တော်လှန်ရေးအလွန် ပညာရေးစနစ် ကဏ္ဍတည်ဆောက်ခြင်း

Khaisa

စစ်အာဏာရှင်များ၏ ပညာရေးချဥ်းကပ်ပုံ

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ဗိုလ်နေဝင်း၏ မြန်မာ့မူမြန်မာ့ဟန်၊ မြန်မာမှုပြုရာမှ ဇောက်ထိုးကျသွားသည်ကို အားလုံးအသိဖြစ်သည်။ စစ်အာဏာရှင်စနစ် အဓွန့်တည်တံ့ခိုင်မာရေး၊ လူမျိုးကြီးဝါဒတည်ဆောက်ရေး၊ တိုင်းရင်းသားဒေသမှ သယံဇာတကို လက်ဝါးကြီးအုပ် ခြယ်လှယ်ကာ စစ်တပ်အသိုင်းအဝိုင်းကို ငွေကြေးဖြင့် တည်ဆောက် ဆွဲဆန့်ချုပ်ကိုင်ရေး၊ စစ်တပ်အသိုင်းအဝိုင်းလက်ဝယ် နိုင်ငံရေးအာဏာနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးများ ဆုပ်ကိုင်ထိန်းချုပ်ရေး၊ စစ်တပ်အသိုင်းအဝိုင်း တွင် နိုင်ငံရေးမျိုးဆက်သစ် တည်ဆောက်ရေးများကို ရည်ရွယ်ပြီး အရှေ့ဆောင်အာရှ၏ အကောင်းဆုံးသော ပညာရေးစနစ်ကြီးကို ညတွင်းချင်း ပြောင်းလဲ ဖျက်စီးပစ်ခဲ့သည်။ နိုင်ငံတစ်ခုကို နှစ်ရှည်အုပ်ချုပ်လိုပါက ထိုနိုင်ငံ၏ ပညာရေးစနစ်ကို ဖျက်စီးပစ်ပါ ဟူသော စစ်အာရှင်များ၏ စကားအတိုင်း လက်တွေ့ကျကျ ဖော်ဆောင်ပစ်ခဲ့သည်။

သို့သော်လည်း ခရိုနီအသိုင်းအဝိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများကိုမူ နိုင်ငံခြား ထိတ်ထိတ်ကြဲ ကျောင်းများ၊ တက္ကသိုလ်များတွင် ပညာအမွေရယူ သင်ကြားစေခဲ့ကြပြီး အခြေခံလူတန်းစားများကို သူတို့၏ မဟာစီမံကိန်းပညာရေးစနစ်ဖြင့် စနစ်တကျ ဖျက်စီး လူ့ညွန့်တုံးစေခဲ့ကြလေတော့၏။ နယ်ချဲ့အင်္ဂလိပ်၏ အဆင့်မီကောင်းမွန်သောပညာရေးစနစ် ပဲ့ကိုင်သူများကို စနစ်တကျ ဖြုတ်ထုတ်မှု စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။

