သက်ငယ်မုဒိမ်းမှုနဲ့ ဧဝံဂေလိတရားဟောဆရာတစ်ယောက်ကို ဖမ်းဆီး အမှုဖွင့်
အသက် (၁၃) နှစ်အောက် ကလေးငယ် နှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် နယ်မြေ (၉)တွင်နေထိုင်တဲ့ ဦးဆွမ်ဇမုန် (၄၅ နှစ်)ကို ကလေးမြို့ရဲတပ်ဖွဲ့က ဇွန်လ (၁၅)ရက်ညမှာဖမ်းဆီးသွားပါတယ်။
ဧဝံဂေလိတရားဟောဆရာ ဦးဆွမ်ဇမုန်ဟာ အိမ်ထောင်ရှိသူဖြစ်ပြီး ၎င်းရဲ့သားသမီးတွေလည်း အရွယ်ရောက်နေကြပါပြီ။
အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး ကြို့သုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်ဇကျင်က “ဇွန်လ ၁၄ ရက်မှာ တောင်ဖီလာဆုတောင်းဆောင်သို့ မ….(၁၃ နှစ်)ကိုခေါ်ပြီး ဆုတောင်းခန်းထဲမှာ အဓမ္မပြုကျင့်ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်မှာ အကြီးမကိုထပ်ခေါ်ပေမယ့် မလိုက်ချင်တော့လို့ပုန်းလိုက်တယ်။ ဒါကြောင့် သူ့ညီမ မ…(၁၁)နှစ်ကိုဆုတောင်းဆောင်ခေါ်ပြီးထုံးစံအတိုင်းသူ့အမလိုပြုကျင့်တာပေါ့။ အငယ်မလေးက သူ့အဒေါ်တို့အိမ်ကိုသွားလည်တော့ သူ့နေပုံထိုင်ပုံမမှန်ဘူးဆိုတာသတိထားမိတော့ မသင်္ကာလို့မေးကြတော့ အကုန်လုံးပြောပြတယ်။ သူ့အဒေါ်က စိတ်မကောင်းလို့ ကျနော့်ဆီလာပြောတော့ ဒါက သက်ငယ်မုဒိမ်းမှု၊ ဒါကြောင့် ရဲကိုသွားပြောပါဆိုပြီလွတ်လိုက်တယ်။ အဲ့ဒီ ၁၅ ရက် ည ၁၀ နာရီမှာ ဦးဆွမ်ဇမုန်ကို သူတို့အိမ်မှာရဲတွေနဲ့သွားဖမ်းလိုက်တယ်။ သူတို့တောင်အိပ်နေပြီ။ ဘာဖြစ်လို့ ကောင်မလေး နှစ်ယောက်ကို ဆုတောင်းပေးတာလည်းဆိုရင် သူတို့အမေဖက်က အဖွား ၂ ယောက်က ဘုရားတရားဘက်မှာ တဖက်ကမ်းလွန်တာပေါ့။ ကျန်းမာရေးက ချူချာကြတော့ သူတို့ထဲမှာ နတ်ဆိုးရှိတယ်။ ဆုတောင်းမှသက်သာမယ်ဆိုပြီး သူတို့အဖွားနှစ်ယောက်က သွားခိုင်းတာ။ ဦးဆွမ်ဇမုန်ကို လူတော်တော်များများကသိကြတယ်။ သူကလူကောင်းပေါ့။ ဒီလိုဖြစ်စဉ်ကြားရတော့ တချို့လူတွေအံ့သြကြတယ်” လို့ပြောပါတယ်။
ဒါကြောင့် ဦးှဆွမ်ဇမုန်ကို ဇွန်လ (၁၆)ရက်နေ့တွင် ကလေးခရိုင်တရားရုံး၌ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုကြပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်တွင်လည်း ခရိုင်တရားရုံးက ကလေးမြို့နယ် လက်ပံချောင်းကျေးရွာရှိ ဧဝံဂေလိဆရာတော်တစ်ပါးကို သက်ငယ် နှစ်ယောက်ကိုအဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၄၃ နှစ်ချမှတ်ထားပါတယ်။