ချစ်ခြင်းနွေ/ ၂၉၊ စက်တင်ဘာ၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေထိုင်တဲ့ အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံက ဗိုလ်ကြီး တစ်ဦးကို BlackFalcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က စက်တင်ဘာ ၄ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ BlackFalcon Guerrilla Forces အဖွဲ့က စက်တင်ဘာ ၂၉ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မုံရွာမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေထိုင်တဲ့ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဖမ်းခံရတဲ့ ဗိုလ်ကြီးဆိုသူဟာ တိုက်ပွဲ တွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားကို အဓိက ကုသပေးနေသူဖြစ်တာကြောင့် အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
” သူနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာပဲ ဝင်ဖမ်းခဲ့တာပါ။ ဖမ်းဆီးရမိတာနဲ့ တရားခံကို ဆက်စပ်ပစ္စည်းတွေနဲ့ မြို့နယ် ပ.က.ဖ ကိုလွှဲပြောင်း ပေးပြီးပါပြီ။ ရိုက်နှက် စစ်ဆေးတာမျိုးတော့ မရှိဘူး” လို့ BlackFalcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
စစ်ဆေးရုံက ဗိုလ်ကြီးနဲ့ အတူ ဟွန်ဒိုင်း အမျိုးစား အိမ်စီးကား တစ်စီး ၊ လက်ကိုင်ဖုန်း နှစ်လုံး နဲ့ လက်ပ်တော့ တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ စစ်တပ်က လုံခြုံရေး အပြည့် ချထားပေမယ့် လုံခြုံမူမရှိကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေလည်း အနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းပေးကြဖို့ BlackFalcon Guerrilla Forces သတိပေးထားပါတယ်။