ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher

ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ပညာရှင်များက ဆိုကြသည်။ တော်​လှန်ရေးကာလအပြီး ဖယ်ဒရယ်ဒီမိုကရေစီ ရပြီးမှ ပြန်လည် စာရင်းပြုစုရမည့် အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ သေချာသော အချက်တစ်ချက်မှာ  ဘာသာစကားမတူခြင်း၊ ယဥ်ကျေးမှုမတူ၊ ရိုးရာမတူ၊ လူမျိုးစုများအကြားဖွံဖြိုးမှုနှုန်း (ပညာရေး၊ကျန်းမားရေး၊စီးပွားရေး) မတူညီခြင်း၊ ဒေသနိုင်ငံရေး လိုအပ်ချက်နှင့် နိုင်ငံရေးအမြင်မတူခြင်း၊ ဘာသာရေးတူသော်လည်း အသင်းတော် ဂိုဏ်းဂဏကွဲပြားခြင်း စသည့် မတူညီသော အချက်များဖြင့် ပြည့်နေသော ပြည်နယ်ဖြစ်ပါသည်။

လူမျိူး ကွဲပြားခြင်းနှင့် အတူ လက်နက်ကိုင် များစွာ ချင်းပြည်နယ်အတွင်းပေါ်ထွက်လာခဲ့သည်။၂၀၂၁ နွေဦးတော်လှန်ရေး နောက်ပိုင်း ချင်းပြည်နယ်အတွင်း CNF/CNA အပါအဝင် လက်နက်ကိုင်အဖွဲ့ ပေါင်း ၂၀ ကျော် ပေါ်ထွက် လာခဲ့သည်။ ဤအဖွဲ့ ပေါင်း ၂၀ ကျော်ကို ယေဘုယျအားဖြင့် အမျိုးအစား ၃ မျိုးဖြင့် ပိုင်းခြားနိုင်သည်။ ပထမ – ၂၀၂၁ မတိုင်ခင်ရှိပြီးသား (သို့) ချင်းပြည်နယ်ကိုယ်စားပြု ရန်ရည်ရွယ်ဖွဲ့စည်းထားသောအဖွဲ့၊ ဒုတိယ – မြို့နယ်အလိုက်ဖွဲ့စည်းထားသော အဖွဲ့၊ တတိယ – မျိုးနွယ်စု အခြေခံ ဖွဲ့စည်းထားသော အဖွဲ့ များ ဆိုပြီး ဖြစ်သည်။ CNF/CNA သည် လက်ရှိချင်းလက်နက်ကိုင်များအကြား အင်အားအကောင်းဆုံးနှင့် နှစ်ပေါင်း (၃၀) ကျော်ကြာရပ်တည်လာခဲ့ပြီဖြစ်သော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ CDFs အဖွဲ့ တော်တော်များများကို စစ်ရေးသင်တန်း ပေးခဲ့သည်။ အချုပ်အားဖြင့် ဆိုရရင် CDFs များစု၏  မိခင်ဖြစ်သည်။ သို့သော် CNF/CNA ၏ CDFs များအပေါ် သြဇာလွှမ်းမိုးမှုသည် ထင်သလောက်မရှိသည့်အပြင် အထူးသဖြင့် တောင်ပိုင်းCDFs များ အပေါ် CNF ၏သြဇာသက်ရောက်မှုအားနည်းနေသည်ကိုတွေ့ရသည်။

