ဒေါ်နယ်ထရမ့် က အမေရိကန်သမ္မတ ဖြစ်လာရင် ဘာအကျိုးဆက် ဖြစ်လာမလဲ

ကိုဗန်

အမေရိကန်ရဲ့ (၄၇)ယောက်မြောက် သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ပြန်လည်ရရှိလာခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမျိုးသားရေးအကျိုးစီးပွားကို ပိုပြီး ဦးတည်လာနေကြတာကို ထင်သာမြင်သာ ဖြစ်လာစေခဲ့တယ်။

သမ္မတဟောင်း ထရမ့်ဟာ အကျိုးစီးပွားပေါ် မှီပြီး အလုပ်လုပ်သူလို့ ယူဆထားကြသလို ယနေ့ အမေရိကန်ကို ကိုယ်ကျိုးစီးပွားပေါ်မှာပဲ မူတည်ပြီး လုပ်ဆောင်တော့မယ့် သူ လို့ ဆိုရမှာပါ။

ထရမ့်သာ သမ္မတ ဖြစ်လာရင် ယူကရိန်း-ရုရှားစစ်ပွဲကို အဖြေတခု ပြောင်းလဲသွားမယ် လို့ ယူထားကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ထရမ့်ဟာ နေတိုးအုပ်စုဝင် နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ပိုပြီး ထောက်ပံသင့်တယ် လို့ ဝေဖန်ခဲ့သလို ယနေ့ အမေရိကန်ပေးနေတဲ့ အထောက်အပံတွေကိုလည်း ရပ်ဆိုင်းပြီး ရုရှားနဲ့ စစ်ပြေငြိမ်းအောင် ဖန်တီးမယ့်သူ လို့ ယူဆခံထားရတာပါ။

ဒီတော့ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ် ‌နေရာရရှိလာခြင်းဟာ ယူကရိန်းအတွက် ဆိုးကျိုး ဖြစ်လာစေပြီး ဥရောပနဲ့ အမေရိကန်ကြား အကွဲအပြဲဇတ်လမ်းကို ပိုပြီး ကြားလာရဖို့ ရှိနေတယ်။

ထရမ့်ဟာ မက္ကစီကို တံတိုင်းကို ဆက်ပြီး တည်ဆောက်မယ့်သူ လို့ ညွန်းကြတာမို့ တောင်အမေရိက ကနေ ရွှေ့ပြောင်းလာကြမယ့် လူတွေအတွက် ပိုပြီး ခက်ခဲလာနိုင်တဲ့ သဘောမှာ ရှိပါတယ်။

ကိုယ့်ကျိုးစီးပွားပေါ်မူတည်ပြီး နိုင်ငံကို တည်ဆောက်မယ် လို့ ကြွေးကြော်နေတဲ့ ဒေါ်နယ်ထရမ်ရဲ့ နောက်မှာ ကမ္ဘာ့ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် ရှိနေတာကလည်း ထူးခြားနေပါတယ်။

Tesla ကား ဖန်တီးသူ၊ Space X ဂြိုလ်တု တည်ထောင်သူ၊ social media X ကိုလည်း ပိုင်ဆိုင်တဲ့ သူဟာ ထရမ့်ရဲ့ အစိုးရဝန်ကြီးနေရာတခုခုမှာ ရရှိနိုင်တယ် လို့ ထင်ကြေးပေးခံရသူပါ။

Tesla ကားလုပ်ငန်းဟာ တရုတ်ပြည်မှာ မအောင်မမြင် ဖြစ်ခဲ့ရခြင်းအကျိုးဆက်တွေ ရှိခဲ့လို့ လုပ်ငန်းတချို့ အပြောင်းအလဲ ဖြစ်ခဲ့ရတဲ့ အီလွန်မတ်စ်ဟာ အမျိုးသားအကျိုးစီးပွားဝါဒီ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်နောက်မှာ ရှိနေတာပါ။

ဒါအပြင် ထရမ့်ဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ ခပ်မာမာတည်ဆောက်ခဲ့တဲ့သူလို့ ယူဆခံရ‌တာကြောင့် သူသာ သမ္မတဖြစ်လာရင် တရုတ်နဲ့ ဆက်ဆံရေး ခပ်မာမာဖြစ်လာနိုင်တယ်။

