ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း

အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။

ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ အဲဒီထဲမှာ အေအေ အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးတို့ ကျူးလွန်ထားတဲ့ မုဒိမ်းလည်းအပါဝင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဆမီးမြို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကလေးနှစ်ဦးမိခင် ဒေါ်စန်းရီးဟာ သူမရဲ့ အဒေါ်အိမ်သို့ အလည်သွားရာကနေ မုဒိမ်းကျင့်ခံရပြီး ခြေလက်ကြိုးတုတ်လျက် သတ်ဖြတ်ခံရပါတယ်။

ဒေါ်စန်းရီရဲ့ ရုပ်အလောင်းကို ရပ်ကွက်သူ/သားတွေက ဝိုင်းဝန်းလိုက်လံရှာဖွေရာ မေလ ၂၆ရက်နေ့မှာ ခြေ၊ လက်ကို ကြိုးတုတ်လျက် အမှတ် ၃ ရပ်ကွက်နဲ့ ကျီးဝရွာကြားမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေက ဒေါ်စန်းရီရဲ့ ရုပ်အလောင်းကို ဆေးစစ်ဆေးပြီး ချက်ချင်းမြေမြှုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ခွင့် မပေးသလို အပြင်သို့သတင်းမပေါက်ကြားစေဖို့ အေအေက မိသားစု ဆွေမျိုးတွေနဲ့ ရပ်ကွက်သူ/သားတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

ဒေါ်စန်းရီ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ဆမီးမြို့၊ အမှတ် ၃ ရပ်ကွက်ဟာ အေအေ တပ်ဖွဲ့ဝင်တွေ အများပြား စခန်းချတပ်စွဲထားတဲ့နေရာလည်းဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင် အခင်းဖြစ်တဲ့နေရာအနားမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ဟင်းထွက်ရှာတဲ့ ဆမီးမြို့က အသက် ၃၅ နှစ်အရွယ် ကလေးသုံးဦးမိခင်ကို ရခိုင်စကားပြောတဲ့အုပ်စုက မုဒိမ်းကျင့်ပြီး သေလုမျော့ပါး သတိလစ်တဲ့ထိ ရိုက်နှက်ပြီး အဝတ်ဗလာနဲ့ ချောင်းစပ်မှာ မြက်တွေနဲ့ဖုံးအုပ် စွန့်ပစ်ခဲ့ပါတယ်။

အမျိုးသမီးကို ဆမီးမြို့ခံတွေက ဝိုင်းဝန်းရှာဖွေရင်း နောက်တစ်ရက်စက်တင်ဘာလ ၂၃ ရက်နေ့ ချောင်းစပ်မှာ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ မြက်ပင်တွေ ဖုံးအုပ်ထားတဲ့ သတိလစ်တာကို ပြန်တွေ့ရပါတယ်။ အမျိုးသမီးဟာ အခုအချိန်ထိ ဆေးကုသနေရပါတယ်။

ဆမီးမြို့ဟာ အေအေက တပ်စခန်းတွေ အများပြားချထားပြီး ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးယန္တရား လည်ပတ် ဆောင်ရွက်နေတဲ့မြို့ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်ရီဟာ တောင်ယာသွားရင်း မုဒိမ်းကျင့် ရိုက်နှက် သတ်ဖြတ်ခံရပါတယ်။ အလောင်းကို မေလ ၂၉ ရက်နေ့မှာ ပြန်တွေ့ရတယ်။

ဒေါ်တောင်ရီရဲ့ သေဆုံးခြင်းနဲ့ပတ်သက်၍ ရွှေလိုင်ပွီကျေးရွာက အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုပြီး ချက်ချင်းမြေမြှုပ်သဂြိုလ်ခိုင်းပါတယ်။

ရွာသားတွေက ဒေါ်တောင်ရီ ရုပ်အလောင်းကို တွေ့ရှိတဲ့ချိန်မှာ ဦးခေါင်းတခုလုံး ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ ဆံပင်တွေ ရိတ်တာ၊ အမျိုးသမီးအင်္ဂါ ဓားနဲ့လှီးဖြတ်ပစ်တာ၊ ခြေ၊ လက်ချောင်းတွေကို ဓားနဲ့ လှီးတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

အေအေက ရွာသားတွေကို ဒေါ်တောင်ရီရဲ့ အလောင်းကို သေချာကြည့်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် မပေးသလို သတင်းမပေါက်ကြားစေဖို့ ခြိမ်းခြောက်ထားပါတယ်။

