အဂတိလိုက်စားမှုကပ်ဆိုးနှင့် နိုင်ငံတော် ဘတ်ဂျက်

 

Transparency International အဖွဲ့ရဲ့မြေပုံအရ ကမ္ဘာတွင်မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုမှာ ဒုတိယအဆိုးရွားဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

 

Transparency International အဖွဲ့ရဲစာရင်းအရ နိုင်ငံပေါင်း (၁၈၀)ထဲမှာ အဂတိလိုက်စားတဲ့ နံပါတ်စဉ်အရ (၁၃၂)မှာရှိနေပါတယ်။

 

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုအဆိုးရွားဆုံးနိုင်ငံ (၃)နိုင်ငံမှာ သုံးနှစ်လုံးလုံးရရှိထားပါတယ်။ (Photo: Chinbridge Institute)

 

 

 

(Unicode)

အဂတိလိုက်စားမှုကပ်ဆိုးနှင့်နိုင်ငံတော် ဘတ်ဂျက်
ဆလိုင်းဘွေး ( ချင်းမိုင်)

အဂတိလိုက်စားမှုမှာ လူမှုအသိုင်းအဝန်းအကြား လူကျင့်ဝတ်ကို ဖျက်ဆီးသည့် အတွင်းလှိုက်စား ကပ်ရောဂါဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကဆိုခဲ့ဖူးပါသည်။

အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း ဒေသတိုင်း နယ်ပယ်တိုင်းတွင်တွေ့ရတတ်ပြီး ၎င်းတို့၏အကျိုးဆက်ကြောင့် အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ အစာခေါင်းပါးမှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု အစရှိသဖြင့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဂတိလိုက်စားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။ အခြေခံအကြောင်းအရင်းမှာ ယင်းနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို အများအပြားသုံးစွဲကြရာ မူလရည်ရွယ်ထားသည့် အကြောင်းများမှ လမ်းလွှဲသွားခြင်း၊ အာဏာသုံးပြီး မညီမျှသော ဘဏ္ဍာခွဲဝေသုံးစွဲမှုများနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများကြောင့်ဟုဆိုရပေမည်။ အထူးသဖြင့် အဂတိလိုက်စားမှုဆိုရာ ဥပဒေများ အကြောင်းကို လူထု၊ အစိုးရ နှင့်နိုင်ငံရေးပါတီများက အသေးစိတ်နားလည်မှု မှာ အဓိက အကြောင်းအရာဖြစ်သည်။ ထိုအားနည်းများကြောင့် အဂတိလိုက်စားမှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တွေ့နိုင်ပါသည်။ အာဏာရှင် အုပ်စိုးသော တိုင်းပြည်နှင့် ဒီမိုကရေစီနုနယ်သေးသော တိုင်းပြည်များတွင် အဆိုးရွားဆုံးတွေ့မြင်နိုင်ပါသည်။

ထိုနည်းတူ ဒီမိုကရေစီအကူးအပြောင်းကာလတွင်း အဂတိလိုက်စားမှုအကြောင်းမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ပြဿနာဖြစ်လာသည်။ အထူးသဖြင့် အဂတိလိုက်စားမှုမှာ ခေတ်သစ်ယဉ်ကျေးမှု ပုံစံအဖြစ် ပြောင်းလဲလာရာ ပြဿနာဟုမမြင်တော့ပဲ လူ့ကျင့်ဝတ်အဖြစ် ရှုမြင်မှုမှာ အဆိုးရွားဆုံးရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် အရပ်ဖက်နှင့် အုပ်ချုပ်ရေး ယန္တရားနှင့်ဆက်စပ်သော ပင်မလုပ်ငန်းများတွင် အဖြစ်များသည်ဟုဆိုနိုင်ပါသည်။ လုပ်ငန်းလုပ်ပိုင်ခွင့် ကြီးလေ လာဘ်ပေးလာဘ်ယူမှု ကြီးမားလေဖြစ်သည်။ လုပ်ငန်းသေးသည့်တိုင်အောင် လက်ဖက်ရည်ဖိုး၊ မိတ်ဆွေ ဘော်ဒါကြေးအဖြစ် တရားဝင် ပေးကမ်းကြသည်ကို တွေ့မြင်နိုင်ပါသည်။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်း၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည်ကို သတိပြုမိပေလိမ့်မည်။ ထို့ကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုဆိုင်ရာ အခြေခံသဘောတရားအကျဉ်းကို နားလည်းရလွယ်အောင် တင်ပြလိုပါသည်။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှုအမျိုးအစားများစွာရှိနေသော်လည်း ချင်းပြည်နယ်၏ အဂတိလိုက်စားမှုကို မီးမောင်းထိုးချိန်နိုင်မည့် ဥပမာတစ်ရပ်အဖြစ် တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုနှင့် အကျိုးဆက်များကို လေ့လာသိရှိနိုင်ရန်လိုအပ်ပါသည်။

