Khaisa
နယ်ချဲ့အင်္ဂလိပ်လက်အောက်မကျရောက်ခင်”ချင်းလူမျိုး”ဆိုတာ မိမိကိုယ်ကို “ချင်း” ဆိုပြီး သတ်မှတ်ပြဌာန်းခြင်းမရှိကြသေးပါဘူး။ ယနေ့ “ချင်းလူမျိုး”လို့ သတ်မှတ်ထားကြတဲ့ လူမျိုးစုအသီးသီးဟာ တောင်ပိုင်မင်း အသီးသီးရဲ့ ပဒေ သရာဇ်အုပ်ချုပ်ရေးစနစ်မှာ ကွန်ဖက်ဒရိတ်ပုံစံနဲ့ ရပ်တည်ခဲ့ကြပါတယ်။ “ချင်း” ဆိုပြီး လူမျိုးတစ်ခုအဖြင့် စတင်ပုံဖော်တည်ဆောက် (Institution)ပေးခဲ့တာက ဗြိတ်သျှတွေသာ ဖြစ်ကြပါတယ်။ ဗြိတိသျှတွေဟာ ချင်းတွေကို လူရှိုင်း တောင်တန်း၊ စစ်တကောင်းတောင်တန်း၊ ရခိုင်တောင်တန်း၊ ချင်းတောင်တန်း၊ ပခုက္ကူချင်းတောင်ဒေသ နှင့် မဏိပူရ်ဒေသကဆိုပြီး အုပ် ချုပ်မှု (၆) ခုမှာ ခွဲခြမ်းအုပ်ချုပ်ခဲ့ကြတဲ့အချိန်ကစပြီး ချင်းတွေဟာ စတင်ကွဲပြားခဲ့ကြပါတယ် ။ နယ်ချဲ့အင်္ဂလိပ်ခေတ်မတိုင်ခင် ချင်းပြည်ဟာ နယ်မြေနယ်နိမိတ်အားဖြင့် ကြီးမားကျယ်ဝန်းခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်ဝင်လာတော့ အုပ်ချုပ်ဒေသကွဲပြားကုန်ပြီး အစိတ် စိတ်အမွှာမွှာ ဖြစ်ခဲ့ကြရတယ်။ ဒါဟာ ပထမ ကျဆုံးခြင်းပါပဲ။
ဗြိတိသျှအစိုးရဟာ သူတို့ သိမ်းပိုက်ပြီးဖြစ်တဲ့ တောင်တန်းဒေသရှိ လူရှိုင်းတောင်တန်း၊ စစ်တ ကောင်းတောင်တန်း၊ ရခိုင်တောင်တန်း၊ ချင်းတောင်တန်း၊ ပခုက္ကူချင်းတောင်ဒေသ နှင့် မဏိပူရ်ဒေသက လူမျိုးတွေဟာ လူမျိုးတမျိုး (သို့) မျိုးနွယ်စု၀င်တခုဖြစ်တဲ့အတွက် အဲဒီဒေသအားလုံးကို အုပ်ချုပ်ရေးဒေသတခုအဖြစ် ဖန် တီးပြီး အာသံ၀န်ရှင်တော်မင်းကြီး (Assam Commissioner) လက်အောက်မှာ ထားရှိဖို့ရန် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ Fort Williams မှာ ကျင်းပတဲ့ ချင်း – လူရှိုင်း ညီလာခံ (၁၈၉၂) မှာ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် ချင်းတောင်တန်းနိုင်ငံရေးအရာရှိ Mr. Carey က အဲဒီအစီ အစဉ်ကို လုံး၀ကန့်ကွက်ခဲ့တယ်။ ချင်းတွေဟာ ဗမာပြည်နဲ့ ပိုပြီးနီးစပ်တယ်။အခြားတောင်တန်း ရှိ ကချင်စတဲ့ လူမျိုးတို့နဲ့ ပိုပြီးနီးစပ်တယ် ။
