ဧပြီ ၁၀၊၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ HPO/CDF-Hualngo ဟာ တိုင်းပြည်နဲ့လူမျိုး အတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်များ၊ လက်ရှိတပ်ဖွဲ့ဝင်များနဲ့ လာမယ့်တပ်သားသစ်များအတွက် လစဉ် ထောက်ပံ့ငွေ ရူပီး ၅ သိန်းစီထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်းသိရပါတယ်။
၂၀၂၆ ခုနှစ် ၊ မတ်လ ၂၆ ရက်နေ့မှာကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလိုလုပ်ဆောင် တာလို့သိရပါတယ်။
အဆိုပါထောက်ပံ့ငွေအတွက် ဟွာလ်းငိုးရမ်းဒေသအတွင်းရှိကျေးရွာများမှ အိမ်ထောင်စု တစုကို လစဉ် ကျပ်ငွေ ၄၀,၀၀၀ ကောက်ခံသွားမှာဖြစ်ပြီး ငွေကောက်ခံလို့ရမယ့်အိမ်ထောင်စုပေါင်း ၂,၅၀၀ ခန့်ရှိတယ်လို့ခန့်မှန်း ထား ကြောင်းသိရပါတယ်။
ကျေးရွာတိုင်းမှ တာဝန်ရှိသူများအနေဖြင့် ရွာအတွင်း ငွေကောက်ခံလို့ရမယ့်အိမ်နဲ့ ကင်းလွတ်ခွင့်ရမယ့် အိမ် စာရင်းများကို ပြုစုထားဖို့ နဲ့ လ စဉ် ၂၅ ရက်မတိုင်ခင် ငွေများကောက်ခံသွားဖို့ အသိပေးထားပါတယ်။
တဖက်မှာ လက်ရှိ CDF-Hualngo မှာ တာဝန်ထမ်းဆောင်နေသူမိသားစုဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေး များက ကင်းလွတ်ခွင့်ရသင့်တယ်လို့သတ်မှတ်ခံရသူများ၊ ကျဆုံးရဲဘော်မိသားစုဝင်များ၊ တိုက်ပွဲအတွင်းထိခိုက် ဒဏ်ရာရသူများရဲ့မိသားစုဝင်များ၊ HPO/CDF-Hualngo OB များကိုတော့ လစဉ်ကျပ်ငွေ ၄၀,၀၀၀ ကောက်ခံ ခြင်းမှာ ကင်းလွတ်ခွင့်ရမယ်လို့ သိရပါတယ်။
ဟွာလ်ငိုးဒေသပြင်ပကို ရောက်ရှိနေပေမယ့် တော်လှန်ရေးမှာစိတ်ပါဝင်စားသူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ဆိုထားပြီး ရွာတိုင်းမှ တပ်သားစုဆောင်းမှုခွဲတမ်းများကို ဧပြီလ ၁၀ ရက်နေ့မတိုင်ခင် တင်ပြ ဖို့လည်း အသိပေးထားပါတယ်။
သတင်း – Mickey
#CDF-Hualngo#ထောက်ပံ့ကြေး#စီစဉ်နေ#Zalen


















