ကိုဗန်
မြန်မာနိုင်ငံက လူဦးရေ(၄၂)သန်းကျော်ဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး သုံးနှစ်အတွင်း လူလတ်တန်းစား(၅၀)ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ် လို့ UNDP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံလူဦးရေက (၅၆.၂)သန်းကျော်ရှိတယ် လို့ ဆိုထားတာမို့ (၇၀)ရာခိုင်နှုန်းသည် ဆင်းရဲသွားခဲ့ရပြီ လို့ ဆိုနိုင်တယ်။
လက်ရှိ နိုင်ငံစီးပွားရေးကျဆင်းနေမှု အခြေအနေနဲ့ဆို လူဆင်းရဲအတန်းအစား တဖြေးဖြေးတိုးပွားလာနေတယ်။
နိုင်ငံအတွင်း အလုပ်အကိုင်ရရှိနိုင်ဖို့ကလည်း မလွယ်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုဒါဏ်ကို အကြီးအကျယ် ခံစားနေရချိန်မှာ လူငယ်တွေအတွက် အိမ်မက်ဟာ ပြည်ပမှာ အလုပ်ထွက်လုပ်ခွင့် ရရှိရေး ဖြစ်နေပါတယ်။
ပြည်ပထွက်အလုပ်လုပ်နေသူတွေရဲ့ ဝင်ငွေနဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားအရ ဆင်းရဲတဲ့ လူငယ်လူရွယ်တွေအတွက် အားကျစရာ ဖြစ်နေတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်ရရှိဖို့ ခတ်ခဲမှု၊အလုပ်လက်မဲ့များပြားလာမှု၊ကုန်ဈေးနှုန်းမြင့်တက်ပြီး ဆင်းရဲလာမှု နဲ့ စစ်မှုထမ်းကိစ္စတွေက လူငယ်တွေကို ပြည်ပထွက်ခွာဖို့ တွန်းအားဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်လာတယ်။
ဒါကြောင့်လည်း ပြည်ပကို ထွက်ခွာခွင့် ရရှိရေးအတွက် တရားဝင်ကော တရားမဝင်ပါ ကြိုးစားပြင်ဆင်လာခဲ့ကြတာပါ။
ဒါကို စစ်ကောင်စီအုပ်စုက နိုင်ငံက လုပ်သားတွေ ရှားပါးလာတယ်၊ နိုင်ငံခြားကို လုပ်အားယိုစီးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်တားဆီးတာ ကန့်သတ်တာတွေ လုပ်လာတယ်။
ကနဦးကန့်သတ်ချက်အနေနဲ့ ပါစ်စပို့ လုပ်ရာမှာ passport For Job (PJ) ဖြစ်ရမယ်၊ OWIC ခေါ် အလုပ်သမားကဒ် ရှိရမယ် ဆိုပြီး လုပ်ခဲ့တယ်။
နောက်တဆင့်အနေနဲ့ ပြည်ပကို အလုပ်ထွက်လုပ်မယ် ဆိုရင် လုပ်ခလစာ(၂၅)ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းနဲ့ ပြန်ပို့ရမယ် ၊ အခွန်ကြိုတင်ဆောင်ရမယ် လို့ ကန့်သတ်ပြန်တယ်။
သို့ပေမယ့် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ငွေကြေးဖောင်းပွမှုတွေကြောင့် လူငယ်တွေ ရသလို ကြိုးစားရုန်းထွက်ကြရပြန်တယ်။
၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး စစ်မှုထမ်းကိစ္စကို အသက်သွင်းလိုက်တာမို့ လူငယ်တွေဟာ ပြည်ပကို ထွက်ဖို့ ပိုကြိုးစားလာရပြန်တယ်။