အိန္ဒိယပြည်ထက် ဗမာပြည်နဲ့လည်း သူတို့ပိုပြီး ကူးသန်းရောင်း၀ယ်ရေးလုပ်ကြတယ်။ နောက် ပြီး ချင်းတောင်တန်းကို အိန္ဒိယဘက်ကနေ အုပ် ချုပ်တာထက် မြန်မာပြည်ကနေ အုပ်ချုပ်တာက အုပ်ချုပ်ရေးပိုင်းမှာ ပိုပြီးလွယ်ကူမှုရှိလိမ့်မယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်။ အဲဒီပြောဆိုချက်အတိုင်း ညီလာခံတက်တဲ့ ဗမာပြည်အရေးတော် ပိုင်၀န်ရှင် တော်မင်းကြီး Sir. Alexander Mac kenzie (Chief Commissioner of Burma) ကနေ ကန့်ကွက်ခဲ့တဲ့အတွက် ချင်းတောင်တန်းဟာ ဗမာပြည်ရဲ့ တစိတ်တပိုင်းအဖြစ် အုပ်ချုပ်ရန် သဘောတူခဲ့ကြပြီးတဲ့နောက် ချင်းတောင် တန်းဒေသကို အုပ်ချုပ်ဖို့ စည်းမျဉ်းဥပဒေ ရေး ဆွဲဖို့ အမိန့်ကျလာခဲ့တယ်။နောက်ပြီးတော့ ချင်း တောင်တန်းရဲ့ နယ်နိမိတ်ကိုလည်း သတ်မှတ်ဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ချင်းတောင် တန်းနဲ့ လူရှိုင်းတောင်တန်း အကြားနယ်နမိတ်နဲ့ ချင်းတောင်တန်းနဲ့ မဏိပူရ်အကြားက နယ်န မိတ်တွေ သတ်မှတ်လာခဲ့ကြတယ်။ ချင်းပြည် ကွဲထွက်ကုန်တယ်။ ဗြိတိသျှတွေဟာ ၁၉၁၉ ခုနှစ်မှာ The Government of India Act (ဒိုင်အာခီ – Dyarchy) အုပ်ချုပ်ရေးကို ပြဌာန်းခဲ့ပြီး ဒိုင်ယာခီ – Dyarchy အုပ်ချုပ်ရေးအောက်တွင် ကိုလိုနီပြည်နယ်အုပ်ချုပ်ရေး ၁၀ ခုဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒါတွေကတော့ ( Bengal, Madras, Bombay, United provinces, Punjab, Orrisa, Bihar, Central Provinces, Assam, Burma) တို့ဖြစ်ပါတယ်။ ဒိုင်ယာခီအုပ်ချုပ်ရေးကြောင့် ချင်းပြည်ဟာ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့ ၃ နိုင်ငံမှာ ကွဲလွင့်သွားပါတော့တယ်။ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်းတွေဟာ “ချင်း” ဆိုတဲ့ အမည်နာမကို အသုံးမပြုကြတော့ ပိုပြီး ဆိုးဝါးသွားပါတယ်။ ဒါဟာ ချင်းပြည်ရဲ့ ဒုတိယအကြိမ် ကျဆုံးခြင်းဖြစ်ပါတယ် ။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်မှာ ပြည်ထောင်စုအဖွဲ့ဝင်အဖြင့် ပါဝင်ဖို့ လက်မှတ်ထိုးခဲ့ချိန်ကစပြီး မကွေး၊ စစ်ကိုင်း၊ ရခိုင်နဲ့ ချင်းပြည်ဆိုပြီး အုပ်ချုပ်မှု ၄ နေရာအဖြင့် ခွဲခြမ်းပြန့်ကြဲစေခဲ့ပြန်ပါတယ်။ဗမာအစိုးရအစဥ်အဆက်ရဲ့ ဖိနှိပ်မှုကြားမှာ မသေရုံတမယ်နဲ့ပဲ ချင်းတွေ အသက်ဆက်ခဲ့ရတယ်။ အမျိုးသားလက္ခဏာနဲ့အာဏာပြယုဒ်ဆုံး ရှုံးပျောက်ကွယ်ရုံသာမက လူဦးရေပါ တိုးတက်နှုန်း ရပ်တန့်ခဲ့ရတယ်။ နယ်မြေနယ် နိမိတ်တွေ ဆုံးရှုံးခဲ့ရတယ်။ ခေတ်အဆက် ဆက် မြန်မာအစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ချင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးဟာ အိမ်မက်ထဲမှာတောင် အစပြုလို့မရအောင် တားဆီးပိတ်ပင်ခံရတယ်။ ဒါဟာ ချင်းပြည်ရဲ့ တတိယအကြိမ် ကျဆုံးခြင်း ဖြစ်ပါတယ်။
၂၁ နွေဦးတော်လှန်ရေးမှာ ချင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားရေးပြန် လည်တည်ဆောက်ရေးအတွက် မဟာအခွင့်ထူးတရပ် ပေါ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဝမ်း နည်းစွာပဲ အသုံးမချတတ်ကြပါဘူး။ ချင်းနိုင်ငံ ရေးနဲ့အမျိုးသားရေးသမားတွေဟာ ချင်းပြည် တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည် ဆောက်ရေးအတွက် ကြိုတင်စီမံကိန်း (Plan) ချမှတ်ထားခဲ့ခြင်းမရှိကြဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပြည်သူက မြင်တွေ့လိုက်ကြပါတယ်။ တချို့က ချင်းအမျိုး သားတပ်ဦး-CNF နဲ့ ချင်းပြည်အစိုးရ-CC ကို အပြစ်တင်ကြမှာဖြစ်သလို တချို့က ချင်းညီနောင်- CB ကိုအပြစ်ဖို့ကြပါလိမ့်မယ်။ အမှန်တော့ နှစ်ဖွဲ့စလုံး အပြစ်မကင်းသလို တတ်သိပညာရှင်အပေါင်း၊ ဘာသာရေးအသင်းအဖွဲ့အပေါင်းလဲ အမျိုး သားရေးတာဝန်မှာ အပြစ်မကင်းကြပါဘူး။ တာဝန်ပျက်ကွက်ခဲ့ကြပါတယ် ။ အဲဒီတာဝန်ပျက်ကွက်မှု၊ပြစ်မှုဟာ အမျိုးသားစည်းရုံးရေးမဟာဗျူဟာနဲ့နည်းဗျူဟာသဘော မပေါက်နားမလည်၊ မကျွမ်းကျင်တဲ့ ပြဿနာလို့ပဲ လုံးဝကောက်ချက်ချရပါလိမ့်မယ်။ အဲဒီ စည်းရုံးရေးဗျူဟာ ဘယ်လောက်အထိ အား နည်းကြသလဲဆိုရင် လူမျိုးစုအတွင်း၊ မြို့နယ်နဲ့ဒေသတွင်းနီး ပါးမှာ ပဋိပက္ခနဲ့ပြည့်နှက်နေတာကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားပါတယ်။ ပထမ၊ ဒုတိ ယ၊ တတိယ ကျဆုံးခြင်းတွေကို သင်ခန်းစာမယူနိုင်ခဲ့ကြသလို မသင်ယူနိုင်ခဲ့ကြပါဘူး။
ကျဆုံးနိုင်ငံ၊ ကျဆုံးအမျိုးသားရေး၊ကျဆုံးအင် ပါယာများကို လေ့လာကြည့်ရရင် ကျဆုံးရတဲ့အဓိက အချက် (၅) ချက်တွေ့ရပါတယ်။
၁။ အကျင့်စာရိတ္တပျက်ယွင်းခြင်း
၂။ အာဏာရူးခြင်း
