စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄

Zalen

မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar က မေလ ၁၆ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်အဖွဲ့ဝင်တွေကို ကာကွယ်ရေးဆိုင်ရာအခမ်းအနားတွေ ဖိတ်ကြားတာနဲ့ လေ့ကျင့်သင်ကြားပေးတာတွေကို တက်တက်ကြွကြွလုပ်ဆောင်နေတယ်လို့ Justice For Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့တဲ့ အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာ ဗိုလ်လောင်း တစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ဗိုလ်လောင်းတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့တဲ့ Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး (GMC) မှာလည်း မြန်မာနိုင်ငံရေတပ်ချုပ် ပါဝင်တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane ဟာ ၂၀၂၃ ခုနှစ် ဇွန်လက မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ရေတပ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နဲ့ပါ အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ ပတ်သက်တာတွေကို ညွှန်ပြနေတယ်လို့လည်း ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ” လုပ်ဆောင်နေချိန်နဲ့ လုပ်ဆောင်အပြီး နှစ်တွေအတွင်းမှာလည်း စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်တာတွေကို အိန္ဒိယက ဆက်လက်ပံ့ပိုးနေတယ်လို့ JFM က ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလက တင်ပို့မှုဖြစ်တဲ့ ကုန်ပစ္စည်း ၅၂ မျိုးမတိုင်ခင် ၂၀၂၃ ခုနှစ်တုန်းကလည်း မိုးလေဝသဆိုင်ရာစက်ပစ္စည်းတွေတပ်ဆင်ဖို့အတွက် အိန္ဒိယလေတပ်က စစ်သည် ၁၅ ဦး စေလွှတ်ခဲ့တယ်လို့ JFM က ပြောထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်