ရွှေလိုင်ပွီကျေးရွာမှာ အေအေတပ်စခန်းရှိပြီး အေအေက အုပ်ချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာမှာ အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင် အမျိုးသမီးတစ်ဦး ယာခင်းသို့သွားရာ အေအေ အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးတို့က မုဒိမ်းကျင့်ပြီး ချောင်းရေထဲ ရေနစ်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် ၎င်းအမျိုးသမီးရဲ့ ယောက္ခဖြစ်သူက အချိန်မီ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို အော်ဟစ်ငိုကြွေး အကူညီတောင်းခံမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

ပလက်ဝမြို့နယ်မှာ ကျူးလွန်ထားတဲ့ မုဒိမ်းတရားခံတွေဟာ မတူကြပေမယ့် ဖြစ်စဥ်အားလုံးက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ဖို့ကြိုးပမ်းကြတာ အတူတူဖြစ်တာကို တွေ့ရပါတယ်။

နစ်နာသူမိသားစုဝင်တွေက ကျူးလွန်ထားတဲ့ မုဒိမ်းတရားခံတွေကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ အရေးယူဆောင်ရွက်ပေးဖို့ အေအေဆီ လိုအပ်တဲ့အချက်လက်တွေနဲ့တကွ တိုင်ကြားထားပေမယ့် တရားခံတွေကို ဖမ်းဆီး အရေးယူဆောင်ရွက်တာမရှိသေးပါဘူး။

“ကျူးလွန်ထားတဲ့မုဒိမ်းမှုတွေကို ဖမ်းဆီးနိုင်ဖို့ ကျတော်တို့က လိုအပ်တဲ့အချက်လက်တွေကို အေအေဆီ ပေးပို့တိုင်ကြားပေးပြီးသားဖြစ်တယ်။ဒါပေမယ့် အေအေက ဒီနေ့ထိ ကျူးလွန်ထားတဲ့မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုတရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိတာဟာ အေအေရဲ့အုပ်ချုပ်မှု အရမ်း စိတ်ပျက်မိသလို စိတ်လည်းမကောင်းဘူး။”လို့ ဆမီးမြို့က မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးနဲ့ဆွေမျိုးတော်စပ်သူအမျိုးသားတစ်ဦးက စိတ်ပျက်စွာ ပြောပြလာပါတယ်။

စိမ်းစင်းကျေးရွာမှာ ကျူးလွန်ထားတဲ့ မုဒိမ်းမှုတရားခံ အေအေတပ်ဖွဲ့ဝင်နှစ်ဦးကို အေအေပြောခွင့်ရ ဦးခိုင်သုခက အရေးယူအပြစ်ပေးဖို့ မီဒီယာတွေပေါ်မှာ ပြောဆိုပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာ တိတိကျကျ ပြောဆိုထားတာမရှိပါဘူး။

ဒါ့အပြင် မုဒိမ်းမှုကျူးလွန်သူ အေအေတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ဒီကနေ့ထိ အပြစ်ပေးအရေးယူဆောင်ရွက်တာမရှိဘဲ နစ်နာသူအမျိုးသမီးကို ငွေ သိန်း ၁၀၀ ကျပ်နဲ့ ‌ေကြအေးပေးဖို့ အေအေတာဝန်ရှိသူတွေတချို့ ဇွန်လ ပထမအပတ်က နှစ်ကြိမ်တိတိ လာရောက်ညှိနှိုင်းခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါပေမယ့် နစ်နာသူအမျိုးသမီးဟာ ငွေကြေး သိန်း ၁၀၀ ကျပ်ကို လက်မခံဘဲ မုဒိမ်းမှုကျူးလွန်သူ အေအေတပ်ဖွဲ့ဝင်နှစ်ဦးကို အပြစ်ပေးအရေးပေးဖို့သာ တောင်းဆိုထားပါတယ်။

“အစတော့ အများပြည်သူတွေရှေ့မှာ မုဒိမ်းမှုကျူးလွန်သူ အေအေ တပ်ဖွဲ့ဝင်နှစ်ဦးကို အပြစ်ပေးမယ်လို့ ပြောပါတယ်။ တရားခံနှစ်ဦးကိုလည်း သူတို့ဖမ်းဆီးထားတယ်။ ဒါပေမယ့် သူတို့ကို အခုထိအပြစ်ပေးတာ မတွေ့ရသေးဘူး။ နစ်နာတဲ့အမျိုးသမီးကို ငွေသိန်း ၁၀၀ ကျပ်နဲ့ ကြေအေးပေးဖို့ တောင်းဆိုလာကြတယ်။ တကယ်လည်း စိတ်မကောင်းဖြစ်မိပါတယ်။”လို့ မုဒိမ်းမှုကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့​ ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက ငြိုငြင်စွာ ပြောပြလာပါတယ်။

