အောက်တိုဘာ ၂၄၊ ၂၀၂၅
Zalen
ရောမမြို့၊ ဗာတီကန်စီးတီးမှာ ဗြိတိန်ဘုရင် ချားလ်စ် (၃) ဟာ ကက်သလစ်အသင်းတော်ရဲ့ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး လီယိုနဲ့အတူ ဗာတီကန်ရှိ စစ်စတင်းဘုရားရှိခိုးကျောင်းမှာ သမိုင်းဝင် အခမ်းအနားတစ်ခုအဖြစ် ဝတ်ပြုဆုတောင်းခဲ့ပါတယ်။
ဗြိတိသျှဘုရင်တစ်ပါးက ပုပ်ရဟန်းမင်းကြီးနဲ့ လူသိရှင်ကြား အတူတကွ ဝတ်ပြုဆုတောင်းဟာ ၁၅၃၄ ခုနှစ်မှာ ဗြိတိန်ဘုရင် ဟင်နရီ (၈) က ရောမနဲ့ကင်းကွာပြီး အင်္ဂလီကန် အသင်းတော်ကို ခွဲထွက်တည်ထောင်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဗြိတိန်ဘုရင် ချားလ်စ် (၃) သည် အင်္ဂလီကန် အသင်းတော်ရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူထားသူဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီး လီယို ဟာ ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်များရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦး ပူးပေါင်းဝတ်ပြုခြင်းကို ကက်သလစ်နဲ့ အင်္ဂလီကန် အသင်းတော်များအကြား ပြန်လည်သင့်မြတ်ရေး ခရီးစဉ်ရဲ့ ထင်ရှားသော သင်္ကေတအဖြစ် ရှုမြင်ကြပါတယ်။
ဘုရင် ချားလ်စ် (၃) နဲ့ ကြင်ယာတော် ကာမီလာ တို့ဟာ ဗာတီကန်သို့ တရားဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး လီယို နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုတွေ့ဆုံမှုအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကဲ့သို့သော ဘုံအကျိုးစီးပွားကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဗာတီကန်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲနောက် ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ ပုပ်ရဟန်းမင်းကြီး၊ ယော့ခ်ဂိုဏ်းချုပ် စတီဖင် ကော့ထရဲလ် နဲ့ အခြား ဘာသာရေးခေါင်းဆောင်များ၊ သံတမန်များနဲ့အတူ မိုက်ကယ်အန်ဂျလိုရဲ့ နံရံဆေးရေးပန်းချီများ အောက်မှာ စစ်စတင်းဘုရားရှိခိုးကျောင်းမှာ ဂိုဏ်းပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့ပါတယ်။
မိနစ် ၃၀ ကြာမြင့်သော ဝတ်ပြုပွဲဟာ ကက်သလစ်နဲ့ အင်္ဂလီကန်ဓလေ့ထုံးတမ်းများကို ပေါင်းစပ်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းခြင်း အပေါ် အဓိကထား ဆုတောင်းခဲ့ကြပါတယ်။
ဝတ်ပြုပွဲမှာ စစ်စတင်းဘုရားရှိခိုးကျောင်းရဲ့ ဓမ္မသီချင်းအဖွဲ့နဲ့ ဘုရင်ရဲ့ စိန့်ဂျော့ချ်ဘုရားရှိခိုးကျောင်း ဓမ္မသီချင်းအဖွဲ့တို့ ပူးပေါင်း သီဆိုခဲ့ကြပါတယ်။
ဗာတီကန်ခရီးစဉ်အတွင်း ဘုရင် ချားလ်စ် (၃) ဟာ ရောမရှိ စိန့်ပေါလ် နန်းတော်ပြင်ပ ဘုရားကျောင်း မှာ ဘုရင့်ညီနောင် ဟူသော ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။
၎င်းဟာ ဗြိတိသျှဘုရင်မင်းမြတ်နဲ့ အဆိုပါ ကက်သလစ်ဘုရားကျောင်းအကြား ခိုင်မာသော သမိုင်းဝင် ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြတဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။
ထို့အတူ ပုပ်ရဟန်းမင်းကြီး လီယို ကိုလည်း ဘုရင် ချားလ်စ် (၃) က ဗြိတိန်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြင့် ပြန်လည်ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။
ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူများက ၎င်းသမိုင်းဝင် ဝတ်ပြုပွဲဟာ အင်္ဂလီကန်နဲ့ ကက်သလစ်ချာ့ချ်တို့ကြား “အပြန်အလှန် သံသယရှိခဲ့တဲ့ ခေတ် ကုန်ဆုံးသွားပြီ” ဖြစ်ကြောင်း ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။
သတင်း-ဆလိုင်း


















