စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ရိခေါ်ဒါရ်မြို့ကို အားထားပြီး လာရောက်စစ်ဘေးရှောင်ကြပေမယ့် လက်ရှိမှာတော့ ကျောင်းတွေအကုန်ပိတ်လိုက်လို့ ကျောင်းသားများစွာ ကျောင်းမတက်ရတာ တစ်နှစ်နီးပါးကြာလာပြီ။
ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတချို့ ဖွင့်လှစ်ကာ ကျောင်းသားများစွာ ပညာသင်ကြားခဲ့ကြရပြီး အချို့သောကျောင်းသားများသည် အိန္ဒိယနယ်စပ် ဇိုခေါထားရွာ၌ရှိသော မီဇိုရမ်ကျောင်းများ၌လည်း တက်ရောက်ပညာသင်ကြားနေကြပါသည်။ သို့သော် မီဇိုရမ်ကျောင်းများတွင် မီဇိုဘာသာစကားဖြင့်သာ စာသင်ကြားကြပြီး မီဇိုဘာသာရပ်နှင့် ဟင်ဒီဘာသာရပ်ကို လည်း မဖြစ်မနေသင်ယူရမည် ဖြစ်ရာ မြန်မာပြည်ကျောင်းသားများတွက် ဘာသာစကားအခက်အခဲဖြစ်နေကြောင်း ၊ ထို့အပြင် စစ်ဘေးရှောင်အနေဖြင့် တက်ရသောကြောင့် အထက်တန်းပြီးလျှင်လည်း တရားဝင်အောင်လက်မှတ် မရနိုင်သောကြောင့် ကျောင်းသားအချို့ကလည်း ထိုကျောင်းများတွင် တက်ရောက်လိုစိတ် မရှိခြင်းကြောင့် လက်ရှိ တီအိုနယ်စပ်ဒေသတွင် ကျောင်းထွက်နှုန်း အလွန်မြင့်တက်လျက်ရှိသည်။ မြန်မာဘက်ခြမ်းတွင် ရှိသော ကျောင်းများကလည်း နယ်မြေမတည်ငြိမ်ခြင်းကြောင့်နှင့် ကျောင်းပုံမှန်မဖွင့်နိုင်ခြင်းတို့ကြောင့် ကျောင်းသားမိဘအချို့တို့သည် ကလေးမြို့ဘက်သို့ ပြောင်းရွှေ့ရန် စဉ်းစားလာကြပြီဖြစ်သည်။

အိန္ဒိယဘက်ခြမ်းရှိ ဇိုခေါထားရွာနှင့် မြန်မာပြည်နယ်စပ်ဖြစ်သော ရိခေါ်ဒါရ်မြို့တွင် နေထိုင်ကြသောလူငယ် အများစုသည် နယ်မြေ မတည်ငြိမ်ခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လျှပ်စစ်မီးပုံမှန် မရရှိနိုင်ခြင်းတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလျက်ရှိနေပါသည်။ ကူလီထမ်းခြင်း ၊ စက်ချုပ်ခြင်း၊ မွေးမြူရေး ၊ စိုက်ပျိုးရေး လုပ်ငန်းများမှ လွဲ၍ အခြား အလုပ်အကိုင်ရှားပါးခြင်းကြောင့် အများစုသည် နိုင်ငံခြားသို့အလုပ်လုပ်ရန်သာ စိတ်အားထက်သန်လျက်ရှိနေသည်။ မိဘအများစုသည်လည်း ငွေကြေးခက်ခဲခြင်းအမျိုးမျိုးတို့ကြောင့် သားသမီးများကို ကျောင်း ဆက်လက်မထားတော့ဘဲ ၁၃နှစ်၊ ၁၄ နှစ် အရွယ်တွင်ပင် ကျောင်းထွက်ခိုင်းကာ ကူလီလုပ်ခိုင်းခြင်း ၊ တောင်ယာများတွင် အလုပ်ခိုင်းစေခြင်းများ ၊ ၁၇နှစ် ၁၈နှစ်အရွယ်ဖြစ်လျှင် မိသားစုဝန်ထမ်းရန် နိုင်ငံခြားသို့ စေလွှတ်ခြင်းများ ပိုပိုမြင့်တက်လျက်ရှိသည်။
ရိခေါ်ဒါရ်မြို့ပတ်ဝန်းကျင်သည် ယခင်ကတည်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မှောင်ခိုလုပ်ကိုင်နေသူများ ကျင်လည်သော မြို့တစ်ခု ဖြစ်ရာ စစ်ဘေးရှောင် လူငယ်လူရွယ်များ ၊ ကလေးသူငယ်များစွာ နေထိုင်ရန် မသင့်တင့်သည့်အပြင် ကျောင်းမနေခြင်းကြောင့် အရက်မှစသော မူးယစ်ဆေးဝါးများကို စမ်းသပ်ရင်း စွဲလမ်းလာသော လူငယ်များစွာ တိုးပွားလာသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။ လူငယ်အချို့တို့လည်း ကျောင်းတက်နေရင်းဖြင့် ခိုးရာလိုက်ပြေးကာ အသက် (၁၈) ပင် မပြည့်သေးဘဲ အိမ်ထောင်ပြုကြသော ကျောင်းနေအရွယ် လူငယ်များစွာကိုလည်း တွေ့မြင်ရပါသည်။