ဒါကို တားဆီးဖို့အတွက် စစ်ကောင်စီဟာ အသက်(၂၃)ကနေ (၃၂)နှစ်ကြား လူငယ်တွေကို ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ထားလိုက်ပြန်တယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ (၂၄)ရာခိုင်နှုန်းရှိတဲ့ လူငယ်အင်အားစုကိုပါ။
ဒါအပြင် လက်ရှိချိန်မှာတော့ PJ ပါစ်စပို့ မဟုတ်ရင် ပြည်ပကို အလုပ်ထွက်လုပ်လို့ မရတော့သလို PV လို ပါစ်စပို့နဲ့ သွားမယ်ဆိုရင် အထောက်အထားတွေ စုံနေအောင် တောင်းပြီး ကန့်သတ်ထားပြန်တယ်။
ဘဏ်အကောင့်ထဲမှာ ငွေရှိဖို့၊လေယာဉ်လက်မှတ်အသွားအပြန် နဲ့ ဟိုတယ်တည်းခိုဖို့တို့အထိ တောင်းဆိုသလို အဆင်မပြေရင်ထွက်ခွာခွင့်ကို ကန့်သတ်တာပါ လုပ်လာတယ် လို့ ပြည်ပထွက်ခွာဖို့ လုပ်နေသူတွေဆီက ကြားရလာပါတယ်။
စစ်ကောင်စီရဲ့ အတွေးဟာ လူငယ်တွေ အများအပြား ပြည်ပကို ထွက်ခွာတာဟာ နိုင်ငံလုပ်အားလျော့ကျတယ်၊ပြည်ပကို လုပ်သားယိုစီးတယ်၊စစ်မှုထမ်း ဆင့်ခေါ်ရဖို့ မရနိုင်မှာကို စိုးရိမ်ချက်နဲ့ ပြုလုပ်နေတာ လို့ ယူဆရနိုင်တယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ လူငယ်လုပ်သားအင်အား အင်မတန်ပေါကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ (၆၂)ရာခိုင်နှုန်းလောက်ဟာ အလုပ်လုပ်နိုင်ကြတဲ့ သူတွေပါ။
နိုင်ငံလူဦးရေရဲ့ (၄၆.၆)ရာခိုင်နှုန်းဟာ အသက်(၁၅)နှစ်ကနေ (၄၄)နှစ်ကြား လူငယ်တွေ ဖြစ်ပါတယ်။
သန်းဆယ်ချီ ရှိနေတဲ့ လူငယ်တွေ ရှိနေပေမယ့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ မရရှိနေပါဘူး။ ယခင်အစိုးရခေတ်မှာ ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းဟာ နှစ်စဉ် သန်းနဲ့ချီ ဖန်တီးပေးနိုင်ခဲ့တာပါ။
၂၀၁၉ ခုနှစ်အထိ လစဉ် ပြည်တွင်းအလုပ်အကိုင်ပေါင်း(၃)သောင်းအထက် ဖန်တီးပေးနိုင်ခဲ့တာတောင် အလုပ်လိုအပ်ချက် စံချိန်တင်မြင့်မားနေဆဲပါ။
နှစ်စဉ် သိန်းချီထွက်ရှိလာတဲ့ ဘွဲ့ရလူငယ်တွေကိုတောင် အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ ဝေဖန်မှုတွေ ရှိခဲ့သော်လည်း လစဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တွေ၊ ထပ်တိုးတဲ့ လုပ်ငန်းတွေ၊ ပြည်တွင်းကုမ္ပဏီတွေ အလုပ်အကိုင်တိုးချဲ့တာ၊ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူငယ်တွေ ထိုက်သင့်တဲ့ ဝင်ငွေ၊အလုပ်အကိုင် ရရှိကြတယ်။
ဒါတောင် အသက်(၁၅)နှစ်နဲ့ အထက် လူဦးရေ ရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းသည် (၂.၇)ရာခိုင်နှုန်းတောင် ရှိနေခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊အသစ်ဝင်ရောက် မရင်းနှီးမြှုပ်နှံတာ၊စီးပွားရေးအခွင့်အလမ်းတွေ လျော့ကျတာရယ်ကြောင့် လုပ်ငန်းတွေ မတိုးချဲ့နိုင်တာတွေ၊ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တာကြောင့် အလုပ်လက်မဲ့ဦးရေ အဆမတန်တိုးပွားလာခဲ့တယ်။
