ဇွန် ၂၅၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။
ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ကုန်စည်စီးဆင်းမှု လုံးဝရပ်ဆိုင်းသွားတာဖြစ်ပါတယ်။
” လောလောဆယ်တော့ ကလေး-တမူးလမ်းပိုင်းကုန်အဝင်အထွက်မရှိပေမယ့် ကုန်ဈေးနှုန်းကတော့ မတက်သေးပါဘူး။ အိန္ဒိယ၊ မိုးရေးဘက်ကနေကုန်အချို့ဝင်နေသေးတော့ အဆင်ပြေနေသေးတယ်။ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန် ကအစ မိုးရေးမြို့ဘက်ဝယ်နေကြတာ။ ၁၂၅ ဆိုင်ကယ် အပိုပစ္စည်းတွေကတော့အဆမတန် တက်နေပြီ။ မိုးရေးမြို့ဘက်ကလည်းမသေချာဘူး လူမျိုးရေးပဋိပက္ခနဲ့ ဆိုတော့ တခါတလေ ကုန်ပျက်တတ်တယ်။ တရားဝင်တော့ ကုန်တွေထုတ်လို့မရဘူး မှောင်ခိုပေါက်ကနေ အဆင်ပြေသလိုသယ်ထုတ်ကြတာပါ။” လို့ တမူးမြို့ခံတဦးက Zalen ကိုပြောပါတယ်။

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုလုံးဝ ရပ်တန့်နေပြီး မိုးရေးမြို့က နေ ကုန်ပစ္စည်းအချို့ ရရှိနေပေမယ့် ရေရှည်မှာ ကုန်ဈေးနှုန်းမြင့်တက်လာနိုင်တာကြောင့် ဒေသခံများစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
” လက်ရှိမှာတော့ တမူးမှာ ဧရာမင်းဆန် တစ်အိပ် ၁သိန်း၃သောင်းပေါက်ပါတယ်။ ကျန်တဲ့ မီးဖိုချောင်းသုံးပစ္စည်းနဲ့ အခြေခံစားသောက်ကုန်၊ လူသုံးပစ္စည်းတွေတော့ မိုးရေးကနေဘဲလာတာပါ။ ကလေး-တမူးလမ်းမှာတိုက်ပွဲမဖြစ်ခင်တော့ တမူးကိုတိုက်ရိုက်လမ်းမပေါက်ပေမယ့် နည်းမျိုးစုံနဲ့ ကလေးမြို့ဘက်ကနေကုန်ပစ္စည်းတွေရောက်ပါတယ်။ အခုတော့ လုံးဝရပ်ဆိုင်းသွားပြီ” လို့ နောက်ထပ်ဒေသခံတဦးက လည်းပြောပါတယ်။
တဘက်မှာ အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လမ်းပိတ်ဆို့မှုများရှိနေတာကြောင့် မဏိပူရ်၊ အင်ဖားမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့ကို ကုန်စည်စီဆင်းမှု နှောင့်နှေးနေတာကြောင့် တမူးဒေသခံများနဲ့ မိုးရေးမြို့ဒေသခံများအခက်အခဲတွေ့နေကြရတာဖြစ်ပါတယ်။
အန္ဒိယ-မြန်မာနယ်စပ် အမှတ် (၁ )ကုန်သွယ်ရေးလဂိတ်ကို ၂၀၂၀ခုနှစ်ကိုဗစ် ရောဂါစတင်ဖြစ်ပွားပြီးနောက်ယာယီပိတ်ထားခဲ့တာဖြစ်ပြီး၂၀၂၁ ခုနှစ် စစ်တပ်အာဏ်သိမ်းပြီးနောက် အဲဒီကုန်သွယ်ရေးဂိတ်မှာ သွင်းကုန်ထုတ်ကုန် လုံးဝ လုပ်လို့မရတော့ဘဲ တခြားလမ်းကြောင်းကနေ ကုန်သယ်အချင်းချင်း နားလည်မှုနဲ့ သယ်ယူပို့ဆောင်နေကြတာဖြစ်ပါတယ်။
စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်က မေလကုန်ပိုင်းက အိန္ဒိယခရီးစဉ်မှာ အိန္ဒိယမြန်မာနှစ်နိုင်ငံ အမှတ်(၁)နယ်စပ်ကုန်သွယ်းရေးလမ်း ကလေး- တမူးလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ကာ နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်နိုင်ရေးဆောင်ရွက်သွားပြီး ငြိမ်းချမ်းရေးတည်ဆောက်မယ်လို့ ဂတိပြုခဲ့ပေမယ့် ၎င်းရဲ့ထင်မြင်ယူဆချက်ဟာ လက်တွေ့မှာ ဖြစ်လာနိုင်ဖို့အလားအလာအလွန်နည်းပါးနေတယ်လို့ ဒေသခံအချို့က သုံးတပ်နေကြပါတယ်။
သတင်း – BANABA
ပုံအညွန်း – အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၁) ကုန်သွယ်ရေးဂိတ်အားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်