မိဘအများစုသည်လည်း ပညာရေးအမြင်မရှိသော တောင်သူအများစုဖြစ်ကြရာ သားသမီးများ၏ ရှေ့ရေးအတွက် မတွန်းပို့ပေးနိုင်ကြပါ။ ထို့အပြင် အချို့မိဘတို့သည်လည်း မှောင်ခိုလုပ်ငန်းများဖြင့် ကြီးပွားချမ်းသာလျက် ငွေကြေးတတ်နိုင်သော်လည်း လက်လှမ်းမှီနိုင်သည့် အွန်လိုင်းပညာရေး ၊ ပြည်ပပညာရေးလမ်းကြောင်းများဖြင့်လည်း သားသမီးကို ပညာရေးအတွက် အားပေးထောက်ပံ့နိုင်ခြင်းငှာ အသိပညာဗဟုသုတနည်းပါးကြသည်။ ကျောင်းနေအရွယ် လူငယ်များ ကလေးများ၏ ပညာရေးရှေ့ရေး မှောင်အတိဖုံးနေသယောင် ဖြစ်လျက်ရှိနေပါသည်။
ဇိုခေါထားရွာတွင် ကွန်ပြူတာနှင့် အဂ်လိပ်စကားပြော သင်တန်းကျောင်းဖွင့်ထားသော ဆရာမမှလည်း “ကလေးတွေကတော့ ကြိုးစားပါတယ်။ တချို့ကျတော့လည်း စာသင်ချင်ပေမယ့် ရွာက သူတို့အိမ်တွေကလည်း မီးရှို့ခံထားရတယ်။ ဒီရွာမှာ နေဖို့ကြတော့လည်း အိမ်ငှားခများတာတွေ စားဝတ်နေရေးခက်ခဲတာတွေကြောင့် မိဘတွေက တစ်လနှစ်လပဲ သင်တန်းလာထားပြီး နိုင်ငံခြားကို လွှတ်လိုက်ကြတာ များတယ်။ တချို့ကျတော့လည်း ကလေးမြို့ဘက်ကို ပြောင်းကြတယ်။ ငွေကြေးတတ်နိုင်တဲ့မိဘတွေကျတော့လည်း ကလေးတွေရဲ့ ပညာရေးကို ဂရုမစိုက်တတ်ကြတာများတယ်။ အဓိကကတော့ ဒီနယ်စပ်မှာက ပညာရေးကို ဦးစားမပေးကြဘူး။ ကျွန်မက တချို့ကလေးတွေဆို အရမ်းဖြစ်စေချင်လွန်းလို့ အလကားသင်ပေးမယ်ဆိုတာတောင် မိဘတွေက ဆက်မထားကြတော့တာများတယ်” လို့ Zalen ကိုပြောခဲ့ပါတယ်။

လူမှုအဖွဲ့အစည်းများ ၊ အသင်းတော်များ အနေနှင့်လည်း ကလေး လူငယ်များအတွက် ပညာရေးနှင့် စပ်ဆိုင်သော စီမံကိန်းများ ၊ အသိပညာပေးပွဲများ လုပ်ဆောင်ခြင်းများအားဖြင့် မိဘများကိုယ်စား အားတတ်သရော ဝိုင်းဝန်းကူညီသင့်ပေသည်။ ဒေသတွင်း ပြည်သူများ၏ မှောင်မိုက်နေသော ပညာရေးအမြင်ကို ဖွင့်ပေးဖို့ရန် အလင်းတစ်စက်ပင် ရှိလာလျှင် လူငယ်များစွာ၏ ရှေ့ရေးအနာဂတ် တောက်ပလာနိုင်ပါသည်။ ချောက်နက်ထဲ ကျနေသော တိုင်းပြည်၏ အနာဂတ်ကို ကယ်ဆယ်နိုင်မည့် ပညာတတ် ခေတ်လူငယ်များစွာ တီအိုချောင်းဒေသမှ ပေါ်ထွန်းလာနိုင်ဖို့အရေး ဆန္ဒပြုလျက်…..
ဆရာမဒွက်သဲ
ခေတ္တတီအိုချောင်း
















