Artemis II မစ်ရှင် Orion အာကာသယာဉ်ဟာ လကိုပတ်ပြီး အရေးပါတဲ့ မှတ်တိုင်တခု စိုက်ထူနိုင်ခဲ့

ဧပြီ ၇၊ ၂၀၂၆

Zalen

Zalen ad

NASA ၏ Artemis II မစ်ရှင်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ကနေဒီ အာကာသစင်တာမှ လွှတ်တင်ခဲ့ပြီးနောက် အရေးပါသည့် မစ်ရှင်အဆင့်များကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း နာဆာသတင်းများမှ သိရှိရပါတယ်။

အဆိုပါ မစ်ရှင်တွင် ပါဝင်သော Orion spacecraft အာကာသယာဉ်ဟာ ဧပြီလ ၅ ရက်နေ့တွင် လ၏ ဆွဲငင်အား အုပ်ချုပ်မှုဧရိယာ (sphere of influence) သို့ ဝင်ရောက်နိုင်ခဲ့ပြီး လနှင့် နီးကပ်လာသည့် အဆင့်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

NASA ရဲ့ Artemis II အာကာသယာဉ်ဟာ လကို ဖြတ်သန်းပျံသန်းနေစဉ် လ၏ မှောင်မိုက်သောဘက်ခြမ်းမှ ရှားရှားပါးပါး မြင်ကွင်းများကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ အာကာသယာဉ်မှူး Reid Wiseman က လူသားတွေ မမြင်ဖူးသေးတဲ့ မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

NASA ရဲ့ Artemis II မစ်ရှင်ဟာ ဧပြီလ ၆ ရက်နေ့တွင် အရေးပါတဲ့ မှတ်တိုင်တခု စိုက်ထူနိုင်ခဲ့ပြီး Orion အာကာသယာဉ်ဟာ လ၏ ဝေးလံသောဘက်ခြမ်းကို ပတ်ပြီး ပျံသန်းနိုင်ခဲ့ပါတယ်။

NASA ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသော ဖန်သားပြင်ဓာတ်ပုံတစ်ခုတွင် လူသားတွေထက် ပိုဝေးသောနေရာသို့ ခရီးသွားခဲ့တဲ့ အာကာသယာဉ်မှူး လေးဦးစလုံးဟာ လမျက်နှာပြင်အနီးတွင် Orion ယာဉ်ကို လေ့လာမှတ်တမ်းတင်ရန် ပြင်ဆင်နေကြောင်း ပြသထားပါတယ်။

ထိုအချိန်အတွင်း အာကာသယာဉ်ဟာ ကမ္ဘာမြေမှ အများဆုံး မိုင် ၂၅၂,၇၅၆ (ကီလိုမီတာ ၄၀၆,၇၇၁) အထိ ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

Orion အာကာသယာဉ်သည် လ၏ နောက်ဘက်သို့ ဖြတ်သန်းသွားစဉ် ဟူစတန်ရှိ Mission Control နှင့် အဆက်အသွယ် မိနစ် ၄၀ ခန့် ပြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည် ဆက်သွယ်နိုင်ခဲ့ပါတယ်။ အာကာသယာဉ်မှူး Christina Koch က “ကမ္ဘာမြေနဲ့ ပြန်လည်ဆက်သွယ်နိုင်တာ အရမ်းကောင်းတယ်လို့ ခံစားရတယ်” ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင် ကမ္ဘာမြေဟာ လ၏ မိုးကုပ်စက်ဝိုင်းအောက်သို့ ဝင်ရောက်သည့် “Earthset” နှင့် ပြန်လည် ထွက်ပေါ်လာသည့် “Earthrise” ကိုလည်း လေ့လာနိုင်ခဲ့ကြပါတယ်။

စောင့်ကြည့်မှုအဆင့်အပြီးတွင် အာကာသယာဉ်မှူးများဟာ တနာရီခန့်ကြာ နေကြတ်ခြင်းကို တွေ့ရှိခဲ့ပြီး လ၏ အစွန်းတဝိုက်တွင် မြင်နိုင်သော နေရောင်ခြည်၏ ပြင်ပလေထု (solar corona) ကို လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

NASA ရဲ့ ယခု Artemis II မစ်ရှင်သည် လမစ်ရှင်များအတွက် အရေးပါသော စမ်းသပ်မှုတစ်ရပ်ဖြစ်ပြီး အနာဂတ်တွင် လူသားများကို လပေါ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် အထောက်အကူပြုမည့် အချက်အလက်များကို စုဆောင်းပေးနိုင်မည်ဟု ဆိုထားပါတယ်။

Zaya Moon
Photo – NASA
#NASA #ArtemisII #Orion #Zalen

နောက်ဆုံးရသတင်းများ

မတရားအာဏာသိမ်းသမ္မတမှ အဆိုပြုသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးအမည်စာရင်း တင်သွင်း

ဧပြီ ၇၊ ၂၀၂၆။ Zalen မတရားအာဏာသိမ်းသမ္မတမှ အဆိုပြုတင်သွင်းထားသော ပြည်ထောင်စုဝန်ကြီး ၃၀ ဦးရဲ့ အမည်စာရင်းကို ဒီနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကမှ တင်ပြခဲ့ကြောင်း စကမ မီဒီယာများအရ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ...

ဆက်ဖတ်ရန်