၃။ ဘက်လိုက်မှုကြီးမားခြင်း
၄။ တကိုယ်ကောင်းဆန်ခြင်း
၅။ စည်းရုံးရေးပျက်စီးခြင်း
၆။ အမျိုးသားရေးစိတ်ဓာတ်ပျောက်ဆုံးခြင်း
၇။ အကျိုးစီးပွားမတည်ဆောက်တတ်ခြင်းတို့ပဲဖြစ်ပါတယ်။ (ရောမအင်ပါယာကျဆုံးခြင်းဟာ ဖော်ပြပါအချက်တွေကြောင့် ဖြစ်ပါတယ်။) ကျဆုံးခြင်းဆိုတာဟာ ကြီးကြီးကျယ်ကျယ်တွေ မ ဟုတ်ရပါဘူးလို့ ယူဆထင်မြင်ရပေမယ့်လည်း ပြည်သူတဦးချင်း၊ တအုပ်စုချင်းက အထက်ပါအချက် (၇) ချက်ကို ကျူး လွန်မှုများလာရင် တနိုင်ငံလုံး၊ တမျိုးသားလုံးအတိုင်းအတာနဲ့ ထုထည်ကြီးမားသွားပြီး ကြီး မားတဲ့ အရှိန်နဲ့ နံရံကို ဝင်ဆောင့်လို့ နိုင်ငံ၊ အင်ပါယာနဲ့လူမျိုးရဲ့ တာရိုး ကျိုးပေါက်သွားတော့တာပါပဲ။
၂၁ နွေဦးတော်လှန်ရေးဟာ ချင်းအမျိုးသားရေး၊ ချင်းပြည်တည်ဆောက်ရေးရဲ့ စတုတ္ထ အကြိမ်ကျဆုံးခန်းဖြစ်ဖို့ အလွန်နီးစပ်လို့နေပါတယ်။ CNF/CC နဲ့ CB ကြားက အားပြိုင်မှုဟာ ချင်းပြည်ကျဆုံးခြင်းပါပဲ။ တဖက်မှာ CC အုပ်စုက စကစ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကြသလို CB အုပ်စုကလည်း သိမ်းပိုက်နိုင်ကြပါတယ်။ ဒါဟာ ဘုံရန်သူကို အောင်မြင်မှုဖြစ်ပေမယ့်ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးအတွက် အောင်မြင်မှုလို့ လုံးဝ သတ်မှတ်လို့မရပါဘူး။ တခြားစီပါပဲ။ ဒီတခါကျဆုံးခြင်းဟာ ပေးဆပ်မှု ကြီးမားပါလိမ့်မယ်။ နောင်နှစ်ပေါင်းရာချီအထိ အကျိုးဆက်ဖြစ်ပွားပါလိမ့်မယ်။ အတ္တတွေ၊ မာန်မာနတွေ၊ နေရာအာဏာတွေအတွက် တန်သလား၊ မတန်ဘူးလားဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုနဲ့ သက်ဆိုင်သွားပါပြီ။ CC နဲ့ CB ကြောင့် ကျွန်တော်တို့ မျက်စိရှေ့မှာ အသင်းတော်အတွင်း ပဋိပက္ခ၊ လူမျိုးစုအတွင်း ပဋိ ပက္ခ၊ မိသားစုအတွင်း ပဋိပက္ခ၊ ရပ်ရွာအတွင်း ပဋိပက္ခ ကူးဆက်စိမ့်ဝင်ပြန့်နှံ့ကုန်ပြီပဲ ဖြစ်ပါတယ်။
ဘာကြောင့် CNF က အလျှော့မပေးချင်တာလဲ။
ဘာကြောင့် CC က အလျှော့မပေးချင်တာလဲ။
ဘာကြောင့် CB က အလျှော့မပေးချင်ရတာလဲ။
ဘာကြောင့် Fundraiser တွေ အလျှော့မပေးကြသလဲ။