အေအေရဲ့ ချမှတ်ထားတဲ့ ဥပဒေလမ်းစဥ်အတိုင်း ဘက်မလိုက်ဘဲ မုဒိမ်းမှုကျူးလွန်သူ အေအေတပ်ဖွဲ့ဝင်နှစ်ဦးကို ပွင့်လင်းမြင်သာစွာ အများပြည်သူတွေရှေ့ အရေးယူပေးဖို့ သူက တောင်းဆိုတာပါ။

ပလက်ဝမြို့နယ်က မုဒိမ်းမှုအာလုံးဟာ အေအေရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့နေရာမှာဖြစ်တဲ့အတွက် အေအေမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“ပလက်ဝမြို့နယ်မှာ CDF ထိန်းချုပ်နယ်မြေနဲ့ အေအေ ထိန်းချုပ်နယ်မြေရှိတယ်။ အခုမုဒိမ်းမှုဖြစ်တာက အေအေရဲ့ထိန်းချုပ်ထားတဲ့နယ်မြေမှာဖြစ်တာဖြင့်သလို အေအေ စခန်းရှိတဲ့အနီးမှာဖြစ်တာလည်းဖြစ်တယ်။ လောလောဆယ် အဲနေရာတွေမှာ အေအေက အုပ်ချုပ်ရေးအပိုင်းမှာလည်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့မှာ တာဝန်ရှိဆုံးပေါ့နော်။”လို့ ပလက်ဝမြို့နယ်က နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

အေအေရဲ့ အုပ်ချုပ်မှုအောက်က ပလက်ဝမြို့နယ်ဒေသခံ အမျိုးသမီးတွေ ဆက်တိုက် မုဒိမ်းကျင့်သတ်ဖြတ်ခံရတာကြောင့် အမျိုးသမီးတွေဟာ နေ့စဥ်ဘဝ မလုံခြုံသလို ခံစားရနေကြပြီး စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

“အရင်က ကျွန်မတို့ ဘယ်သွားသွား တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးသွားလာလို့ရတယ်။ စိုးရိမ်ထိတ်လန့်မှုတွေမရှိဘူး။ အခုအမျိုးသမီးတွေ မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုတွေက ဆက်တိုက် ကြုံတွေနေရတဲ့အတွက် တောင်ယာသွားတာဖြစ်ဖြစ်၊ ထင်းခွေတာ၊ ဟင်းရှာတာ တစ်ယောက်တည်းမသွားရဲဘူး။ မိဘတွေကလည်း တစ်ယောက်တည်းမလွတ်ရဲဘူး။ အားလုံးစိုးရိမ်နေကြရတယ်။”လို့ ပလက်ဝမြို့နယ်က အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အေအေက ကျူးလွန်ထားတဲ့  မုဒိမ်းမှုတရားခံတွေကိုအရေးယူဆောင်ရွက်တာမရှိတဲ့အပြင် ဖုံးကွယ်ဖို့ ကြိုးပမ်းလာတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားတဲ့ ပလက်ဝမြို့နယ်ဒေသခံ ခူမီး(ချင်း)အမျိုးသမီးတွေက ဆိုပါတယ်။

“​ပြီးခဲ့တဲ့ ဆမီးမြို့က မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရယ်။ ရွှေလိုင်ပွီရွာက မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရယ်။ သူတို့တွေကို အေအေ အုပ်ချုပ်ရေး ကျေးရွာ တာဝန်ရှိသူတွေက ရေနစ်လို့သေတယ်ဆိုပြီး ချက်ချင်း မြေမြှုပ်သဂြိုလ်ခိုင်းတယ်။ ဓာတ်ပုံတွေ ရိုက်ခွင့်မပေးဘူး။ သတင်းတွေ အပြင်ဖို့မပေါက်ကြားဖို့ ခြိမ်းခြောက်တယ်။ အလောင်းသယ်ယူတဲ့နေရာမှာ လိုက်ပါသူ​ ဒေသခံတွေနဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်တွေအရ သေဆုံးတဲ့အမျိုးသမီးတွေဟာ ရေနစ်လို့သေတဲ့ လက္ခာမတွေ့ရဘူး။ အကုန်လုံးက မိန်းမအင်္ဂါတွေ၊ ခန္ဓာကိုယ်လုံးမှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေ တွေ့ရတယ်။ ဒါကို အေအေ သေချာမကိုင်တွယ်ဘဲနဲ့ ဖြစ်စလက်ခက် ရေနစ်သေတယ်ဆိုပြီး ချက်ချင်းမြေမြှုပ်ခိုင်းတယ်။ ဒါဟာ အမှုကိုလည်း စုံစမ်းစစ်ဆေးဖို့ မကြိုးစားဘဲ အစနအဖျောက်ခိုင်းသလိုပဲ။ သတင်းတွေကို အပြင်မပေါက်ကြားဖို့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ဒေသခံတွေ ခြိမ်းခြောက်ထားတယ်တဲ့။ဒါကို ကြည့်ခြင်းအားဖြင့် အေအေက ကျူးလွန်ထားတဲ့ မုဒိမ်းမှုတရားခံတွေကို ဖမ်းဆီးအရေးယူမရှိတဲ့အပြင် ဖုံးကွယ်ဖို့ ကြိုးပမ်းလာတယ်။”လို့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးအရေးလှုပ်ရှားတဲ့ ပလက်ဝမြို့နယ်ဒေသခံ ချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်က မုဒိမ်းမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသမီးအဖွဲ့အစည်းတွေ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေက ရှုတ်ချတာ၊ ဝိုင်းဝန်းတောင်းဆိုပေးတာတွေမရှိတာ အလွန်ဝမ်းနည်းစရာလို့ သူက ဆိုပါတယ်။

