မလေးရှား အာဆီယံထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မယ်

အောက်တိုဘာ ၂၂ ၊ ၂၀၂၅

Zalen

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် အောက်တိုဘာလ ၂၆ ရက် မှ ၂၈ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မယ် လို့ မလေးရှားနိုင်ငံအစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

သမ္မတထရမ့်ရဲ့ အခုတက်ရောက်မှုဟာ ၎င်းရာထူးပြန်လည်ရယူပြီးနောက် ပထမဆုံးအကြိမ် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်ပြီး ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးများအတွက် အရေးပါသော လှုပ်ရှားမှုတစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သမ္မတထရမ့်ဟာ အစည်းအဝေးကာလအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် (The Kuala Lumpur Accord) လက်မှတ်ရေးထိုးပွဲကို ကြီးကြပ်ပေးရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ အခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်ပါတယ်။

မလေးရှားဝန်ကြီးချုပ် ဒေတု စရီ အန်ဝါ အီဘရာဟင်မ် ဟာ သမ္မတထရမ့်နဲ့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဂါဇာအရေးကိစ္စများကို ဆွေးနွေးသွားမယ်လို့ အတည်ပြုထားပါတယ်။

ဝန်ကြီးချုပ်အန်ဝါက ယင်းတွေ့ဆုံမှုကို နှစ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ကမ္ဘာ့အကျိုးကို ရှေးရှုကာ အခွင့်အရေးယူသွားမယ်လို့ ပြောပါတယ်။

ထိပ်သီးအစည်းအဝေးကျင်းပမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ကွာလာလမ်ပူမြို့လယ်ခေါင်ရှိ လမ်းမကြီးများနဲ့ အဓိက အဝေးပြေးလမ်းမကြီးများတွင် လုံခြုံရေးအရ ယာယီလမ်းပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

တစ်ချိန်တည်းမှာပင် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်၍ မကျေနပ်မှုများကြောင့် သမ္မတထရမ့်ရဲ့ ခရီးစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ ပြုလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးအုပ်စုများက စီစဉ်နေတယ်လို့ သိရပါတယ်။

“အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”ဆောင်ပုဒ်အောက်မှာ ကျင်းပမယ့် ယခု ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များအပြင် တရုတ်ဝန်ကြီးချုပ် လီချန်၊ ဘရာဇီးသမ္မတ လူးဝစ် အီနာဆီယို လူလာ ဒါ ဆေးလ်ဗားနဲ့ အခြားသော ဆွေးနွေးဖက်နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်