ဒါကြောင့် လေ့လာသုံးသပ်သူတွေကတော့ ထရမ့်သာ အမေရိကန်သမ္မတ ဖြစ်လာရင် တရုတ်နဲ့ ဆက်ဆံရေး အပြောင်းအလဲ ဖြစ်လာမယ်၊ အာရှဘက်ကို ပိုအာရုံစိုက်လာနိုင်တယ်။

ဥရောပ နဲ့ ယူကရိန်းစစ်ရေးအပေါ် အလေးပေးမှု လျော့ကျလာနိုင်ပြီး အစ္စရေး နဲ့ အီရန် စစ်ရေးအပေါ် သိသိသာသာ ထောက်ပံ့လာနိုင်တယ်။ အီရန်ကို အပြင်းအထန် အရေးယူလာနိုင်သလို အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အာရှကို ရွှေ့လာနိုင်တယ် ဆိုတဲ့ သဘောထားပဲ ဖြစ်တယ်။

ဒီအချက်က ဘိုင်ဒင်အစိုးရလက်ထက်ကနဲ့ မတူပဲ အပြောင်းအလဲ ဖြစ်လာနိုင်ပြီး တရုတ်အပေါ် ဖိအားပေးတာ မြင့်လာနိုင်တယ် လို့ ဆိုကြတယ်။ဒါက လက်ရှိ မြန်မာ့နိုင်ငံရေးကို ထူးခြားမှု ဖြစ်လာနိုင်စေတယ် လို့ ယူဆကြပြီး ပိုပြီး အထောက်အပံ ဖြစ်လာမယ်လို့ မျော်လင့်နေကြတာပါ။

ဒါပေမယ့် တဖက်မှာလည်း တရုတ်အနေနဲ့ စစ်ကောင်စီကို လုံးဝ ဘက်လိုက်ထောက်ခံတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

၂၀၂၀ ခုနှစ် နောက်ပိုင်း လုံးဝ ငြိမ်ကျသွားတဲ့ တောင်တရုတ်ပင်လယ်အရေးဟာလည်း ထရမ့်တက်လာရင် ကျယ်ကျယ်လောင်လောင် ပြန်ထွက်လာနိုင်ခြေရှိတယ်။

တရုတ်၊ဂျပန်၊တောင်ကိုးရီးယား၊မြောက်ကိုးရီးယား၊ဖိလစ်ပိုင် နဲ့ ထိုင်ဝမ်အရေးဟာ လာမယ့် (၅)နှစ်အတွင်း ကျယ်ကျယ်လောင်လောင် ပြန်ကြားလာရနိုင်ပါတယ်။

ထရမ့်ဟာ ယခင် သမ္မတ တာဝန်ထမ်းဆောင်တုန်းက အရှေ့တောင်အာရှနိုင်ငံတွေကို ရောက်ရှိလာသလို ဆက်ဆံရေးတိုးမြင့်တာတွေ လုပ်ခဲ့တယ်။

ဒါကြောင့် အာဆီယံအတွင်း အလှုပ်အခတ်တွေ တွေ့ခဲ့ရတာမို့ ဒီတကြိမ်သမ္မတ ဖြစ်ရင်လည်း အရှေ့တောင်အာရှပေါ် ထားတဲ့ ပေါ်လစီ ကို ကိုင်လှုပ်နိုင်ခြေရှိပါတယ်။

ဘာကြောင့်ဆို တရုတ်က အာဆီယံဒေသဟာ သူ့ဩဇာလွမ်းမိုးထိန်းချုပ်ရာ နယ်မြေ အဖြစ် ယူဆထားသလို တရုတ်အတွက် လိုအပ်တဲ့ ကုန်ကြမ်း ရယူရာ နယ်မြေ နဲ့ ကုန်ချောထုတ်ရောင်းချရာ ဒေသလို့ ယူဆထားတာပါ။

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို ၂၀၁၉ ခုနှစ်တုန်းက ဖန်တီးခဲ့တဲ့ ထရမ့်ဟာ တဖန် တရုတ်ပါဝါတွေကို ထိုးနှက်အုန်းမယ် လို့ ယူဆရတာပါ။

၂၀၁၉ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ဟာ စီးပွားရေးအထိနာခဲ့ရသလို အစိုးရတရပ်အထိပါ အလှုပ်အခတ် ဖြစ်ခဲ့ရတဲ့ အထိပါ။