ယခင်တုန်းက လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအသစ်တွေကြောင့် လစဉ် အလုပ်အကိုင်(၃)သောင်းကျော်ကို ဖန်တီးပေးထားနိုင်ရာကနေ အကုန် သုည ဖြစ်သွားတာပါ။ လေးနှစ်ကျော်အတွင်းဆိုရင် အလုပ်အကိုင်အသစ်ပေါင်း(၁.၅)သန်းနီးပါး မရလာတော့တဲ့ အခြေအနေပါ။
ရှိနှင့်ပြီးသား လုပ်ငန်းတွေ ရပ်ဆိုင်းတာ၊လုပ်သား လျော့ချတာတွေပါ တွက်ရင် ပြည်တွင်းမှာ အလုပ်အကိုင်လျော့ကျသွားမှုဟာ သန်းချီ ရှိလာနိုင်တယ်။
၂၀၁၇ မြန်မာလူနေမှုစစ်တမ်းအရ လူဦးရေရဲ့ (၄)ပုံ (၁)ပုံဟာ ဆင်းရဲမွဲတေနေတယ် လို့ဆိုတယ်။ ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံ လူဦးရေ(၃)ပုံ (၂)ပုံဟာ ဆင်းရဲမွဲတေတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တာ။
လူတွေ ပိုပြီး ဆင်းရဲလာတာ၊အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ မရရှိတာ၊ ဝင်ငွေနဲ့ ထွက်ငွေ မမျှတပဲ ငွေကြေးဖောင်းပွတာ၊အခြေခံလုပ်အားခက တစ်ရက်(၆၈၀၀)ထိသာ တိုးမြင့်ပေးထားပြီး ကုန်ဈေးနှုန်းကြီးမြင့်တာတွေကြောင့်သာ လူငယ်အများစုဟာ ပြည်ပထွက်ခွာဖို့ ကြိုးစားလာကြတာပါ။
နိုင်ငံမတည်ငြိမ်ပဲ မလုံခြုံတော့တာ၊စစ်ဖြစ်ပွားရာ နယ်မြေကြီးထွားလာပြီး တခြားကို ရှောင်တိမ်းရ များလာတာ၊စစ်မှုထမ်းရမယ့်ကိစ္စတွေဟာ လူငယ်တွေကို ပြည်ပထွက်စေဖို့ တွန်းအားဖြစ်စေခဲ့တာပါ။
ဒါကြောင့်လည်း လူငယ်တွေဟာ ပြည်ပကို ထွက်ခွာအလုပ်လုပ်ခွင့် ရဖို့ ပိုပြီးကြိုးစားလာကြရာမှာ စစ်ကောင်စီက ကန့်သတ်လာဖို့ ကြိုးစားနေတာ ပိုပြီးမြင်တွေ့လာရပါတယ်။
ပြည်တွင်းမှာ လုပ်သားရှားပါးလာနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ဟာ မှန်ကန်မှု ရှိမနေသလို လူငယ်တွေအတွက် သင့်တော်တဲ့ ဝင်ငွေရလမ်းနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကို ရှိမနေတာပါ။
လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ လူငယ်အင်အားစုတွေ အများကြီး ပါဝင်နေပေမယ့် တကယ်တမ်းကျတော့ ဝင်ငွေနည်းပါးပြီး ဘေးအန္တရာယ်အကာအကွယ်နည်းပါးတာ၊ပင်ပန်းဆင်းရဲပြီး ရသမျှနဲ့ တွက်ခြေမကိုက်တာကိုပါ တွေ့ရပါမယ်။
လက်ရှိ မြန်မာတွေ ပြည်ပထွက်အလုပ်လုပ်ရာမှာလည်း စိုက်ပျိုးရေး နဲ့ မွေးမြူရေးကဏ္ဍတွေ ပါဝင်နေပါတယ်။
ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍမှာ တလဝင်ငွေ ကျပ်(၂)သိန်းလောက်သာ ရချိန်မှာ ပြည်ပ စိုက်ပျိုးရေးကဏ္ဍမှာ ဝင်လုပ်နေသူတွေ တစ်လကို အနည်းဆုံး ကျပ်(၁၀)သိန်းအထက် ရရှိနေကြတာပါ။
