ဇွန် ၂၂၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က မြေပြင်မှ အပြင်းအထန်ထိုးစစ်ဆင်နေသလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။
စစ်ကောင်စီက ဇွန်လ ၂၁ရက်နေ့ နေ့လည်ပိုင်းမှာ မှာ မြေပြင်ထိုးစစ်ဆင်မှုကို လေကြောင်းကနေ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ပစ်ကူခဲ့တာဖြစ်ပါတယ်။
“လေယာဉ်ဗုံးကြဲတာက ၂၁ ရက်နေ့က ၂ကြိမ်ချသွားတာ။ ဗုံးသီးက ၄လုံးချသွားတယ်။ ထိခိုက်ပျက်စီးမှုအသေးစိတ်ကတော့ မသိရဘူး” လို့ သတင်းအရင်းအမြစ်က Zalen ကိုပြောပါတယ်။

အခုလိုဗုံးကြဲတိုက်ခိုက်မှုတွင် ဗုံးသီး ၄လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်အခက်အခဲကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေကို မသိရသေးပါ။
စစ်ကောင်စီတပ်က ဇွန်လ ၇ရက်နေ့ကစပြီး တမူး-ကလေးလမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၀ ရက်နေ့က လမ်းကြောင်းလွဲထိုးစစ်ဆင်ပြီး ခမ်းပတ်မြို့ ရပ်ကွက်တချို့ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အခုလိုထိုးစစ်ဆင် ဝင်ရောက်ခဲ့လို့ တော်လှန်ရေးအင်အားစုများမှ ပြန်လည်ခုခံခဲ့ရာ ယနေ့ထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာများကတော့ ခမ်းပတ်မြို့ကို အလုံးစုံထိန်းသိမ်းထားနိုင်ပြီလို့ ဖော်ပြနေပေမယ့် ခမ်းပတ်မြို့မှာ လက်ရှိချိန်ထိမြေပြင်ခြေနေကတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါ ပစ်ကူပေးနေရကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရသိရပါတယ်။
သတင်း – S-P
ပုံစာအညွှန်း- လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ခမ်းပါတ်မြို့ပေါ်က မီးခိုးလုံးထွက်နေပုံ။









