ရခိုင်မှာ သတင်းထောက် ကိုမြတ်သူထွန်း သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ CPJ တောင်းဆို

၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်က ရခိုင်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ဖိုးသီဟကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက သတ်ဖြတ်ခဲ့ပြီး အဲဒီသတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးကာ ကျူးလွန်သူတွေကို အရေးယူပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က စစ်ကောင်စီကို တောင်းဆို လိုက်ပါတယ်။

သတင်းထောက် ကိုမြတ်သူထွန်းဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က စစ်ကောင်စီ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရစဉ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသတွင်းသတင်း သမားတွေရဲ့ ပြောပြချက်ကိုကိုးကားပြီး CPJ ရဲ့ ထုတ်ပြန် ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီရဲ့ ၃၇၈ ခြေမြန်တပ်ရင်းကို ဝင်သိမ်းတဲ့အချိန် သတင်းထောက် ကိုမြတ်သူထွန်းအပါအဝင် တခြားနိုင်ငံရေးအကျဉ်းသား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ ဗုံးခိုကျင်းတစ်ခုထဲမှာ ပစ်ထားတာကို ရှာတွေ့ခဲ့တာလို့ CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကိုမြတ်သူထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခဲ့ပြီး ၅၀၅(က) တရားစွဲဆို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက် ကိုမြတ်သူထွန်းဟာ Western news၊ 7 Day၊ DVB၊ The Voice၊ DMG နဲ့ တခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနတချို့မှာ နှစ်ပေါင်းများစွာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

CPJ က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှု အများဆုံး အဆင့် ၉ မှာရှိပြီး၊ ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရတဲ့ ဒုတိယအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းသမားတွေကို သတ်ဖြတ် ကျူးလွန်သူတွေကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ CPJ က ဆိုထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်