မေ ၁၄၊၂၀၂၆
Zalen

လတ်တလောမှာ အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ် နဲ့ တီအိုခေါမွေးတို့ကိုဆက်လက်ထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းကြောင့် မီဇိုရမ်ပြည်နယ်ထဲကို စစ်ရှောင် ၈၂၀ ကျော်ထပ်မံဝင်ရောက်လာကြတယ်လို့သိရပါတယ်။
အဆိုပါ သတင်းကြောင့် မေလ ၁၂ ရက်နေ့မှာ ၈၁၁ ဦး နဲ့ မေလ ၁၃ ရက်နေ့မှာ ၁၁ ဦးအားလုံးပေါင်း ၈၂၂ ဦးဟာ အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ကျေးရွာဘက်ကိုဝင်ရောက်လာကြတယ်လို့ ဒေသတွင်းသတင်း များက ဖော်ပြထားပါတယ်။
ထပ်မံဝင်ရောက်လာကြတဲ့ စစ်ရှောင်များကို ဇိုခေါသာရ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့များက ကြိုဆိုပြီး ၎င်းတို့အတွက်နေရာထိုင်ခင်းများကို စီစဉ်ပေးခဲ့ကြောင်း၊စစ်ရှောင်အများစုဟာ ၎င်းတို့ရဲ့မိသားစုများထံ တည်းခို တဲ့လူများရှိသလို အိမ်ဌားဖို့လိုက်ရှာသူများလည်းရှိကြောင်း ဇိုခေါထာရ် YMA တာဝန်ရှိသူများကဆိုပါတယ်။
ဇိုခေါထာရ်မှာ ယခင်ကတည်းက မြန်မာစစ်ရှောင် ၇,၀၀၀ ခန့်နေထိုင်ကြတာဖြစ်ပြီး အသစ်ဝင်ရောက်လာသူ များ နဲ့ မိသားစုတော်စပ်သူများတာကြောင့် နေရာထိုင်ခင်းများသက်သက်စီစဉ်ပေးရန်မလိုဘူးလို့လည်း YMA တာဝန် ရှိသူများကဆိုပါတယ်။
YMA တာဝန်ရှိသူများအနေဖြင့် နောက်ထပ် စစ်ဘေးရှောင်များ အစုလိုက်ဝင်ရောက်လာနိုင်တာကြောင့် YMA ခန်းမ နဲ့ MHIP အဆောက်အအုံကို ကြိုတင်ပြင်ဆင်ထားကြောင်း၊ အဆိုပါအဆောက်အုံများမှာမဆန့်ပါက အခြား စီစဉ်ဖို့လည်းအခက်အခဲရှိကြောင်း ပြောဆိုထားကြပါတယ်။
သတင်း – Mickey
ပုံအညွှန်း – နယ်စပ်တံတားပေါ်မှာတွေ့ရတဲ့မြန်မာစစ်ရှောင်များ ( ပုံအဟောင်း )
ဓါတ်ပုံ – လူမှုကွန်ယက်