ကိုဗစ်ကြောင့်သာ အထိနာတာ မျှတူ ဖြစ်ခဲ့ရပေမယ့် လက်ရှိအချိန်ထိ တရုတ်စီးပွားရေး ပြိုလဲနေမှု အဆင့်ကို မြင်တွေ့နေရဆဲပါ။

အိမ်ခြံမြေ၊စတော့လုပ်ငန်း၊ပြည်ပရင်းနှီးမြှုပ်နှံ မှုနဲ့ လုပ်ငန်းတိုးတက်မှု၊ အလုပ်လက်မဲ့ ပြဿနာတွေကို တရုတ်ရင်ဆိုင်နေရဆဲ အခြေအနေမှာ ထရမ့် တဖန် အနိုင်ရလာခြင်းက ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာစေပါတယ်။

လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်း တိုင်းရင်းသားနယ်မြေတွေကို မလျှော်ဩဇာသုံးပြီး ပိတ်ပင်တားဆီးတာ၊ ကုန်သွယ်ရေး ဖြတ်တောက်တာတွေက ရေရှည်မှာ ဆက်ဆံရေးအချိုးတခု ဖြစ်လာနိုင်ပါတယ်။

ဘယ်သူကမှ တန်းတူမဆက်ဆံဘဲ အနိုင်ရတုန်း အပေါ်စီးကနေ ဆက်ဆံဖိအားပေးနေတဲ့ လုပ်ရပ်ရှိသူကို ဆက်ပြီး ခေါင်းငုံခံနေကြမှာ မဟုတ်ပါ။

ဒီလို အချက်တွေ ကြည့်ရင် မြန်မာ့အရေးမှာ ထရမ့် နေရာရလာခြင်းက အလှုပ်အခတ် အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

ဘယ်နေရာမဆို ကိုယ်ကျိုးစီးပွားသာ ကြည့်တဲ့ တရုတ်အတွက် သူ့လိုပဲ အကျိုးရှိမှ လုပ်တဲ့ ထရမ့်လို လူ အမေရိကန်သမ္မတနေရာ ရလာရင် စိန်ခေါ်မှု ကြီးကြီး ဖြစ်လာနိုင်ပါတယ်။

အမျိုးသားအကျိုးစီးပွားသာ ကြည့်တဲ့ ထရမ့်ကလည်း အနှုက်လက္ခဏာဆောင်တဲ့ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းတာ၊လျော့ချတာ ပြုလုပ်ပြီး အကျိုးစီးပွား ရှိလာမယ့် နေရာတွေကို ပိုနေရာယူလာမယ့် အခြေအနေပါ။

ဒါကြောင့်လည်း လေ့လာသုံးသပ်သူတွေက ဒေါ်နယ်ထရမ့်သာ အမေရိကန်ရဲ့ (၄၇)ယောက်မြောက် သမ္မတနေရာသာ ရလာရင် တရုတ်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် မလွယ်ကူ ဘူးလို့ ဆိုကြတာပါ။

ဒါပေမယ့် အကျိုးအမြတ်သာ ကြည့်တတ်တဲ့ ထရမ့် လက်ထက်မှာ အရင်တုန်းက အခြေအနေနဲ့ မတူညီနိုင်တဲ့ ပုံစံမျိုးလည်း တွေ့ရနိုင်ပါတယ်။

ဒါအပြင် ယနေ့ ကမ္ဘာကြီးကလည်း အာဏာရှင်နိုင်ငံတွေ အချင်းချင်း ပေါင်းစည်းသွားကြသလို အကျိုးစီးပွားသာ ရှေ့တန်းတင်သူတွေ တူရာ စုသွားကြတာပါ ။

ဒီအချက်ကြောင့် ကမ္ဘာမှာ ဩဇာအကြီးဆုံး အမေရိကန် သမ္မတနေရာကို အမျိုးသားအကျိုးစီးပွားရေးသမား ဒေါ်နယ်ထရမ့် တဖန် အနိုင်ပြန်ရလာတာပါ။

အမေရိကန်ဟာ အာဏာရှင်နိုင်ငံတော့ မဟုတ်ပေမယ့် အမျိုးသားရေးအကျိုးစီးပွားကို ရှေးတန်းတင်နေတဲ့ ထရမ့် လို လူက သမ္မတ ဖြစ်လာတာပါ။