ဆိုတော့ ပြည်ပကို ရသလို ထွက်ပြီး (၅)နှစ်လောက် အလုပ်လုပ်နိုင်ရင် ပြည်တွင်းမှာ အဆင်ပြေပြေ သက်သောင့်သက်သာ နေနိုင်တဲ့ ဘဝမျိုး ရနိုင်တာကြောင့် ပြည်ပကို ထွက်လုပ်နေကြတာ ဖြစ်တယ်။
ဒါကို စစ်ကောင်စီအုပ်စုက ဆင်းရဲပြီး ဝင်ငွေနှိမ့်ကျတဲ့ ပြည်တွင်းမှာပဲ လူငယ်တွေ ဆက်နေစေပြီး စစ်မှုထမ်းတဲ့ ကိစ္စကို အသက်သွင်းနေမှုဟာ ပိုပြီးဆိုးဝါးလာစေမယ့် အခြေအနေပါ။ အလုပ်အကိုင်မရှိ၊ဝင်ငွေမရှိပဲ ပြည်တွင်းမှာပဲ အတင်းနေခိုင်းရင် နိုင်ငံစီးပွားရေးကိုပါ ယိမ်းယိုင်လာစေမှာပါ။
လက်ရှိ စီးပွားရေးကျဆင်းမှုအရှိန်ဟာ တဖြေးဖြေးမြန်ဆန်လာနေပြီး ကုန်စည်ပြတ်တောက်တာ၊စားဆီ၊စက်သုံးဆီ ပြတ်တောက်တာ၊နိုင်ငံခြားဝင်ငွေ လျော့ကျတာ ပိုတွေ့လာနေရပါတယ်။
တကယ်တမ်းဆို ပြည်ပထွက် အလုပ်လုပ်တဲ့ (၇၀)ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကို တရားဝင်ဖြစ်စေ၊တရားမဝင်ဖြစ်စေ ငွေပြန်လွဲနေကြပြီး လက်ရှိ မြန်မာ့စီးပွားရေးကို ရနိုင်သမျှ တောင့်ခံပေးထားတဲ့ ကဏ္ဍမှာ ပါဝင်နေတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံ၊မလေးရှား၊စင်္ကာပူ၊တရုတ်တို့လို နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ငွေပြန်လွဲနေကြပြီး ဒီက ရတဲ့ နိုင်ငံခြားငွေကို ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင်တွေက ပြည်ပကနေ ကုန်စည်ဝယ်ဖို့ ပြန်မှီခိုနေရတယ်။
ပြည်တွင်းမိသားစုတွေကလည်း ပြည်ပက ပို့လာတဲ့ ငွေကြေးနဲ့ စားဝတ်နေရေးကိစ္စကို ဖြေရှင်းနေရတာမို့ ပြည်ပကနေ ပြန်ပို့ငွေဟာ အထူးအရေးကြီးတဲ့ ကိစ္စမှာ ရှိနေတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း မလာ၊ပြည်ပ ပို့ကုန်တင်ပို့မှုကလည်း လျော့ကျ၊ နိုင်ငံခြားငွေသုံးစွဲမှုကလည်း စံချိန်တင်မြင့်မားနေတဲ့ ဒီနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုကို တက်အားသမျှ ထိန်းပေးနေတာ ပြည်ပထွက် အလုပ်လုပ်သူတွေကြောင့်ပါ။
ပြည်တွင်းမှာ အလုပ်လုပ်နေသူတွေရဲ့ မိသားစု ငွေကြေးသုံးစွဲနိုင်မှုနဲ့ ပြည်ပထွက်လုပ်နေသူတွေရဲ့ မိသားစု ငွေကြေးသုံးစွဲနိုင်မှုကို ယှဉ်ကြည့်ရင် အဆမတန်ကွာဟနေတာ တွေ့နိုင်သလို နိုင်ငံငွေကြေးလည်ပတ်မှုမှာလည်း ပါဝင်သက်ရောက်မှု မြင့်မားနေတာပါ။
သို့သော်လည်း စစ်ကောင်စီဟာ သူတို့အတွက် အကျိုးဖြစ်နေစေတဲ့ ပြည်ပထွက်အလုပ်လုပ်မှုကို ကန့်သတ်တားဆီးနေမှုဟာ ငွေကြေးစီးဆင်းမှုအပေါ်မှာပါ ကြီးကြီးမားမားအကျိုးရှိနေစေတာကို ဖြတ်တောက်ဖို့ ပြင်နေတယ်။
လက်ရှိ အခြေအနေတိုင်းဆိုရင် ပြည်တွင်းမှာ နိုင်ငံခြားဝင်ငွေရလမ်းကလည်း လျော့ကျလာ၊ကုန်ဈေးနှုန်းတွေက အဆမတန်ကြီးမြင့်လာ၊ဝင်ငွေရလမ်း လျော့နည်းလာပြီး အလုပ်လက်မဲ့ များပြားလာ၊ငွေကြေးဖောင်းပွမှု မြင့်ပြီး စီးပွားရေးကျဆင်းလာမှုဒါဏ်ကို ဆက်ခံစားနေရအုန်းမယ့် သဘောပါ။
