မုံရွာအကျဥ်းထောင်တွင် ဌာနပေါင်းစုံအထူးရှာဖွေရေးခေါင်းစဥ်ဖြင့် အနိုင်ကျင့်မှုအပေါ် နိုင်ငံရေးအကျဥ်းသားများက အစာငတ်ခံဆန္ဒပြ

မင်းလွန်

စက်တင်ဘာလ ၉ရက်၊၂၀၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဥ်းထောင်တွင်စက်တင်ဘာလ ၈ရက်နေ့က ဌာနပေါင်းစုံအထူးရှာဖွေရေးခေါင်းစဥ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည့်အတွက် အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများက အစာငတ်ခံ ဆန္ဒပြခဲ့သည်ဟု သတင်းရရှိပါသည်။

အဆိုပါ ဌာနပေါင်းစုံအထူးရှာဖွေရေးသည် အကျဥ်းဦးစီးဌာနက ဆောင်ရွက်ခြင်းမဟုတ်ဘဲအထက်အမိန့်အရသဘောဖြင့် စစ်ထောက်လှမ်းရေး၊ ရဲဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများက ပြုလုပ်သည့် အထူးရှာဖွေရေးလုပ်ငန်းဖြစ်ကာ အကျဥ်းစီးဌာန၏ လုပ်ထုံးလုပ်နည်းမျိုး မဟုတ်ဘဲ လက်နက်ကိုင်စစ်သားများ၊ အကြမ်းဖက်နှိမ်နင်းရေးစစ်သားများ၊ နယ်မြေလုံခြုံရေးရဲသားများနှင့်အတူ အရပ်ဝတ်ပုဂ္ဂိုလ်များလည်း ပါဝင်သည်ဟု နီးစပ်သူများက ဆိုသည်။

Zalen ad

“ဒီလိုအထူးရှာဖွေရေး ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ အစားအသောက်တွေ သိမ်းဆည်းခံရပါတယ်။ ပြီးတော့ လက်နက်အားကိုးပြီး အကျဉ်းသားတွေအပေါ်မှာ ဖိနှိပ်ဆက်ဆံတာတွေ၊ နှိမ့်ချစော်ကားတာတွေလည်းလုပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အဝတ်အစား၊ ပန်းကန်ခွက်ယောက်၊ အစားအသောက်အမျိုးမျိုးနဲ့ စာအုပ်တွေ သိမ်းဆည်းခံရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းဆိုပေမယ့်သူတို့ဌာနက လုပ်တာမဟုတ်တဲ့အတွက် မဆောင်ရွက်ပေးနိုင်ဘူးလို့ အကျဥ်းဦးစီးဌာနက ဖြေရှင်းချက်ပေးပါတယ်။ ဒီလို စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနယန္တရားတွေရဲ့  တမင်သက်သက် ဖိနှိပ်ညှင်းပန်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ၎င်းတို့ရဲ့ တောင်းဆိုချက်မရမချင်း အစာငတ်ခံ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကစက်တင်ဘာ ၈ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားပါသည်။

လက်ရှိတွင် အစာအငတ်ခံ ဆန္ဒပြနိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို မုံရွာအကျဉ်းထောင်ရှိ သီးသန့်ဆောင်၌ အချုပ်ထားပြီး ၂၄ နာရီမပြတ် ထောင်ဝန်ထမ်းများက စောင့်ကြည့်နေကြောင်းလည်း သိရပါသည်။

“ကောင်းမွန်တဲ့ အစားအသောက်မရမှု၊ ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိမှုတွေအပြင် အဝတ်အထည်တွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေ သိမ်းဆည်းခံရတာဟာ အကျဉ်းသားတွေရဲ့ နေထိုင်မှုကို ပိုမိုဆိုးဝါးလာစေခဲ့ပါတယ်။ လတ်တလောမှာ မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှင်းပန်းနေမှုဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာပြီး  နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအနေဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလကဖြစ်ပွားခဲ့သော ထောင်ဆူမှုကိစ္စကြောင့်ယခုကဲ့သို့အထူးရှာဖွေရေးမျိုး ထိုစဥ်ကပြုလုပ်ခဲ့ဖူးသော်လည်း ယခုအခါ ရှာဖွေမှုမှာတော့ အကြောင်းရင်းကို မသိရဘဲ မကြာသေးမှီက မုံရွာအကျဥ်းထောင်တွင် ထောင်ဝင်စာပေးပို့မှုကို တင်းကြပ်ထားသည့် ဖြစ်စဥ်တစ်ခု ရှိခဲ့သည်ဟုဆိုပါသည်။

ဤအစာအငတ်ခံ တိုက်ပွဲသည် ရေရှည်တိုက်ပွဲဖော်ဆောင်တာဖြစ်ပြီး ဆင့်ကဲဆင့်ကဲ အစာငတ်ခံဆန္ဒပြမှုတွေကို တောင်းဆိုချက်တွေ မရမခြင်း ဖော်ဆောင်သွားမည်ဟု သိရကြောင်းမုံရွာအကျဥ်းထောင်ရှိနိုင်ငံရေးအကျဥ်းသားနှင့်

နီးစပ်သူက ဆိုပါသည်။ အကျဉ်းထောင်တွင်း အစာအငတ်ခံ ဆန္ဒပြမှုတွေအပြင် တစ်ဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားတစ်ချို့ကို တိုက်ပိတ်ပြစ်ဒဏ် ပေးထားပြီး ထောင်ဝင်စာ လက်ခံမှုကို ပိတ်ထားကြောင်းလည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်