​၂၀၂၁ တော်လှန်ရေးမတိုင်ခင် နှင့် နောက်ပိုင်းများတွင် ချင်းလက်နက်ကိုင်များအကြား ပေါင်းစည်းနိုင်ရေး၊  နိုင်ငံရေး Body တစ်ခု အောက်တွင် One Chain of Command ရှိနိုင်းရေး၊ စသဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။ ဥပမာ- CJDC၊ ICNCC၊ Chinland Council ။ သို့သော် ယနေ့ထိ မအောင်မြင်နိုင်သေးပေ။ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖယ်ဒရာယ် ဒီမိုကရေစီ ပေါ်ထွန်းလာရေး သည် ချင်းလက်နက်ကိုင် အဖွဲ့ ၂၀ လုံး၏ တူညီသော ရည်မှန်းချက် ပန်းတိုင် ဟု ဆိုကြသော်လည်း ဘာကြောင့်ယနေ့ထိ မပေါင်းစည်းနိုင်ကြသနည်း ဆိုသည့်မေးခွန်း သည် စိတ်ဝင်စားစရာဖြစ်သည်။ အဖြေမှာ အဖွဲ့ ၂၀ ကျော်တွင်သူတို့၏ ကိုယ်ပိုင်နိုင်ငံရေးအကျိုးအမြတ် (Self-Political Interest) အနည်းနှင့်အများ ရှိနေကြခြင်း ကြောင့်ဖြစ်သည်။ မတူညီသော ကိုယ်ပိုင်နိုင်ငံရေးအကျိုးအ မြတ်များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကြားသူတို့၏ ဒေသန္တရနိုင်ငံရေး(local politics) လိုအပ်ချက်များအပေါ်မူတည်ပြီး ကွဲပြား ခြားနားကြသည်။ ဤ မတူညီသော အချက်များကို နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်ပါက (သို့) လက်ရှိတော်လှန်ရေးကာလ အတွင်း ကောင်းမွန်စွာမကိုင်တွယ်ပါက ဖြစ်လာနိုင်ခြေ အကျိုးဆက်များသည် ကြီးမားနိုင်ပါသည်။

အထက်ပါမတူညီသော အချက်များအနက် အရေးပါထင်ရှားနေသော အချက်တစ်ချက်မှာ CNF/CNA ကို မယုံကြည်သောအဖွဲ့ နှင့် ယုံကြည်သောအဖွဲ့ကြီးဟူ၍ နှစ် ဖွဲ့ ကွဲနေခြင်း ဖြစ်သည်။ ဤ အချက်သည် ချင်းလက်နက်ကိုင် အဖွဲ့များကြား (power conflict) ကို ဖြစ်စေနိုင်သော အချက် ဖြစ်သည်။  လက်ရှိအနေအထားအရ CNF/CNA ၏ စစ်ရေးလှုပ်ရှားမှုသည် တစ်ခြားသော ချင်းလက်နက်ကိုင်များ (CDFs)ထက်အားကောင်းနေပြီး ကြီးမားသော တိုက်ပွဲတော်တော်များ တွင် CNA ၏ ဦးဆောင်မှု အောက်တွင်သာ CDFs များသည် တိုက်ခိုက်ကြသည်ကိုတွေ့ရသည်။ သို့သော် ယနေ့ တွင် CNF/CNA မပါပဲ CNO နှင့် Zoland PDF လဲ စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲနိုင်သည်ကို တွေ့ရ​သည်။ CNF/CNA မ ပါပဲ Mindat CDF သည် တိုက်ပွဲကြီးများ ဖော်ဆောင်နိုင်သည်။ ဤ အချက်သည် CNF/CNA ကို နိုင်ငံရေး စစ်ရေးအရ ရင်ဆိုင်နိုင်သော တခြား အင်အားကောင်းသော ချင်းလက်နက်ကိုင်များ ပေါ်ထွက်လာမှုကို ပြသနေသည်။ သို့​ သော် ချင်းပြည်နယ် စစ်ရေးနှင့် နိုင်ငံရေးတို့တွင် CNF/CNA ၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးသည်မှာ ငြင်းစရာမရှိပါ။ CNF/CNA ၏ နိုင်ငံရေးမူဝါဒ၊ စစ်ရေးဗျူဟာ နှင့် ချဥ်းကပ်မှုပုံစံများသည်ချင်းပြည်နယ်နှင့် ချင်းပြည်သူများအပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်မှု ရှိနေပြီး အနာဂါတ်မှာလည်း ရှိနေမှာ ထင်ရှားသည်။ ထို့ကြောင့် CNF/CNA ၏ လှုပ်ရှားမှု များကို လေ့လာသုံးသပ်ရန် အင်မတန် အရေးကြီးသည်ဟု မြင်ပါသည်။

