ဆလိုင်းလာလ်နွန်အုပ်
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာတွင် အစုအဖွဲ့ပိုင်သစ်တောစတင်တည်ထောင်တဲ့ချိန်ကစပြီး ကျေးရွာ ဥယျာဉ်ခြံတွေတောမီးလောင်မှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အစုအဖွဲ့ပိုင်သစ်တော ဧက ၂၄၀၀ ကျော်ရှိပြီး ယင်းသစ်တောတွေက ဥယျာဉ်ခြံတွေကို ပတ်လည်ကာကွယ်ပေးထားပါတယ်။ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရရှိပါက နှစ် (၃၀) မြေအသုံးချပိုင်ခွင့်ရရှိခြင်း၊ ဒေသခံများကိုယ်တိုင် သစ်တောနဲ့ သစ်တောမြေများကို စီမံအုပ်ချုပ်နိုင်ခြင်း၊ သစ်တော ထွက်ပစ္စည်းများ တရားဝင် အသုံးပြု၊ ရောင်းချနိုင်ခြင်း၊ သားစဉ်မြေးဆက် လွဲပြောင်းပေးနိုင် ပါတယ်။
အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရှိသူတွေကတော့ သစ်တောကို မှီခိုသူ၊ စိတ်ဝင်စားသူ ၊ တိုက်ရိုက်အကျိုးခံစားခွင့် ရသူ၊ သစ်တောများအတွင်း (သို့) ၅ မိုင်ပတ်လည်အတွင်း ၅ နှစ် တစပ်ဆက်တည်း အခြေချနေထိုင်သူတွေဖြစ်ရပါမယ်။
ကော့လှိုင်ကျေးရွာမှာ ကွမ်းနဲ့သံပုရာစိုက်ပျိုးတဲ့ အစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဝင် ကိုကိုဦးက “မီးမလာတော့စိတ်အေးရတာပေါ့။ အားလုံးက နွေရာသီမှာမီးလောင်မှာစိတ်ပူကြတယ်။ မီးလာပြီဆိုရင် အနှစ်နှစ်လုပ်ထားတဲ့ ဥယျာဉ်တွေ ဆုံးရှုံးကုန်တာပေါ့။ ပြီးတော့ ရေကိုလည်းကာကွယ်ပေးတာပေါ့” လို့ပြောပါတယ်။
ကော့လှိုင်ကျေးရွာမှာ အိမ်ခြေ ၉၂ အိမ်ရှိပြီး ရွာသားအားလုံးဟာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ၎င်းတို့ထဲမှာ အစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဝင်က (၄၇)ဦးသာရှိပါတယ်။
အစ်ကိုစစ်တပ်ထွက်တစ်ဦးခေါ်လာတာကြောင့် အညာဒေသကနေ ကော့လှိုင်ရွာကိုရောက်ရှိလာပြီး ပရိဘောဂလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဒေါ်ယဉ်ယဉ်နုက “လောလောဆယ်ကတော့ အဖွဲ့အစည်းတွက်တော့ အကျိုးကျေးဇူးမရှိသေးဘူး။ ဒါပေမယ့် ရွာသားတွေတွက် လောလောဆယ်အကျိုးကျေးဇူးကတော့ မီးပေါ့။ မီးထိန်းသိမ်းပြီးသားဖြစ်တယ်။ တောက အနောက်ကနေ ပတ်ထားတာကိုး။ အဖွဲ့ဝင်တွေက မီးတားလမ်းလုပ်တော့ သူတို့ခြံမှာ မီးမလာတော့ဘူး။ နှစ်တိုင်းဆို ခြံရှင်တွေက မီးဘေးကို တကယ့်ကိုကြောက်ရတယ်။ ကျနော်တို့အဖွဲ့စကိုင်တဲ့ချိန် ၃ နှစ်ကစပြီး မီးမလောင်တော့ဘူး။ ဒီနှစ်က အစပ်လောက်ပဲလောင်တယ်” လို့ပြောပါတယ်။
RECOFTC အဖွဲ့ဦးဆောင်မှုဖြစ် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်မှာ ကျေးရွာ (၈)ရွာမှာ အစုအဖွဲ့ပိုင်သစ်တော ဧက ၆၆၆၄ ရှိပါတယ်။
RECOFTC နဲ့ဒေသခံတို့ပူးပေါင်းကာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှာလည်း ဧက ၁၅၀၀ ကျော်ကို အစုဖွဲ့ပိုင်သစ်တောအဖြစ် ၂၀၁၅ ခုနှစ်မှာစတင်တည်ထောင်ပါတယ်။