မင်းတပ်မြို့နယ်ရဲ့ ၈၀ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပြီးတိုက်ပွဲတွေပိုပြင်းထန်လာမယ်လို့ CDF မင်းတပ် စစ်ဦးစီးချုပ် အသိပေး

၂၅၊ ဧပြီ၊ ၂၀၂၄

Zalen

လက်ရှိမှာ CDF မင်းတပ်အနေနဲ့ မင်းတပ်မြို့နယ် အတွင်း နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို စိုးမိုးထားနိုင်ပြီး ဒီနှစ်အတွင်း တိုက်ပွဲတွေပိုပြင်းထန်လာတော့မယ်လို့ CDF မင်းတပ် စစ်ဦးစီးချုပ် ပြောလိုက်ပါတယ်။

ဧပြီ ၂၄ရက်နေ့မှာ ကျရောက်တဲ့ CDF မင်းတပ် တော်လှန်ရေး ၃ နှစ်ပြည့်အခမ်းအနားမှာ CDF-Mindat စစ်ဦးစီးချုပ် Salai Thang Chawm Phe က အခုလို ပြောလိုက်တာပါ။

Zalen ad

ချင်းလူမျိုး အပါအဝင် မြန်မာပြည်သူအားလုံး လွတ် မြောက်တဲ့အထိ ဒီနှစ်အတွင်း မြို့သိမ်းတိုက်ပွဲတွေသာမက ပြင်းထန်တိုက်ပွဲများဆင်နွှဲပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်‌တော်တို့ရဲ့ဒေသ၊ နယ်မြေကနေ အကြမ်းဖက်စစ်တပ်တခုလုံး ပြိုလဲပြီးတော့ ထွက်ပြေးတဲ့အထိ ချေမှုန်းသွားမှာ ဖြစ်ပါတယ်။ ဒီ ၂၀၂၄ ခုနှစ်ဟာ အားလုံးသိထားတဲ့အတိုင်း ပြင်းထန်တိုက်ပွဲတွေ မဖြစ်မနေ ဖော်ဆောင်ရမယ့်ကာလတွေ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ဘဲနဲ့တော့ ကျနော်တို့ အောင်မြင်မှုက ဘယ်တော့မှရရှိမှာ မဟုတ်ပါဘူး။ ဒါတွေကိုလည်း ပြည်သူတွေ သိထားဖို့လိုအပ်သလို လာမည့်အရာတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း လိုပါတယ်။ ” လို့ CDF-မင်းတပ် စစ်ဦးစီးချုပ် Salai Thang Chawm Phe ပြောပါတယ်။

CDF မင်းတပ်ပါ၀င် ချင်းညီနောင်အဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပါ၀င်တဲ့‌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို မြို့သိမ်းတိုက်ဆင်နွှဲနေပါတယ်။

မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်း အပါအဝင် မြို့ပေါ် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ကို အပြီးသတ်ချေမှုန်းနိုင်ရေး မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့်သွားမယ်လို့ ဆိုထားပါတယ်။

CDF မင်းတပ် သုံးနှစ်ပြည့်ချိန်မှာ တိုက်ပွဲအတွင်းတပ်ဖွဲ့၀င် ၆၅ဦး ကျဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ဧပြီလ ၂၄ရက်နေ့က မင်းတပ်မြို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခဲ့လို့ တူမီး၊ လက်လုပ် သေနတ်နဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာကနေ CDF မင်းတပ် ပေါ်ပေါက်လာခဲ့ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်