ယေဘုယျအားဖြင့် အဂတိလိုက်စားမှုကို အရပ်ခေါ် လာဘ်စားမှုအဖြစ်နားလည်ကြသည်။ ထိုစကားရပ်မှာ အသေးစိတ်လေ့လာရန် ခက်ခဲပြီး တခါတရံ မှားယွင်းသော စွပ်စွဲမှုအဖြစ် ပြောင်းသွားနိုင်သည်။ သို့သော်လည်း ယင်းစွပ်စွဲမှုများကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီတွင် မှတ်တမ်းတင်ထားပြီး အသေးစိတ် ပြန်လည်သုံးသပ်ရန်လို အပ်ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ ထို့ပြင် အဂတိလိုက်စားမှုကို လူတိုင်းနားလည်ရလွယ်ကူရန် သို့မဟုတ် စစ်ဆေးရန် ခက်ခဲနေသေးသည်။ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင်လည်း အဂတိလိုက်စားမှုအကြောင်း၊ အမျိုးအစားကို တိတိကျကျ မဖေါ်ပြထားသည်ကတစ်ကြောင်း စွပ်စွဲခံရသူ၏ မူလပိုင်ဆိုင်မှုအခြေအနေကို မှတ်တမ်းတင်ထားခြင်း မရှိခြင်းကြောင့် နောက်ကြောင်းအဖြေရှာရန် ခက်ခဲသည်ကို တွေ့ရမည်။ အထူးသဖြင့် ဥပဒေအရ နစ်နာသူမှ တိုင်ကြားမှသာလျှင် အရေးယူဆောင်ရွက်ခြင်းသည် တိုင်ကြားသူမရှိလျှင် အမှုမရှိသကဲ့သို့ဖြစ်လာပြီး အမှုအမှန်များစွာ ပျောက်ကွယ်သွားနိုင်သည်။ ဥပမာ-ချင်းပြည်နယ်အတွင်းတွင် တရားမျှတမှုမရှိလျှင်လူတစ်ဦး နစ်နာခြင်းထက် အများနစ်နာသည်ကို သတိပြုရမည်။ အရည်အသွေး စံချိန်မမှီသော စီမံကိန်းများ၊ လုပ်ငန်း ပြီးစီးမှုမရှိပဲ တဝက်တပျက်လုပ်ဆောင်ကာ နိုင်ငံတော် ဘဏ္ဍာဖြုန်းတီးမှုများသည် အဂတိလိုက်စားမှုများဖြစ် လာစေရန်တွန်းအားဖြစ်စေသည်။ ထို့ကြောင့် မည်သည့်လုပ်ငန်းအခြေအနေများကို အရပ်ဖက်အဖွဲ့အစည်းများ က လေ့လာရမည်။ သုံးသပ်ရမည်။ အရည်အသွေးကို မှတ်သားပြီး သက်ဆိုင်ရာသို့တိုင်ကြားနိုင်ပါသည်။