ပြည်ပထွက် အလုပ်လုပ်နေသူတွေရဲ့ နှစ်စဉ် ပြည်တွင်းကို ငွေပြန်လွဲမှု နှုန်းဟာ ၂၀၁၉ ခုနှစ် ကာလတွေမှာတောင် အမေရိကန်ဒေါ်လာ ဘီလီယံချီ ရှိနေခဲ့တာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာသူတွေ များပြားလာခဲ့ရာမှာ ဝင်ငွေရလမ်းကောင်းမွန်တဲ့ ပညာရှင်တွေပါ ပါဝင်နေတာမို့ ပြည်ပကနေ ငွေပြန်လွဲမှုဟာ ပိုတိုးမြင့်လာဖွယ် ရှိနေတယ်။
စစ်ကောင်စီဟာ ပြည်ပကနေ ငွေပြန်လွဲသူတွေရဲ့ နိုင်ငံခြားငွေကြေးကိုလည် လိုချင်တယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ အာဘော်ဖြစ်တဲ့ လုပ်သားရှားပါးလာမယ် ဆိုတဲ့ အကြောင်းပြချက်ကိုလည်း တားဆီးပေးချင်တယ် ဖြစ်နေမှု “ဖွက်မရ ဓါးမဆုံး” အဖြစ်ရောက်လာတော့မှာပါ။
နိုင်ငံလူဦးရေ(၄၂)သန်းကျော်ဟာ ဆင်းရဲမွဲတေစာရင်းထဲ ဝင်နေပြီး လင်က စက်သုံးဆီ ရဖို့ တန်းစီ၊မယားက စားဖို့ စားသုံး ဆီ ရဖို့ တန်းစီ အခြေအနေမျိုးကို ကျရောက်လာနေပြီ ဖြစ်တယ်။ ဒီလိုကာလမှာ အလုပ်အကိုင် နဲ့ ဝင်ငွေ ရလမ်း တိုးတက်ကောင်းမွန်ဖို့ အာဏသိမ်းပြီး(၄)နှစ်ကျော်အတွင်း ဖန်တီးနိုင်ခဲ့တာ တခု မရှိပါဘူး။
ပြည်တွင်းလုပ်ငန်းအများစုဟာ ဆက်တိုးချဲ့ဖို့ နေနေသာ ရှိနေတဲ့ လုပ်ငန်းလေး မပျက်ယွင်းအောင် ဟန်မပျက် မှေးထိန်းနေကြရတာမို့ နောက်ထပ်အလုပ်အကိုင်အခွင့်အလမ်းသစ် မပေးနိုင်တော့ဘူး။
အထည်ချုပ်တို့လို စက်ရုံ၊အလုပ်ရုံတွေသာ ကျွမ်းကျင်လုပ်သားတွေကို ဆုံးရှုံးမှာ ကြောက်ပြီး ပြည်ပကို လုပ်သားယိုစီးနေပြီ ဆိုတဲ့ အကြောင်းပြချက်ကို ညွန်ဆိုနေကြတာပါ။
မြန်မာနိုင်ငံမှာ ပညာရှင် တွေသာမက တကယ့် ကိုယ်ကာယလုပ်သားတွေတောင် အလုပ်မဖန်တီးပေးနိုင်၊စားဝတ်နေရေးဖူလုံအောင် မဖန်တီးနိုင်တဲ့ အခြေအနေမျိုးမှာ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို တားဆီးပိတ်ပင်တာဟာ လက်ရှိအခြေအနေကို ပိုပြီး ဆိုးဝါးစေတာပဲ ဖြစ်လာစေမှာပါ။
လက်ရှိ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေတဲ့ ကဏ္ဍထဲမှာ ပြည်ပထွက်အလုပ်လုပ်နေသူတွေရဲ့ ပြန်လွဲငွေလည်း အရေးပါတဲ့ နေရာ မှာ ရှိနေတယ်။
ဒါကို တိုးပွားစေမယ့်အစား ပိတ်ပင်တားဆီးကန့်သတ်တာတွေ လုပ်နေမှု နိုင်ငံခြားငွေကြေးလိုအပ်ချက်မြင့်နေတဲ့ နိုင်ငံကို အကျိုးထိခိုက်လာစေမှာ ဖြစ်တယ်။