အဓိက ပြဿနာက ဘာလဲ။ အကြောင်းပြချက်ကိုယ်စီရှိကြပါလိမ့်မယ်။ ဒါပေမယ့် အကြောင်း ပြချက်ကိုယ်စီရဲ့ နောက်ကွယ်မှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေးအကျိုးစီးပွားက အဓိကဆိုတာ အား လုံးသိနေကြပါပြီ။ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးအတွက်ဆို CNF ကို ဖျက်သိမ်းလိုက်ရတာ တန်တယ်မဟုတ်လား။ CC နဲ့ CB ကို ဖျက်သိမ်းလိုက်ရင် တန်တယ်မဟုတ်လား။ ကျွန်တော်တို့ရဲ့ ရာထူး၊ နေရာ၊ အာဏာ စွန့်လွှတ်လိုက်ရလို့ ချင်းပြည်နဲ့ချင်းအမျိုးသားရေးတည်ဆောက်နိုင်ရင် တန်တယ်မဟုတ်လား။ ဘာကြောင့် အကြောင်းအ မျိုးမျိုးပြနေကြရတာလဲ။ ဘာကြောင့် သွေးချောင်းစီးရမှာလဲ။ ဘာကြောင့် ချင်းပြည်သူတွေ မလုံခြုံရမှာလဲဆိုတဲ့ ဒီမေးခွန်းတွေကို သက်ဆိုင်သူအားလုံးက ဖြေရှင်းရပါလိမ့်မယ်။
CNF/CC က ULA/AA ကို လွှဲချတယ်။ AA ကို အကြောင်းပြတယ်။ CB ကို တရားခံအဖြင့်နဲ့ သတ်မှတ်တယ်။ ပလက်ဝကို လက်ညှိုးထိုးပြတယ်။ ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့အင်အားကြီးမားရင် ULA/AA က ချင်းပြည်မှာ အခြေချစရာအကြောင်း လုံးဝမရှိဘူး။ ချင်းပြည်လုံခြုံမှ ရခိုင်ပြည်လုံခြုံမယ်၊ ရခိုင်ပြည်လုံခြုံမှ ချင်းပြည်လုံခြုံမယ်ဆိုတဲ့ ချင်းအမျိုးသားလုံခြုံရေး မဟာဗျူဟာကို အားလုံးသဘောပေါက်ကြတာပဲ။ ချင်းပြည်အင်အားက ချင်းပြည်ကို လုံခြုံအောင် တကယ်ပဲကာဗာလုပ်နိုင်သလားဆိုတာ ကျွန်တော်တို့အသိဆုံးပဲ။ ဝန်ခံရဲရမှာပေါ့။ ဒါဆို အင်အားကြီးမားအောင်မတည် ဆောက်နိုင်ဘူးလားဆိုတဲ့မေးခွန်းရဲ့အဖြေက အမျိုးသားစည်း ရုံးရေးမဟာဗျူဟာနဲ့နည်းဗျူဟာမှ သဘောမပေါက်ကြပဲလို့ ဖြေရပာလိမ့်မယ်။ဘယ်သူ့အား နည်းချက်လဲဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ အားနည်းချက်ပါပဲ။ CB ကလည်း CNF/CC ကို လက်ညှိုးထိုးတယ်။ CCရဲ့ ဖွဲ့စည်း ပုံနဲ့နေရာ၊ ခေါင်းဆောင်မှုကိစ္စ။ မှားသလား၊ မှန်သလားဆိုတာ CB ပေါ်လာတာက အဖြေပါပဲ။တနည်းအား ဖြင့် CNF ရဲ့ ကိုင်တွယ်မှု၊ ဖြေရှင်းပုံမှားယွင်းမှုတွေကြောင့် CB ပေါ်လာတယ်လို့ ယူဆရင် မှားမယ်မထင်ပါဘူး။ CB ပေါ် လာတော့ CNFနဲ့ CC က ပြဿနာရပ်အားလုံး လက်ညှိုးထိုးဖို့ ရှိသွားတယ်။ ဗမာ့တပ်မတော်ရဲ့ နည်းဗျူဟာနဲ့မခြားဘူးလို့ ပြောရတော့မယ်။