ချင်းပြည်နယ်အတွင် မကြာခင်ဖြစ်သွားသော တိုက်ပွဲ့တစ်ချို့ကို ကြည့်မယ်ဆိုရင် ခမ်းပတ်မြို့သိမ်းတိုက်ပွဲ၊ ရိခေါဒါရ် စခန်းသိမ်းတိုက်ပွဲ၊ ဖလမ်းမြို့နယ်အတွင်း သီးဘွာလ်စခန်းသိမ်းတိုက်ပွဲ၊ လက်ရှိ လိုင်လင်းပီ စခန်း တိုက်ပွဲ စတာတွေကိုညီနောင်မဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဖြစ်ပေါ်လာသော တိုက်ပွဲများဟု ဆိုနိုင်ပါသည်။ ဤ တိုက်ပွဲများအနက် စစ်ပွဲ နစ်ခုကို အခြေခံပြီး CNF/CNA ၏ ချဥ်းကပ်မှုများကို သုံးသပ် ချင်ပါသည်။

ပထမ ရိခေါ်ဒါရ် တိုက်ပွဲ။ ရိခေါဒါရ်မြို့သည် ဖလမ်းမြို့နယ်အတွင်း၌ ရှိ​သည်။ တစ်နည်းအားဖြင့် CNO/CNDF ၏ နယ်မြေဖြစ်သည်။ CJDC ၏ charter အရ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၏ နယ်မြေအတွင်း တိုက်ပွဲ့ဖော်ဆောင်လိုပါက နယ်မြေခံ အဖွဲ့ ကိုကြိုတင်အကြောင်းကြား ခြင်း၊ ခွင့်ပြုချက်ယူခြင်း ပြီးနောက် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ရမည် ဆိုသော အချက်များ ပါရှိသည်။  ရိ​ခေါ်ဒါရ်တိုက်ပွဲ ကိုကြည့် ရင် CNF/CNA ဟာ CNO/CNDF နှင့်ပူးပေါင်းခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် CJDC ပြိုကွဲသွားပြီဖြစ်ပြီး၊  Charter လည်းအကျိုးဝင်ခြင်းမရှိတော့ကြောင်း ဆိုနိုင်ပါသည်။ CNF/CNA သည် ဖလမ်းမြို့နယ်အတွင်းစခန်းကို သိမ်းပိုက်နိုင်သော်လည်း CNF နှင့် CNO အကြား ဆက်ဆံရေးမှာမူ အရင်ထက် ပိုပြီး တင်းမာသွားမည်ဟု သုံးသပ်မိပါသည်။

နောက်တစ်ချက်မှာ လက်ရှိ လိုင်လင်းပီ တိုက်ပွဲဖြစ်ပါသည်။ မရာနယ်မြေအများစု နှင့် မရာပြည်သူအများစုထောက်ခံမှု ရရှိထား သော MDF နှင့်တိုင်ပင် ညှိနှိုင်းမှု တစ်စုံတစ်ရာမရှိပဲ လိုင်လင်းပီစခန်းကို CNF/CNA သည် ဝင်တိုက်နေပြန်သည်။  ဤ စခန်းကို သိမ်း၊မသိမ်းနိုင်ကတော့ စောင့်ကြည့်ရမည်ဖြစ်ပြီး CNF/CNA နှင့် MDF၊ MDF ကိုထောက်ခံအားပေးနေသော မရာပြည်သူမျာအကြား ဆက်ဆံရေးတင်းမာမှုများကို ဖြစ်စေမည်မှာ သေချာသည်။

