက်၊ မျိုးနွယ်စု အားလုံးအတွက် ကျိုးရှိတဲ့  မြို့သိမ်းတိုက်ပွဲ ဖြစ်လာရေး ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ မြို့ကို သိမ်းပိုက်နိုင်ပေမယ့် မျိုးနွယ်စု အားလုံးအတွက် အကျိုးမရှိတဲ့ မြို့သိမ်း တိုက်ပွဲ မဖြစ်စေဖို့  ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


နောက်ဆုံးရသတင်းများ

မီဇိုရမ်က မတူပီစစ်ဘေးရှောင်တချို့ နေရပ်ပြန်လာ

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ကြတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာနေကြပြီလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ စစ်ကောင်စီကင်းစင်သွားပြီး တိုက်ပွဲတွေမရှိတော့တာကြောင့် စစ်ဘေးရှောင်တွေဟာ ဇန်နဝါရီလ ၁ရက်နေကစလို့ မတူပီမြို့နယ်ကို ...

ဆက်ဖတ်ရန်