ပလက်ဝမြို့နယ်က မုဒိမ်းမှုနဲ့ပတ်သက်ပြီး တရားခံတွေကို မည်သည့်အရေးယူဆောင်ရွက်မှုအခြေအနေကို သိရှိဖို့ အေအေပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ထို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အခြေခံတန်ဖိုးတွေကို ထိပါးရုံသာမက နစ်နာသူအမျိုးသမီးတွေရဲ့ မိသားစုတွေနဲ့ ချစ်ခင်ရသူတွေအတွက် ပြန်လည်ကုစား၍ မရနိုင်တဲ့ စိတ်ဒဏ်ရာတွေကို လည်း ချန်ထားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေဟာ ပလက်ဝမြို့နယ်အတွင်း အေအေရဲ့ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေကို မီးမောင်းထိုးပြနေပါတယ်။

ရာဇဝတ်မှုကျူးလွန်သူတွေကို အေအေအနေနဲ့ ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိတာ (ဒါမှမဟုတ်) ရာဇဝတ်မှုတွေကို ကြိုတင်ကာကွယ်နိုင်ခြင်းမရှိတာတွေဟာ ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှုတွေကို လျော့ကျစေမယ်ဖြစ်ပါတယ်။

အေအေ အနေနဲ့လည်း အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့နဲ့ ထိုကဲ့သို့ ရာဇဝတ်မှုတွေကို ထပ်မံမဖြစ်ပွားစေဖို့အတွက် ပိုမိုထိရောက်တဲ့ လုံခြုံရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အစီအမံတွေကို အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ တစ်ဦးချင်းရဲ့ ပြဿနာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တာဝန်ဖြစ်တာကြောင့် ပြစ်မှု ကျူးလွန်သူကို ရှုတ်ချတာ၊ နစ်နာသူအမျိုးတွေဘက်က ရပ်တည်ပေးတာ၊ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာလည်း မဖြစ်မနေလိုအပ်ပါတယ်။

အဲဒီဖြစ်ရပ်တွေမှ သင်ခန်းစာယူပြီး အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံရေးကို ဦးစားပေးတဲ့ မူဝါဒတွေ ချမှတ်ဖို့၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့နဲ့ ထိခိုက်နစ်နာသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ထောက်အပံ့တွေ ပေးအပ်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးရသတင်းများ

ညီညွတ်မှုအားနဲ့ သွားလမ်းသာလို့ လာလမ်းဖြောင့်ခဲ့ပြီ

ဇူလိုင် ၁၇၊၂၀၂၅။ Zalen တောလူ ရေးသည်။ “အရှေ့ကိုနဲနဲတိုးကြည့်ပါ ခရီးနဲနဲပိုရောက်မှာ။အပေါ်ကိုနဲနဲတက်ကြည့်ပါ မြင်ကွင်းကျယ်ကျယ်မြင်ရမှာပါ” ကျွန်တော် မတူပီမြို့သိမ်းပြီးနောက် နှစ်ကြိမ် ​​ေရာက်ခဲ့တယ်။ မတူပီမြို့ကိုဖြတ်သွားပြီးခရီးနှင်ခဲ့တာပါ။ မတူပီ-ရေဇွာကို ဆက်သွယ်ထားတဲ့ လမ်းကနေသွားခဲ့ပါတယ်။ ပထမတစ်ကြိမ်က မတ်လထဲသွားခဲ့တာ။ အဲဒီအချိန်တုန်းက မတူပီ-ရေဇွာဘက်ကိုသွားတဲ့လမ်းမှာ ...

ဆက်ဖတ်ရန်