အဂတိလိုက်စားမှုသည် နေရာမရွေး အချိန်အခါမရွေး ဒေသမရွေး လူမရွေးဖြစ်ပေါ်နေတတ်သည်။ အဂတိလိုက်စားမှုကို ကျူးလွန်သူကိုယ်တိုင်ပင် ကျူးလွန်မှန်းကို မသိရှိမှုများလည်း ရှိနေတတ်ပြီး လူထုအနေဖြင့်လည်း အဂတိလိုက်စားမှုကို ကောလဟာလ သတင်းအရသော်လည်းကောင်း တစ်ဦးတစ်ယောက်၏ တိုင်ကြားမှုအရ သော်လည်းကောင်း ကြားရလေ့ရှိသည်။ ပွင့်လင်းမြင်သာမှု အားနည်းခြင်းများကြောင့်ဖြစ်သည်ဟု ကောက်ချက်ချရမည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျတ်ရေး ဥပဒေတွင် အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှု ၊ တံစိုးလက်ဆောင်ဟူ၍ ဖေါ်ပြထားပါသည်။ တံစိုးလက်ဆောင် ဆိုသည်မှာ လာဘ်ပေးလာဘ်ယူမှု အလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့် တန်းဖိုး မပေးပဲ လက်ခံခြင်း၊ သို့မဟုတ် ပေးခြင်းပြုလုပ်သော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့်တရားမဝင်သော အခြားအကျိုးခံစားခွင့်များလည်းပါဝင်သည်။ ဧည့်ခံကျွေးမွေးခြင်းသည် ချင်းတို့ထုံးတမ်း ဓလေ့အရရိုးရာဟု သတ်မှတ်လာနိုင်သော်လည်း ရိုးရာအရသာဂုဏ်ပြုနိုင်ပြီးမျှော်လင့်ချက် တစ်ခုခုကြောင့် ထိုသို့သော ပွဲများပြု လုပ်လာပါက အဂတိလိုက်စားမှု ဖြစ်လာနိုင်သည်။ ထိုပွဲကို လက်ခံသောသူမှလည်း တစ်ခုခုပြန်လည် ပေးရမည်ဟု တာဝန်အဖြစ် မှတ်ယူလာရပြီး အဂတိလိုက်စားမှုဖက်ကို ပိုပြီးဦးတည်လာသည်။ နောက်ဆက်တွဲ အဖြစ် နိုင်ငံရေး အရ အဂတိလိုက်စားမှုဖြစ်လာလေ့ရှိသည်။ ဥပမာအဖြစ် ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရိယာ အာရိုယိုနှင့် တောင်ကိုးရီးယားသမ္မတဟောင်း ပတ်ချွန်ဟေးတို တို့ဖြစ်ပါသည်။

အကြမ်းဖြင့်အားဖြင့် အဂတိလိုက်စားမှုကို အခကြေးအဖြစ် ငွေကြေးသို့မဟုတ် ဆုလာဘ်တစ်ခုခု အနည်းငယ်ရယူမှု ၊ စီးပွားရေးအရ အကျိုးရယူမှု၊ တရားရေးရာတွင် အဂတိလိုက်စားမှု၊ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှ ပုံစံများကို အများဆုံးတွေ့ရမည်ဖြစ်သည်။ ငွေကြေးအနည်းငယ်ရယူမှုများကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် အများဆုံးတွေ့ရှိရပြီး လက်ဖက်ရည်ဖိုးမှ အစ တဖြည်းဖြည်းများလာပြီး အဂတိလိုက်စားမှုကြီးထွားလာသည်။ ဥပမာ – မိမိတစ်ဦးချင်း သို့မဟုတ် ရွာ၏ လိုအပ်ချက်များကို တောင်းဆိုရန်အတွက် အဖိုးအခပေးခြင်း၊ ဝက်သတ်ပေးခြင်း၊ နွားနောက်သတ်ပေးခြင်းများလည်း ပါဝင်သည်။ ဆိုလိုသည်မှာ မိမိတစ်ဦးချင်း သို့မဟုတ် ရပ်ရွာအတွက် တစ်စုံတစ်ခုမျော့်လင့်ပြီး ပေးဆပ်သည်ဟု ယူဆလျှင် အဂတိ လိုက်စားမှုမြောက်လာနိုင်သည်။ မြန်မာနိုင်ငံတွင် ကျပ်ငွေ သုံးသိန်းသည် အဂတိလိုက်စားမှုမမြောက် သော်လည်း သုံးသိန်းကျော်လာလျှင် အဂတိလိုက်စားမှုဖက်သို့ ဦးတည်သွားသည်။

