ပလက်ဝမြို့နယ် မီးဇာကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ ပီတောင်ရွာသားအချို့ဟာ မှတ်ပုံတင်မရှိကြလို့ ခရီးသွားလာရေးမှာ အခက်အခဲကြုံတွေ့နေကြပါတယ်။
အချို့ဟာ ရွာထဲမှာတိုက်ပွဲဖြစ်နေလို့ စစ်ရှောင်လာတဲ့ချိန်မှာ မှတ်ပုံတင်ကျန်ထားတာတွေရှိသလို၊ တချို့ဆိုရင် အသက်ပြည့်ပေမယ့် မှတ်ပုံတင်မရှိကြသူတွေလည်းရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် (၃၇)နှစ်ရှိပေမယ့် မှတ်ပုံတင်မရသေးတဲ့ ပီတောင်ရွာသူ ဒေါ်ဇီဗျက်က “မှတ်ပုံတင်လုပ်တဲ့ ဦးစီးမှူးနဲ့ စာရေးတို့ ပီတောင်ရွာကိုတက်တယ်။ မှတ်ပုံတင်ရမယ်။ ဓာတ်ပုံရိုက်ထားမယ်ဆိုလို့ ဓာတ်ပုံရိုက်တယ်။ ဒီတစ်လကုန်နှစ်လပိုင်းမှာရမယ်လို့ပြောတယ်။ ပိုက်ဆံလည်းပေးလိုက်တယ်။ ဒါပေမယ့် တခါမှမရဘူး။ တစ်နှစ်မှာတစ်ခါ၊ သုံးနှစ်မှာတစ်ခါတက်လာတယ်။ ဓာတ်ပုံတော့ရိုက်တယ်၊ ပိုက်ဆံလည်းပေးတယ်ဒါပေမယ့် မှတ်ပုံတင်ကပေါ်မလာဘူး။ သူတို့တက်လာတဲ့ချိန်မှာကျမတို့ပျော်တာ။ မှတ်ပုံတင်လုပ်တဲ့လူကြီးတွေလာတယ်ဆိုလို့ ကြက်တွေ၊ ဝက်တွေသတ်ပေးတယ်။ ဒါပေမယ့်မှတ်ပုံတင်မလုပ်ပေးဘူး။ အဲ့ဒါကြောင့်မရတာ။ တစ်ခါလာရင် တစ်ယောက်ကို ငါးထောင်ပေးတဲ့ချိန်ရှိတယ်။ တစ်သောင်းပေးတဲ့ချိန်ရှိတယ်”လို့ပြောပါတယ်။
ပီတောင်ကျေးရွာ စစ်ဘေးရှောင်တွေဟာ လူဦးရေ ၁၅၀ ကျော်ရှိပြီး အသက်(၁၈)နှစ်ပြည့်ပေမယ့် မှတ်ပုံတင်မရှိသူ လေးဆယ်ကျော်ရှိပါတယ်။
မှတ်ပုံတင်ကို ခြောက်ကြိမ်မြောက်လုပ်တဲ့ချိန်မှပဲရလိုက်တဲ့ အသက် (၃၉)နှစ်အရွာ ပီတောင်ရွာသား ဆလိုင်းဗန်မွန်ဆန်က အခုလိုပြောပါတယ်။
“အခုတော့ မှတ်ပုံတင်ရှိပြီ။ အရင်တုန်းကတော့ အိမ်ထောင်စုစာရင်းလုပ်ပေးမယ်၊ ဓာတ်ပုံတစ်ခါရိုက်ရင် လေးထောင်ပေးရတယ်။ မှတ်ပုံတင်လုပ်ပေးမယ်ဆိုလို့ ပိုက်ဆံတွေပေးထားပေမယ့် ဘာမှပြန်မရဘူး။ မှတ်ပုံတင်က ခြောက်ကြိမ်မြောက်လုပ်မှပဲရသွားတယ်။ ငါးကြိမ်တော့ အလကားပိုက်ဆံပေးရတယ်။ သာယာကုန်းရွာက ကျနော်တို့အုပ်စုမှတ်ပုံတင်လုပ်ပေးတဲ့ချိန်မှာရသွားတာ”လို့ပြောပါတယ်။
ပလက်ဝဒေသဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာဖြစ်တဲ့တွက် တစ်ရွာကနေ တစ်ရွာသွားတဲ့ချိန်မှာ အမြဲတမ်းမှတ်ပုံတင်ပါဖို့လိုပါတယ်။ မှတ်ပုံတင်မရှိတဲ့သူတွေကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ခရီးသွားခွင့်ထောက်ခံစာပါမှ ခရီးသွားခွင့်ရပါတယ်။
မြန်မာနဲ့ အင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ပီတောင်ကျေးရွာဟာ တပ်မတော်နဲ့ အေအေ တိုက်ပွဲကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ (၁၈)ရက်မှာ မီးဇာကျေးရွာသို့ပြောင်းရွေ့လာကြတယ်။