ပြည်ပနေ ချင်းလူမျိုးများရဲ့ ချင်းနိုင်ငံရေးနဲ့ တော်လှန်ရေးအပေါ် သြဇာလွှမ်းမိုးချုပ်ကိုင်ချင်တဲ့ မတော်လောဘနဲ့ စိတ်သဘောထားဟာ အင်မတန် အန္တရာယ်ရှိမှန်း တနေ့ထက်တနေ့ သိသာထင်ရှားလာတာ တွေ့ရပါတယ်။ငွေကြေး သြဇာနဲ့ ပြည်တွင်းကို ချုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ ဘာသာရေးအသင်းတော်၊ Fundraiser တွေရဲ့ ခြေလှမ်းဟာ လုံးဝ လက်ခံနိုင်စရာမရှိအောင် ညစ်ပတ်နေပါပြီ။ဒါကို ချင်းလက်နက် ကိုင်အဖွဲ့တိုင်းက သိနေကြပါတယ်။ပြည်ပ ချင်း လူမျိုးတွေရဲ့ စတေနာသဒ္ဓါတရားကို အသိအ မှတ်ပြုကြရမှာဖြစ်သော်ငြားလည်း အလှူငွေ ကြေးအပေါ် သြဇာအာဏာထည့်သွင်းအသုံးပြုမှုကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။ သန့်ရှင်းတဲ့ အကူအညီ၊နှောင်ကြိုးမဲ့ အထောက်အပံ့သာ ဖြစ်ရပါလိမ့်မယ်။ ချင်းပြည်ရဲ့ ပဋိပက္ခမှာ ပြည်ပ ဘာသာရေးအသင်းတော်တွေနဲ့ Fundraiser တွေရဲ့ ပယောဂဟာ ထိပ်ဆုံးမှာ ရှိတယ်ဆိုတာ ကျမ်းကျိန်ပြောလို့တောင် ရပါတယ်။ငြင်းချက် ထုတ်နေစရာတောင်မလိုပါဘူး။ ချင်းအမျိုး သားတပ်ဦး-CNF တောင် ပြည်ပ Fundraiser တွေနဲ့ ဘာသာရေးအသင်းတော်တချို့ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ဆုံးဆုံးမြုပ်နေတာ ကြာပါပြီ။ ချင်းအမျိုးသားတပ်ဦး-CNF ရဲ့ အမျိုးသားတည်ဆောက်ရေးမူဝါဒ လမ်းကြောင်းမှားယွင်း မှုဟာ ဒုတိယလိုက်ပါတယ်။
ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်အစိုးရဟာ ချင်းညီနောင်ရဲ့ မဟာမိတ်ရေးရာအပေါ် အထူးစိုးရိမ်နေကြတာ သိသာထင်ရှားလှပါတယ်။ အ ထူးသဖြင့် ULA/AA အရေးမှာ ပိုပြီး သတိထားနေကြရတာ တွေ့ရပါတယ်။ ရေရှည်မှာ ချင်းညီ နောင်အနေနဲ့ ULA/AA ရဲ့ သြဇာကို လွန်ဆန်နိုင်မလား။ ရုန်းထွက်နိုင်မလားဆိုတာကို အထူးသ တိထား စောင့်ကြည့်နေကြပါတယ်။ တကယ်လို့များ CNF/CC နဲ့ CB အနေနဲ့ ရင် ကြားစေ့ရေးမအောင်မြင်ရင် အာရက္ခနိုင်ငံတော်ထဲမှာ ချင်းပြည်တောင်ပိုင်း ပါသွားမှာကို CNF/CC က အ ထူး ထိပ်လန့်နေကြပါတယ်။ CB က အင်အား တိုးမြှင့်ပြီး အာရက္ခတပ်တော်နဲ့ပူးပေါင်းကာ ရေဇွာ- ဂန့်ဂေါလမ်းကြောင်းကို ထိန်းချုပ်ပစ်နိုင်ရင် ချင်းပြည်ရဲ့ မြေပုံဟာ အဓိပ္ပါယ်ရှင်းလင်းသွားတော့မှာကို CC အုပ်စုက သဘောပေါက်ကြပြီး သူတို့အတွက် အကြပ်ရိုက်စေပါတယ်။