စီးပွားရေးအရ အဂတိလိုက်စားမှုကို နိုင်ငံတိုင်းတွင် နှစ်မျိုးတွေ့ရလေ့ရှိသည်။ ပထမအချက်အနေဖြင့် မိမိ၏ စီးပွားရေးအဖြစ်တိုက်ရိုက်ခံစားခွင့်ရှိရန် လုပ်ဆောင်ခြင်း နှင့် ဒုတိယအချက်အဖြစ် အကျိုးတူ ပူပေါင်းပါဝင်ပြီး အကျိုးအမြတ်ကို သွယ်ဝိုက်ရယုူနည်းဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့် ရှိသူက မိမိ၏ အခွင့်အာဏာကို အသုံးချခြင်းဟုဆိုနိုင်ပါသည်။ ဥပမာ – အဆောက်အဦးဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်ကို ချမှတ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်မှ မိမိသို့မဟုတ် မိမိတို့၏ ဆွေမျိုးများ ပိုင်ဆိုင်သော ကုမ္ပဏီရှိပါက ထိုလုပ်ငန်းကုမ္ပဏီကို သာ လုပ်ငန်းလုပ်ကိုင်ခွင့် သတ်မှတ်ပေးခြင်းဖြင့် မိမိအတွက် တိုက်ရိုက်အကျိုးခံစားခွင့်ကို လုပ်ဆောင်နိုင်သည်။ သို့တည်းမဟုတ် မိမိရှယ်ယာထည့်ဝင်ထားသော လုပ်ငန်းကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားပါကလည်း သွယ်ဝိုက်အားဖြင့် မိမိတို့အတွက် အကျိုးခံစားခွင့်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ တင်ဒါအောင်မြင်သော ကုမ္ပဏီများစာရင်းကို တိတိကျကျ လေ့လာနိုင်ပြီး ၎င်းတို့နှင့် ဆက်စပ်နေသော ဌာနဆိုင်ရာပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေးရာထူး ရှိသူများနှင့် ယင်းတို့၏ မျိုးရိုးတော်စပ်ပုံများကို လေ့လာခြင်းဖြင့် အဂတိလိုက်စားမှုကို အကြမ်းဖြင့် တွက်ချက်နိုင်သည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ အဂတိလိုက်စားမှုတွင် ခြေရာခံသည့် ပင်မလမ်းကြောင်းမှာ တင်ဒါအောင်မြင်သည့် သူများနှင့် ဝန်ကြီးချုပ်၏ မျိုးရိုးတော်စပ်ပုံကို သတိပြုကြရာမှတဆင့် ဝန်ကြီးချုပ်၏ အဂတိလိုက်စားမှုကို ဖေါ်ထုတ်နိုင်ခဲ့သည်။

တရားရေးဆိုင်ရာ အဂတိလိုက်စားမှုကို တရားရေးဌာနကို အဓိက ကိုင်တွယ်သော အစိုးရအဖွဲ့အစည်းများတွင် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်မှာ အကြီးမားဆုံးသော စိန်ခေါ်မှုနှင့် ဝေဖန်မှုကို ခံနေရသည်။ လျော့ပေါ့သော ပြစ်ဒဏ်ချမှတ်မှုများသော်လည်းကောင်း၊ လျော့ပေ့ါသော ဥပဒေပုဒ်မများသာ အသုံးပြု ခြင်းများ အဖြစ် သော်လည်းကောင်း ဝေဖန် လေ့ရှိကြသည်။ တရားမျှတမှုခေါင်းပါးလာလျှင် အကြီးမားဆုံးသော တရားရေးဆိုင်ရာ အဂတိလိုက်စားမှု ဖြစ်ပေါ်လေ့ရှိသည်။