စိတ်ဝင်စားစရာ မေးခွန်းမှာ ဘာကြောင့် CNF/CNA သည် MDF နှင့် တိုင်ပင်ခြင်းမပြု သနည်း။ CNO နှင့် MDF နယ်မြေအတွင်း CNF ၏ ဗိုလ်ကျစိုးမိုးပြီး နယ်မြေခံ အဖွဲ့များကို မလေးမစားပြုခြင်းဟု တစ်ချို့သောသူများမြင်နေမည်မှာ သေချာသည်။ တစ်နည်းအားဖြင့် CNO နှင့် MDF တို့၏ အဖွဲ့စည်းဂုဏ်သိက္ခာကို အနည်းနှင့်အများထိပါးသွားသည် ။ တိုက်ပွဲအောင်မြင်မှုသည် တစ်ပိုင်းဖြင့်သည်။ သို့သော် ချင်းပြည်စည်းလုံးမှုကို ထိခိုက်နေသည်။ထို့ကြောင့် CNF/CNA နိုင်ငံရေး၊စစ်ရေးချဥ်းကပ်ပုံများသည် ချင်းပြည်နယ်စည်းလုံးရေးတည်ဆောက်မှု နှင့် ချင်းပြည်နယ် အနာဂတ်အတွက် အားနည်းချက်များ ရှိနေသည် ဟု မြင်ပါသည်။ CNF ကို တိုက်ခိုက်နေခြင်း မဟုတ်ပဲ ထောက်ပြနေခြင်း နှင့် ထိန်းကျောင်းနေ ခြင်းဟု စာဖတ်သူအနေဖြင့် မြင်စေချင်ပါသည်။

နောက်တစ်ချက်မှာ- စစ်ရေး တိုင်းတွင်အကျိုးဆက်များ အနည်းနှင့်အများရှိသည်မှာ သိပြီးသားဖြစ်သည်။သို့သော် တိုက်ပွဲတစ်ခု မဖော်ခင် အကျိုးအမြတ် (Cost-Benefit Analysis)ကိုသေချာ သုံးသပ်ဖို့ အရေးကြီးလှသည်။ ချင်းပြည်နယ် လူဦးရေးသည် လေးသိန်းကျော်ခန့် ရှိရာ၊ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် လူဦးရေး၏ လေးပုံ တစ်ပုံ ကျော်သည် ဒုက္ခသည်နှင့် နိုင်ငံခြား ရောက်သွားကြပြီ ဖြစ်သည်။ ထို့အပြင် တိုက်ပွဲများကြောင့် တစ်နေ့ပြီးတစ်နေ့ ချင်းပြည်နယ်မှ ထွက်ခွာသွားနေသော ဒုက္ခသည် သည်ယိုနေသော ရေပုံးကဲ့သို့ ဖြစ်နေသည်။ ဤသို့ ဆိုခြင်းဖြင့် ချင်းပြည်နယ်အတွင်း တော်လှန်ရေးစစ်ရေးများကို ရပ်တန့်ရမည်မဟုတ်ပဲ့  ပြည်သူထိခိုက်မှု အနည်းဆုံး နည်းဗျူဟာများဖြင့် တိုက်ပွဲ့များ ဖော်ဆောင်ခြင်းကိုဆိုလိုသည်။ ကျနော်သည် စစ်ရေးဗျူဟာ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် လက်ရှိချင်းပြည်နယ်အတွင်း စစ်ရေးများကို လေ့လာကြည့်မယ်ဆိုရင်  ဆုံးရှုံးမှုများသည် အောင်မြင်မှုများထက် ပိုများနေသည်ဟု ထင်မိစေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ ၏ စစ်ဆင်ရေးသည် ပြည်သူထိခိုက်မှု အနည်းဆုံးနှင့် အောင်မြင်မှုအကြီးမားဆုံးကို ဖော်ဆောင်နိုင်သော စစ်​ဆင်ရေးဖြစ်သည်။ ထို့ကြောင့် CNF/CNA အပါအဝင် CDFs ခေါင်းဆောင်များအနေဖြင့် စစ်လက်နက်ကောင်းများ ၊ ခေတ်မှီနည်းပညာ များမရှိရင်တောင် စစ်ဗျူဟာ ပိုင်းမှာ ပြည်သူထိခိုက်မှုအနည်းဆုံးနှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြားလေးစားအသိမှတ်ပြုမှု ဖြင့် စစ်ပွဲများ၊ တိုက်ပွဲများကို ဖော်ဆောင်သင့်ပါသည် ဟု မြင်ပါသည်။ ပြည်သူထိခိုက်မှုသည် CNA/CDFs များ၏ လက်ချက် ကြောင့်မဟုတ်ပဲ့ စစ်ကောင်စီ ၏လက်ချက်များဖြစ်သည်ကို လက်ခံပါသည်။ သို့သော် CNF/CDFs ခေါင်းဆောင်များ၏ စစ်ဗျူဟာ၊ ချဥ်းကပ်မှုအပေါ်တွင်လည်း များစွာမူတည်သည်။