လက်ရှိအနေအထားဟာ AA ကို ဝေဖန်ရင် ရခိုင်တွေထက် CB အုပ်စုက ပိုပြီးတော့ နာနေကြသ လို CNF ကို ဝေဖန်ရင် CC အုပ်စုက CNF ထက် နာနေကြတဲ့ အခြေအနေဖြစ်နေတာ တွေ့ရပါတယ်။ အင်မတန် ဆန်းကြယ်လှတဲ့ ချင်းနိုင်ငံ ရေးအချိုးအကွေ့နဲ့ ပဋိပက္ခဖြစ်ပါတယ်။ ဒီအုပ် စု ၂ ခုရဲ့ အားပြိုင်မှုဟာ ချင်းပြည်ရဲ့ စတုတ္ထအကြိမ် ကျဆုံးခန်းဆီကို တရွေ့ရွေ့ ဦးတည်စေပါတယ်။ ချင်းပြည်ဟာ နောက်ထက် ၂ ပိုင်းကွဲထွက်သွားနိုင်ခြေများနေတယ်လို့ ကောက်ချက် ချနိုင်လောက်တဲ့အထိ ပဋိပက္ခကြီးမားနေပါတယ်။ ထိန်းချုပ်နယ်မြေ နယ်နမိတ်ပြဿနာနဲ့ပဋိပက္ခမှာလဲ လူမျိုးစုအချင်းချင်းကြား လူမျိုး ရေးသွေးထွက်သံယိုမှု သေချာပေါက် မြင်တွေ့ရဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါတွေကို ပြန်လည်ဖြေရှင်းတည်ဆောက်ဖို့အတွက် အဓိ က တာဝန်ရှိသူက ချင်းအမျိုးသားတပ်ဦး -CNF ပဲ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ CNF ရဲ့ ချင်းအမျိုးသားတည်ဆောက်ရေးမူဝါဒနဲ့လမ်းကြောင်းဟာ ပဋိပက္ခကို မွေးဖွားစေခဲ့တဲ့အတွက် ပဋိပက္ခကင်းစင်မယ့် နိုင်ငံရေးလမ်း ကြောင်းသစ်တခုကို မဖြစ်မနေ ပြန်လည်တည် ဆောက်ရပါလိမ့်မယ်။
နောက်တချက်အနေနဲ့ ဒေသန္တရကာကွယ်ရေးအဖွဲ့အစည်းကို ဦးဆောင်နေတဲ့သူတွေရဲ့ ချင်းအမျိုးသားရေး၊ တော်လှန်ရေး၊ နိုင်ငံရေးအသိကို မေးခွန်းထုတ်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ကျယ်ပြန့်တဲ့ ချည်းကပ်မှုနဲ့ အမြင်ပြောင်းလဲ လက်ခံကျင့်သုံးမှုတွေဟာ လက်တွေ့ကျဖို့ လို အပ်ပါတယ်။ လူမျိုးစုအမျိုးသားရေးအတွင်း နစ်ဝင်ကျုံ့ဝင်လွန်းနေတဲ့ လူပုဂ္ဂိုလ်တွေကြောင့် ချင်းပြည်တည်ဆောက်ရေးဟာ အဟန့်အတားဖြစ်စေပါတယ်။ ဒါကို ချင်းပြည်သူတွေ၊ သက် ဆိုင်ရာ လူမျိုးစုပြည်သူတွေ သတိထားဖို့ လို အပ်လာပါတယ်။ လူမျိုးစုစည်းအပြင်ဘက်ကို ရှုမြင်ကြဖို့ လိုအပ်သလို လူမျိုးရဲ့ အတွင်းစည်းဖက်ကိုလည်း ကြည့်မြင်ဖို့ လိုအပ်ပါတယ်။ နောက်တခါ လူမျိုးရဲ့ ပြင်ပဖက်က အနာဂတ် ပြည်ထောင်စုအသစ်(ပုံစံအမျိုးမျိုးဖြစ်လာနိုင်)
လှမ်းမျှော်ကြည့်ရှုဖို့ အရေးကြီးပါတယ်။
အကြံပြုချက်။