နိုင်ငံရေး အဂတိလိုက်စားမှုသည် နိုင်ငံတိုင်းတွင် အကြီးမားဆုံး ကပ်ရောဂါတစ်မျိုးဖြစ်သည်။ ကျူးလွန်သူများပင် မသိလိုက်ရပဲ တိုင်ကြားခံရမှ စစ်ဆေးဖမ်းဆီးခံရလေ့ရှိသည်။ မိမိ၏ လုပ်ငန်းတာဝန်ပြီးဆုံးသည့် ကာလအပြီးတွင် တိုင်ကြားခံရပြီး ကျူးလွန်သူများမှ တစ်ချိန်က သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးဖြစ်နေသော်လည်း ထောင်နန်းစံခဲ့ကြရသည်။ အထူးသဖြင့် ဖိလစ်ပိုင် သမ္မတ ဟောင်း ဂလိရိယာ အာရိုယိုနှင့် ပတ်ချွန်ဟေးတို့မှာ နိုင်ငံရေး အဂတိလိုက်စားမှု ကြောင့် ယနေ့ထိတိုင် ထောင်နန်းစံလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးအရ အဂတိလိုက်စားမှုကို သိရှိထားရန် လိုအပ်လာသည်။ ဆိုလိုသည်မှာ မိမိ၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ ကြီးမားသော ဘတ်ဂျက်များကို တင်ဒါတင်ပြလာမည့် ကုမ္ပဏီများနှင့် ညှိနှိုင်းပြီး မိမိအတွက်သော်လည်းကောင်း၊ ပါတီအတွက်သော်လည်းကောင်း အကျိုးအမြတ်အဖြစ် ညှိနှိုင်းမှုများဖြစ်ပေါ်လေ့ရှိသည်ကို တွေ့နိုင်သည်။ ထိုလုပ်ငန်း၏ အကျိုးမမြတ်ကို ထိန်းချုပ်ထားပြီး မိမိနှင့်ညှိနှိုင်းနိုင်သော ကုမ္ပဏီကိုသာ လုပ်ငန်းချပေးမှုများလည်း ပါဝင်သည်။ ထိုမှတဆင့် အလှူငွေအဖြစ်လည်းကောင်း ပစ္စည်းတစ်ခုခု အဖြစ်လည်းကောင်း ပါတီတစ်ခုခုအတွက် ရန်ပုံငွေထူထောင်ခြင်းများ ပြုလုပ်လာသည်ကို တွေ့နိုင်သည်။ အမှန်စင်စစ် လှူဒါန်းခြင်း မဟုတ်ပဲ လုပ်ငန်းတစ်ခုခု ရရှိလို၍ ပေးကမ်းခြင်းသာ ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေကို မိမိအကျိုး ၊ ပါတီအကျိုးငှာ နိုင်ငံရေး အာဏာအသုံးချပြီး အလွဲသုံးစား လုပ်ဆောင်မှု မြောက်သည်။ ထို့ကြောင့် မည်သည့် တင်ဒါလုပ်ငန်းကိုမဆို အသေးစိပ်လေ့လာ စောင့်ကြည့်ရမည်ဖြစ်သည်။ တခါတရံထိုကဲ့သို့သော အဂတိလိုက်စားမှုမှာ အမှုအမှန်မပေါ်ပဲ ကြာရှည်နေတတ်သည်။ ဥပမာ- တနင်္သာရီတိုင်းဝန်ကြီးချုုပ်၏ အမှုမှာ ကနဦး စွပ်စွဲမှုမှ လက်ရှိအချိန်အထိ နှစ်နှစ်နီးပါကြာမြင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းမှာ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု အဖြစ် တရားရင်ဆိုင်နေရသည်ကို လက်တွေ့သိမြင်နိုင်ပါသည်။ ထို့ကြောင့် လေ့လာသုံးသပ် သူအများစု၏ အကြံပြုချက်မှာ နိုင်ငံတော်၏ မည့်သည့် ဘဏ္ဍာရေးဆိုင်ရာ စီမံကိန်းများကို လွတ်လပ်ပြီး တရားမျှတသော စာရင်းစစ်များမှ စစ်ဆေးသင့်သည်ကို အကြုံပြု ကြသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ မည်သည့် အဂတိလိုက်စားမှုကိုမဆို အပေါ်ယံကြည့်ယုံဖြင့် မသိရှိနိုင်ပဲ ကောလဟာလမှစတင်သည်ကို တွေ့မြင်နိုင်ပါသည်။