ပြည်တွင်းမှာလည်း ပြည်ပထွက်လုပ်နေသူတွေရဲ့ ဝင်ငွေလောက် ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်း မရှိတာ၊ နောက်ထပ် လုပ်ငန်းသစ်တွေ မရှိတာ၊ ပို့ကုန်တင်ပို့မှု လျော့ကျလာပြီး အစစအရာရာ ဈေးကြီးမြင့်လာမှု နဲ့ အလုပ်လက်မဲ့ဦးရေ အဆမတန် မြင့်မားလာမှုက နိုင်ငံစီးပွားရေးကို ထပ်မံဆွဲချသွားဖို့ အကြောင်းပြချက်တွေပါ။
ပြည်တွင်းက လုပ်အားတွေ ပြည်ပကို မယိုစီးစေချင်ရင် အလုပ်အကိုင်ပေါများအောင် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။
သင့်တော်တဲ့ လစာ ဝင်ငွေနဲ့ လက်ရှိကုန်ဈေးနှုန်းကို ယှဉ်နိုင်တဲ့ အခြေအနေရှိရမယ်၊ စီးပွားရေးတိုးတက်ဖို့ အခြေခံအဆောက်အဦးတွေ တိုးတက်ပြီး စီးပွားရေးအခွင့်အလမ်းတွေ တန်းတူအခွင့်အရေးရှိရမယ်၊ နိုင်ငံတဝှမ်းတည်ငြိမ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ရှိရပါမယ်။ပြည်သူတွေ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး သင့်တော်တဲ့ နေရာမှာ ပညာရှင်တွေ နေရာမှန် လူမှန်ရှိနေဖို့ကလည်း အရေးကြီးတဲ့ အချက်ပါ။
ဒီလို အချက်တွေ ရှိမနေဘူးဆိုရင်တဖြေးဖြေး စီးပွားရေးကျဆင်းမှုကို ဆက်မြင်တွေ့နေရမှာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ အရင်က လက်ကျန်လေးကို စားသုံးနေထိုင်နေရတဲ့ အထည်ကြီးပျက် မိသားစု နဲ့ ဆင်နေပါတယ်။ရှိနေတာလေးကို တခုပြီး တခု ထုခွဲရောင်းချနေရင် တဖြေးဖြေး ရေတိမ်နစ်လာနေတဲ့ သဘောပါ။
အာဏာမသိမ်းမှီကာလက လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး နဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေကြောင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဆက်တောင့်ခံနေပေမယ့် ၂၀၂၄ ခုနှစ်မှာ စီးပွားရေးဟာ ယိမ်းယိုင်နေတဲ့ အခြေအနေဖြစ်နေပါပြီ။
ဒါအပြင် စစ်ကောင်စီဟာ နိုင်ငံစီးပွားရေးဒေါက်တိုင်တခု ဖြစ်နေတဲ့ ပြည်ပအလုပ်လုပ်ဖို့ ထွက်ခွာမှုကို ပိတ်ပင်တားဆီးနေတာ လုပ်နေပြန်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လကနေ စတင်ခဲ့တဲ့ ဒီလို တားဆီးမှုဟာ ဩဂုတ်လမှာတော့ သိသာထင်းရှားတဲ့ အကြောင်းအရာ ဖြစ်နေပြီး အကျိုးဆက်ကို စပြီး ခံစားလာတော့မှာပါ။
ပြည်တွင်းမှာလည်း သင့်တော်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေ မဖန်တီးပေးနိုင်၊ပြည်ပကိုလည်း အလုပ်လုပ်ဖို့နဲ့ ဝင်ငွေရရှိစေဖို့ ထွက်ခွာခွင့်မပေးတဲ့ အခြေအနေဟာ ကိုယ့်ကိုကိုယ် သင်းပြန်ကွပ်နေတဲ့ သဘော ဖြစ်နေပါတယ်။
ဒီအကျိုးဆက်ကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်း သိသာစွာ ခံစားကြရဖို့ ရှိနေပြီး ပြည်ပသွင်းကုန်ကိုသာ မှီခိုနေရကာ စစ်အတွက် ငွေကြေးအမြောက်အမြားအသုံးပြုနေတဲ့ နိုင်ငံမှာ ငွေကြေးလည်ပတ်မှုကဏ္ဍကို ထိခိုက်လာစေတော့မယ် လို့ ဆိုရပါတော့မယ်။