ရခိုင်ပြည်ဘက်ကို ပြည်မဘက်ကနေ ကုန်စည်မစီးဆင်းနိုင်တော့တာကြောင့် မီဇိုရမ်ဘက်နေတင်သွင်းနေရ၊ ကျပ်ငွေလဲလှယ်နှုန်းများ ကျလာ

၁၆၊ ဧပြီ၊၂၀၂၄

Zalen

ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှ အခြေခံစားသောက်ကုန် အပါအဝင် အခြား ကုန်စည်များဟာ ပြည်မ ဘက်ကနေ အရင်ကလိုမစီးဆင်းနိုင်တော့တာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကနေ တင်သွင်းနေရကာ ကျပ်ငွေတန်ဖိုးတွေကျလာတယ် လို့သိရပါတယ်။

ရခိုင်ပြည်နယ်ကနေ အဓိက အားဖြင့် မီဇိုရမ် လောင်တလိုင်ခရိုင်ထဲက ကုန်ပစ္စည်းတွေကို တင်သွင်းရာ လောင်တလိုင်ခရိုင်အတွင်းမှာ ကျပ်ငွေကျဆင်းမှုက မီဇိုရမ်က တစ်ခြားခရိုင်တွေထက်ပိုများနေပါတယ်။

“အရင်ကတော့ ရခိုင်တွေကို ဒီမှာသိပ်မတွေ့ရဘူး၊စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်လိုက်တော့ ရေကြောင်း၊ ကုန်းကြောင်းတွေပိတ်ကုန်တယ်လို့ပြောကြတယ်။ သူတို့ကလည်း ပစ္စည်းတစ်ခါယူရင်နည်းတာမှ မဟုတ်တာ၊ သူတို့သုံးတာက ကျပ်ငွေဆိုတော့ ရူပီးငွေကို ပြန်ဝယ်ရတယ်။ ဝယ်တဲ့လူတွေများလာတော့ ကျပ်ငွေတန်ဖိုးပို ကျသွားတာပေါ့ အခုဆို မီဇိုရမ်က တစ်ခြားခရိုင်တွေမှာဆို ၁ ရူပီးကို ၄၁ ကျပ် လောက်နဲ့ဝယ်နေရပေမယ့် လောင်တလိုင်ခရိုင်အတွင်းမှာတော့ ၁ ရူပီးကို ၄၄ ကျပ် နဲ့ ၄၅ ကျပ် အထိပေးဝယ်နေရတယ်” လို့ လောင်တလိုင်မြို့ L4 ရပ်ကွက်မှာစားကုန်ဆိုင်ဖွင့်သူ တစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ကနေ ကုန်စည်လာဝယ်တဲ့ လူတွေများလွန်းတာကြောင့် တစ်ချို့ဆိုင်တွေဆို ဒေသမှာ ပြန်ရောင်း ဖို့ချန်ထားရလောက်တဲ့အထိဖြစ်နေပါတယ်။

“ကျနော်တို့လည်း ဒီမှာ ဖောက်သည်တွေအများကြီးရှိတယ်။ ပစ္စည်းရောင်းရတယ်ဆိုတာ ကျနော်တို့လိုချင် တာပဲလေ၊ဒါပေမယ့် ဒီကဖောက်သည်တွေအတွက် လည်းချန်ထားရသေးတယ်၊ ကျနော်တို့ကလည်း မြန်မာ ပြည်ဘက်ကို ပြန်မှာရတာဆိုတော့ ကြားထဲမှာပစ္စည်းပျက်သွားလို့လည်းမဖြစ်ဘူး။ သူတို့ကိုလည်း ကိုယ်ချင်း စာတော့ အများစုကိုတော့ ရောင်းပေးပါတယ်၊ အခုလတ်တလောတော့ သင်္ကြန်အချိန်ဆိုတော့ လူနည်းနည်း ပါးလာတယ်၊သင်္ကြန်ပြီးရင်ပြန်လာကြမှာ”လို့ တစ်ခြားကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

မီဇိုရမ်မှာ ဝယ်ယူတဲ့ ကုန်ပစ္စည်းများကို အိန္ဒိယ – မြန်မာဆက်သွယ်တဲ့ KMMTTPလမ်းမကြီးကနေ ချင်းပြည် နယ် ပလက်ဝမြို့နယ်ကို ဖြတ်ပြီး ရခိုင်ပြည်ဘက်ကို ပို့ရတာဖြစ်ပါတယ်။

“ကျနော်တို့ ကားလာငှားတော့ သွားရတာပေါ့၊ ကားအသေး ဆို ရူပီး နှစ်သောင်းကျော်ကနေ ကားအကြီးဆို ရူပီး သုံးသောင်းကျော်လောက် နဲ့ သွားပို့ပေးတာ ပလက်ဝနယ်က စက်လှေတွေရှိတဲ့အထိပေါ့ ၊သူတို့ဘက်ကလည်း ခက်ခဲနေတော့ သနားပါတယ်။ တစ်ခါတစ်လေ ညဘက် တွေမှာသွားရတာဆိုတော့ နည်းနည်းတော့ ကြောက် တယ်။ စကားတွေလည်း နားမလည်တဲ့အခါ ကျတော့ ပြဿနာဖြစ်မှာ စိုးရိမ်တာပေါ့” လို့ ပစ္စည်းတွေပို့ပေး လေ့ရှိတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်ဘက် ကနေ ပစ္စည်းတွေလာဝယ်ကြတဲ့ ညီအကိုများအနေနဲ့ သတိထားသင့်တာလေးတွေလေး ရှိပါတယ်။ သူတို့လာတယ် ပစ္စည်းတွေဝယ်တယ်။ပစ္စည်းတွေတင်ပြီးနောက် သူတို့ချန်ထားတဲ အမှိုက်တွေကို ပြန်ရှင်းတာတွေလည်းမရှိဘူး၊ ပြီးတော့ အရမ်းအရေးကြီးတာတစ်ခုက ပြဿနာ လုံးဝမဖြစ်ဖို့ဘဲ၊ သူတို့ကြောင့် ပြဿနာ နည်းနည်းလေးဖြစ်ရင်တော့ သူတို့အတွက် လမ်းပိတ်မှာဖြစ်သလို ဒီက စစ်ဘေးရှောင်တွေအတွက် လည်း အန္တရယ်ရှိနိုင်တယ်။ သူတို့လည်းခက်ခဲနေတယ် ဆိုတော့ အသက်ရှင်ဖို့အစားအသောက်တွေလာဝယ် တာတော့ ပြဿနာမဟုတ်ပေမယ့် စည်းလေးတွေတော့ရှိဖို့လိုတယ်” လို့လောင်တလိုင်ဒေသခံတစ်ဦးက လည်း Zalen ကိုပြောကြားထားပါတယ်။

ချင်းပြည်နယ်မှာလည်း ပြည်မဘက်ကုန်ပစ္စည်းဝယ်ယူတာခက်ခဲလာတာကြောင့် အိန္ဒိယဘက်က ဆန်၊ ဆီ၊ ဆား၊ ပဲတွေဝယ်ယူနေကြတယ်လို့သိရတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်