ကောလဟလတိုင်းသည် အမှန်မဟုတ်သလို့အမှားလည်းမဟုတ်ပေ။ သို့သော် အဂတိလိုက်စားမှု အရင်းအမြစ်ကို ရှာဖွေရန် ကနဦး အစလည်းဖြစ်တတ်သည်။ ထိုပြင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေးရာထူးရှိသူများ၏ နေထိုင်မှု လုပ်ငန်းကိုင်တွယ်မှု အခြေအနေကို အကြမ်းဖျင်း သုံးသပ်လေ့ရှိကြသည်။ ပြည်နယ်များတွင် အဂတိလိုက်စားမှုများ၏ အခြေခံအကျဆုံး အခြေအနေကို သုံးသပ်နိုင်သူမှာ နှစ်စဉ် အစိုးရ စာရင်းများကို စစ်ပေးနေရသော ပြည်နယ်စာရင်းစစ်ပင်ဖြစ်သည်။ နှစ်အလိုက် နိုင်ငံတော် ဘဏ္ဍာငွေကို သုံးစွဲပုံများကို အနီးကပ်တရားဝင် ကြီးကြပ်ရပြီး မှားယွင်းသော သုံးစွဲမှုများကို အခြားသူများထက် ပိုမိုသိရှိနိုင်သည်။ ထို့ကြောင့် ချင်းပြည်နယ်၏ အဂတိလိုက်စားမှုအခြေအနေကို ပိုမို သိရှိလိုပါက ပြည်နယ် ခရိုင် မြို့နယ် စာရင်းစစ်ဌာနများနှင့်ပုူးပေါင်းဆောင်ရွက်သင့်ပါသည်။

ထို့ကြောင့် ချင်းပြည်နယ်၏ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မည့်သည့်လုပ်ငန်းစီမံကိန်းများကိုမဆို အနီးကပ် စောင့်ကြည့်ရန်လိုအပ်ပြီး လိုအပ်ပါက တရားမျှတမှုရှိအောင် ဆောင်ရွက်နိုင်ပါသည်။ အဂတိလိုက်စားမှုကြောင့်သာနိုင်ငံတော် အကြီးအကဲများ ဖြစ်သည့် သမ္မတများ၊ ဝန်ကြီးများကို ပိုင်ဆိုင်မှု များကို ကြိုတင်ချပြရန် လိုအပ်ကြောင်း ဒီမိုကရေစီနိုင်ငံများ တွင် သတ်မှတ်လေ့ရှိသည်။ အကယ်၍ မပြနိုင်ပါက အဂတိလိုက်စားမှုကိုဖြစ်စေရန် အလွန်လွယ်ကူပြီး အများပြည်သူကလည်း အဂတိလိုက်စားမှုရှိကြောင်းကို အမြဲ ထောက်ပြ လေ့ရှိကြသည်။ ထိုအပြင် မိမိတို့ပြည်နယ် အမှန်တကယ် တိုးတက်စေလိုပါက အဂတိကင်းသော နိုင်ငံရေး၊ အစိုးရတစ်ရပ်ဖြစ်လာရန်တိုက်တွန်းရမည်။ ကူညီမှုရှိရမည်။ အဂတိလိုက်စားမှုများအခြေအနေကို အသေးစိတ်လေ့လာပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို အများပြည်သူနှင့် တိုင်ပင်ဆွေးနွေး တင်ပြသင့်သည်။ အဂတိကင်းစင်သော ပြည်နယ်ဖြစ်ရေး၊ သက်ဆိုင်ရာအစိုးရ၏ ရန်ပုံငွေ တရားမျှတစွာသုံးစွဲရေး၊ အဂတိလိုက်စားသူများကို အရေးယုူရေးများကိုလည်း စဉ်ဆက်မပျက်လေ့လာ သုံးသပ်ပြီး ထိရောက်သော အရေးယူမှုများဆောင်ရွက်ရန်မှာ အရေးကြီးကြောင်း တင်ပြအပ်ပါသည်။

ဆလိုင်းဘွေး( ချင်းမိုင်) ဟာလက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ လူမှုသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့
သင်ယူလေ့လာနေတဲ့သူတစ်ယောက်ဖြစ်ပြီး “ဌာနေတိုင်းရင်းသားဒေသရှိ သဘာဝအ ခြေပြုခရီးသွားလုပ်ငန်း၊ ရင်းနှီးမြုုပ်နှံမှုနှင့် ရေရှည်တည်တံ့သော ဖွံ ြ့ဖိုးရေး” ခေါင်းစဉ်ဖြစ် စာတမ်းပြုစုနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်