Zalen
မတ်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်
မြန်မာ- အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လုံလဲမြို့ နေအိမ်တစ်အိမ်မှာ ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံ ဖမ်းဆီးရမိဆိုတဲ့ ခေါင်းစဥ်နဲ့ Sai Pan Hpa အမည်ရှိ ဖေ့စ်ဘွတ်ကောင့်ပိုင်ရှင်က မတ်လ ၂၄ရက်နေ့က သတင်းဖြန့်ချိထားပါတယ်။
Sai Pan Hpa အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြန်မာနယ်စပ်အနီးတွင် CNA အဖွဲ့များနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံဖမ်းဆီး” ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းရေးသားဖြန့်ချိထားတာဖြစ်ပါတယ်။
မူရင်းသတင်းလင့်ခ်
အဲဒီသတင်းကို မတ်လ ၂၇ ရက်နေ့ ညနေအချိန်ထိ Reaction ပေးသူ ၁၀၀ ဦးနဲ့ မျှဝေသူ ၁၁ ခုထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
=========
Zalen Fact – Checking Team က စိစစ်ကြည့်တဲ့အခါ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေမြို့ နေအိမ်တစ်အိမ်မှာ ချင်းအမျိုးသားတပ်မတော် CNA ရဲဘော်များနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံဖမ်းဆီး ဆိုတာ မတွေ့ရှိရပါဘူး။
မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေမြို့မှာ CNA ရဲဘော်များနဲ့အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးခံရတာမရှိသလို လုံလေမြို့မှာ CNA ရဲဘော်များလည်း နေထိုင်ခြင်းမရှိကြောင့် CNA အရာရှိတစ်ဦးက ပြောပါတယ်။
“လုံလေမြို့မှာ ကျတော်တို့ ရဲဘော်တွေ နေထိုင်တာမရှိပါဘူး။ ပြီးတော့ လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါက အခြေမြစ်မရှိ လုပ်ကြံဖန်တီးတဲ့ သတင်းအမှားပါ။ သူများနိုင်ငံမှာ လက်နက်ကိုင်ဆောင်ပြီး သွားလာဖို့မရသလို အဲလိုလည်း လုပ်ဖို့ မရှိပါဘူး။”လို့ သူက ဆိုပါတယ်။
လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာမှာ မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေမြို့မှာ လူ ၃ ဦးနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံဖမ်းဆီးဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းဖော်ပြထားပါတယ်။
Zalen ချင်းမီဒီယာမှာဖော်ပြတဲ့ သတင်းလင့်ခ်
လုံလေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ ပေါက်ကွဲစေတက်တဲ့ လက်နက်ခဲယမ်းနဲ့အတူ တရားခံများကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က မတ်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် မူရင်းလင့်ခ်
သုံးသပ်ချက်
=======
အထက်ပါ တာဝန်ရှိသူရဲ့ ပြောဆိုချက်နဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ လုံလေမြို့မှာ ခဲယမ်းများနဲ့အတူ လူဖမ်းဆီးတယ်ဆိုတဲ့ အချက်လက်မှာမှန်ကန်ပြီး CNA ရဲဘော်များ ဖမ်းဆီးဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။
ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။
Sai Pan Hpa အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ စစ်ကောင်စီတပ်ကို အားပေး ထောက်ခံသူဖြစ်ကြောင်း တွေ့ရှိရပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ မဟုတ်မမှန် သတင်းအမှားတွေဖြန့်ချိနေတာ တွေ့ရပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။