ယနေ့ကမ္ဘာကြီးဟာ စစ်ပွဲတွေဆီ ဦးတည်လာနေပြီး လာမယ့် (၄)နှစ်အတွင်း တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ် လို့ ဟောကိန်းထုတ်ခံနေရတာပါ။ သို့သော် ဒေါ်နယ်ထရမ့်သာ သမ္မတ ဖြစ်လာရင် တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေ နည်းသွားပေမယ့် ကမ္ဘာတဝှမ်း အာဏာရှင်တွေ၊ အမျိုးသားရေး ဝါဒတွေက ဦးဆောင်သွားလိမ့်မယ် ဆိုတာကိုပါ။

ပိုပြီး အဖိနှိပ်ခံဘဝတွေ မြင်တွေ့လာရဖို့ ရှိနေပြီး လူသားအတွက် ဆုပ်ကပ်အခြေအနေမျိုး ရင်ဆိုင်လာရနိုင်ခြေ မြင့်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ဘိုးအေ လို့ ခေါ်ခံရတဲ့ အမေရိကန်လို နိုင်ငံမှာတောင် အမျိုးသားအကျိုးစီးပွားရေးသမားတွေ နေရာရလာတာ၊ အစွန်းရောက်ဝါဒီတွေ ခေါင်းထောင်လာတာက အနာဂါတ် ကမ္ဘာ့နိုင်ငံရေးကို ပြသနေပါတယ်။

အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတာသည် မြန်မာနိုင်ငံအတွက် အကျိုးရှိမှာလား ဆိုတာက ပြောရခက်ပါသေးတယ်။

‌သို့သော် ထရမ့်ရဲ့ တရုတ်နဲ့ ဆက်ဆံရေးအခြေအနေသည် မြန်မာကို ရိုတ်ခပ်မှု ရှိလာစေနိုင်တယ်။

အာရှ နဲ့ အာဆီယံဒေသအပေါ် ထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒသည် မြန်မာအပေါ် အကျိုးသက်ရောက်လာနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင်အစိုးရထက်တော့ အလှုပ်အခပ်၊အပြောင်းအလဲကို ထင်သာ၊မြင်သာ တွေ့လာရနိုင်ပါတယ်။

ဒါကြောင့်လည်း မြန်မာတချို့ကတော့ အမေရိကန်မှာ သမ္မတ ထရမ့် နိုင်စေချင်ကြတာကို တွေ့ရနိုင်တယ်။ တဖက်မှာလည်း ဒုက္ခသည်တွေကို လက်မခံတာ၊ ပြန်နှင်ထုက်တာ၊ နောက်ထပ် အကူအညီတွေ မပေးတော့တာ၊ မြန်မာ့အရေးဟာ အမေရိကန် လို နိုင်ငံနဲ့ မသက်ဆိုင်ဘူး ဆိုတဲ့ ပေါ်လစီတွေ ဖြစ်လာနိုင်ပါတယ်။

ဒီအချက်က နယ်စပ်မှာ ရောက်နေတဲ့ မြန်မာပြည်သူတွေ၊လက်ရှိ ဆုပ်ကပ်ကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို ပိုဆီုးကျိုး ဖြစ်လာစေနိုင်ပါတယ်။

အမေရိကန်သမ္မတ ရွှေးကောက်ပွဲဟာ ကမ္ဘာကြီးကိုသာမက မြန်မာပြည်အပေါ်မှာလည်း သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်စေမှာတော့ သေချာပါတယ်။

အမျိုးသားရေးအကျိုးစီးပွားကို ရှေ့တန်းတင်ထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လို့ လူပုဂ္ဂိုလ် က ထပ်မံပြီး သမ္မတဖြစ်လာခြင်းက ဆိုးကျိုးဖြစ်စေမှာလား ကောင်းကျိုး ဖြစ်စေမှာလား ဆိုတာက စောင့်ကြည့်ရမှာပါ။

ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ အမေရိကန် သမ္မတ ဖြစ်လာခြင်းသည် မြန်မာနိုင်ငံအပေါ် ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ သိသိသာသာ ဖြစ်ပေါ်နေစေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်မှာ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိ

ဇန်နဝါရီလ ၂၅ရက်၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီကျေးရွာနဲ့ တွီဒန်းကျေးမှာ ဇန်နဝါရီလ ဒုတိယပတ်ထဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သူတို့တွေဟာ ...

ဆက်ဖတ်ရန်