၁။ CB နှင့် CC ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန်။
၂။ CBနှင့် CC ထိန်းချုပ်နယ်မြေ၊ မြေပုံအတိအ ကျ ခွဲခြားအတည်ပြုရန်။
၃။ CB အဖွဲ့ဝင်နယ်မြေများမှ CNA ခေတ္တထွက်ခွာရန် (နှစ်ဖက် ညှိနှိုင်းရေးကာလအတွင်း)
၄။ နှစ်ဖက်စစ်ဆင်ရေးများတွင် အပြန်အလှန် စွပ်ဖက်ခြင်းမပြုကြရန်။
၅။ ပဋိပက္ခဖြစ်ပွားသော နယ်မြေများ၏ အရေးတွင် CC/CNF မှ မစွပ်ဖက်ပဲ သက်ဆိုင်ရာ၎င်းတို့ နယ်မြေခံ၊ လူမျိုးစုအချင်းချင်း ဖြေရှင်းကြရန်၊ ဖြေရှင်းကြရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ချင်းပြည်ရှိ CC/CBနှင့် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များက စောင့်ကြည့်ကြီးကြပ်ကြရန်။
၆။ CCနှင့် CB ပူးတွဲပြီး ချင်းအမျိုးသားရေးလမ်းပြမြေပုံရေးဆွဲရေးကော်မတီဖွဲ့စည်းရန်
၇။ ချင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာ သာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ တတ်သိပညာရှင်အစုအဖွဲ့များ၊ CDM နှင့် သပိတ်လှုပ်ရှားမှုခေါင်းဆောင်များအားလုံးပါဝင်သော ” ဘက်မလိုက်သော ချင်းပြည် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးနှင့် စောင့်ကြည့်ရေးကော်မတီ” ကို အမြန်ဆုံး ဖွဲ့စည်းရန်လိုအပ်ပါတယ်။ ထိုမှတဆင့် “စစ်မှန်သောချင်း မျိုးသားတည်ဆောက်ရေး လမ်းပြမြေပုံ” ကိုလဲ အမြန်ဆုံး ရေးဆွဲကြရန်။
၈။ နှစ်ဖက်အဖွဲ့အစည်းများမှ ပြည်သူများကိုပစ်မှတ်ထားသော လမ်းကြောင်းပိတ်ဆို့မှုများ၊ခြိမ်းခြောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများလုံးဝ မပြုလုပ်ကြရန်။
၉။ ပလက်ဝအရေးနှင့်ပါတ်သက်၌ ယခုကာလတွင် သတိထားပြောဆိုဆောင်ရွက်ကြရန်။
၁၀။ CNF ၏ ဖြစ်တည်မှုကို CB မှ လေးစားအ သိအမှတ်ပြုရန်။
၁၁။ ပြည်ပရှိ အသင်းတော်များနှင့် Fundraiser များအနေဖြင့် မိမိတို့၏ တာဝန်အခန်းကဏ္ဍစြ်သည့် ရုံပုံငွေရှာဖွေရေး၌သာ အားစိုက်အလေးထားကြဖို့ သဘောပေါက်နားလည်ကြရန် စတဲ့ အချက် ၁၁ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
ချင်းပြည်ရဲ့ စတုတ္ထအကြိမ် ကျဆုံးရန်တာဆူနေမှုကို ဟန့်တားမလား၊ ထိုင်ကြည့်မလား ကြိုက်ရာ ရွေးနိုင်ကြပါတယ်။
Khai sa (Mara)