ထို့သို့ မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်များသည် ပြည်သူများမခံနိုင်လောက်သော အကျိုးဆက်များဖြစ်လာနိုင်ပါသည်။ ချင်းပြည်နယ် အတွင်း စခန်းအကုန်းလုံး သိမ်းပြီး ချင်းပြည်သူများ အားလုံး ဒုက္ခသည် ဘဝ ဖြစ်နေကြရင် စခန်းသိမ်း တိုက်ပွဲများ ဟာ အဓိပ္ပါယ်ရှိမလား။ ပြည်သူများ၏ အိုးအိမ်​တွေအကုန်ပျက်စီးမယ် ဆိုရင် စခန်းသိမ်းပွဲများက အနှစ်သာရ ရှိပါအုံးမလား။  ချင်းပြည်တစ်ခုလုံး စခန်းများကို သိမ်းပြီး ပြည်မဘက်တွင် ပုံမှန်အခြေအနေတိုင်းရှိနေရင်ကော ဖက်ဒရယ်ဒီမိုကရေစီရပြီလား။ စရှိသဖြင့် မေးခွန်းများစွာ ရှိနေ​သည်။မည်သို့ပင်ဆိုစေ ချင်းပြည်နယ်အတွင်း တော်လှန်းရေးသည် ဆက်ရှိနေ မည်​ဖြစ်ပြီး လက်ရှိထက်ပိုမို အားကောင်းရမည်ဖြစ်သည်။ စစ်ပွဲ ရှိရင် ပြည်သူထုအပေါ်အနည်းနှင့်အများ ထိခိုက်မှုရှိမည်ဖြစ်သည်။ သို့သော် စစ်ပွဲ နောက်ပိုင်းဖြစ်လာနိုင်ခြေ အကျိုးဆက်များ ကို စနစ်တကျ တွက်ချက်ပြီး၊ ချင်းပြည်နယ်စည်းလုံးရေးကို ရှေ့ရှုပြီး၊ နောက်ပိုင်း ချင်းလက်နက်ကိုင်တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား ဖြစ်လာနိုင်သော ပဋိပက္ခပြသဿနာ များကို စိတ်ထဲထားပြီး၊ ပြည်သူလူထုထိခိုက်မှု အနည်းဆုံး နည်းဗျူဟာများ ဖြင့်  ချင်းတော်လှန်ရေးကို ဆက်​လက်ဆင်နွဲကာ အောင်မြင်မှုများစွာစွတ်ခူးပါစေကြောင်း ဆန္ဒပြုရင်း ဤဆောင်းပါးသုံးသပ်ချက်ကို အဆုံးသပ်ပါသည်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်