မြန်မာသမိုင်းပညာရှင်များ၊ လူမျိုးကြီးမူဝါဒချမှတ်သူများ၊ ဗမာအမျိုးသားအကျိုးစီးပွားအကာအကွယ်ပြုသူများ၊ ဗမာအမျိုးသားရေးဝါဒီများက နယ်ချဲ့အင်္ဂလိပ်၏ ပညာရေးစနစ်ကို ရစရာမရှိအောင် ပယ်ပယ်နယ်နယ် ဝေဖန်တိုက်ခိုက်ခဲ့ကြကာ အမျိုးသားကျောင်းများတည်ဆောက်မှ ပညာရေကောင်းမွန်သယောင် ဝါဒဖြန့်ချိခဲ့ကြသည်။ နယ်ချဲ့ကိုလိုနီအောက်ကျရောက်ချိန်ဖြစ်သဖြင့် နိုင်ငံရေးအကြောင်းပြချက်နှင့် အမျိုးသားကြောင်းများတည်ဆောက်ခဲ့ကြခြင်းသည် အပြစ်မဆိုသာပေ။ သို့သော်လည်း နယ်ချဲ့ပညာရေးစနစ် ဆိုးဝါးသည်ဟု ပြောကြဆိုကြသည်မှာ သက်သက်စင် လွဲချော်မှားယွင်းကြောင်း တွေ့ရပေသည်။ အကြောင်းမှာ လွတ်လပ်ရေးရပြီးစကာလမှ နေဝင်း၏ အိမ်ဆောက်အစိုးရ ၈၈ မတိုင်ခင်အထိ မြန်မာ့ပညာရေးစနစ်က ကောင်းမွန်နေခဲ့ပါသေးသည်။ အကြောင်းမှာ နယ်ချဲ့အင်္ဂလိပ်၏ ပညာရေးစနစ်က ကျန်ရှိသေးပြီး၊ ထိုခေတ်က ဆရာ/မများသည် နယ်ချဲ့အင်္ဂလိပ်ပညာရေးစနစ်မှ ပေါ်ထွန်းလာသော ပညာတတ်များဖြစ်ကြပါခြင်းကြောင့်သာဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်ပညာရေးမျိုးဆက်ကြောင့်ဟု ဆိုရနိုင်ပါသည်။ နေဝင်း၏ မဆလပါတီအစိုးရ ပညာရေးပြုပြင်ပြောင်းလဲရေး ခေတ်လယ်ပိုင်း ရောက်လာသောအခါ နယ်ချဲ့အင်္ဂလိပ်ပညာရေးမျိုးဆက်များ ကုန်ဆုံးလာကြပြီး သင်ကြားရေးများ ကျဆင်းလာကာ ပညာရေးစနစ် လုံးဝ ယိုယွင်းသွားပါတော့သည်။ တီထွင်ကြံဆမှု၊ ကိုယ်ပိုင်ရွေးချယ်တင်ပြမှု၊ သင်ယူမှု၊ မရှိတော့ဘဲ ဖြတ်လမ်းနည်း၊ အတန်းအောင်မြင်ရေးသာ အာရုံစူးစိုက်ခြင်း၊ ဆရာဗဟိုပြုနည်းကို အသုံးပြုခြင်း၊ အကျယ်ချဲ့ တွေးယူဆက်စပ် အဖြေရှာနည်းများ ဆိတ်သုန်းကုန်တော့သည်။

လစာနည်းပါးခြင်းသည် သင်ကြားရေးဝန်ထမ်းများ သင်ကြားရေးဖက် အာရုံစူးစိုက်မှု ကျဆင်းခြင်းကို ဖြစ်စေခဲ့သဖြင့် ပညာရေးလောကမှာ ဆိုးသထက်ဆိုးဝါးလာခဲ့သည်။ ဤသည်မှာလည်း ပညာရေးဖျက်စီးသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ခဲ့သည်ကို သတိပြုသင့်သည်။ ပြည်ွင်းစီးပွားရေးကျဆင်းခြင်းမှာလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်၊ ဘုံစီးပွားရေးစနစ်ကို ဖော်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်များသည် ဗမာအမျိုးသားကျောင်းများကို ဖွင့်လှစ်ခွင့်ပြခဲ့ပြီး ဗမာအစိုးရအာဏာပိုင်များသည် တိုင်းရင်းစာပေသင်ကြားခွင့်လေးကိုပင် ခွင့်မပြုပဲ ပိတ်ပင်တားမြစ်ခဲ့ကြပါသည်။ ထို့ကြောင့် ဤနေရာ၌ ဗမာအာဏာပိုင်များနှင့် အင်္ဂလိပ်အာဏာပိုင်များ၏ သဘောထားမည်မျှ ကွာခြားသည်ကို တွေ့မြင်နိုင်ပါသည်။ နေဝင်း၏ မဆလအစိုးရ လက်ချက် ပညာရေးစနစ်ကို သန်းရွှေက ဆက်လက်မွမ်းမံအသုံးပြုခဲ့သည်မှာ ၂၀၁၀ အထိ ဖြစ်သည်။ ၂၀၁၀ နောက်ပိုင်း ပညာရေးပြုပြင်ပြောင်းလဲရေးအစီအစဥ်ချမှတ်ခဲ့ကြပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် စတင်ရွေ့တော့မှ ၂၀၂၁ မင်းအာင်လှိုင်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ တနည်း စဥ်းစားတွေးတောရလျှင် မြန်မာ့ပညာရေးစနစ်ကောင်းမွန်လာမည်ကို စစ်တပ်အသိုင်းအဝိုင်း၊ ဗမာလူမျိုးကြီးမူဝါဒချမှတ်သူများ၊ ခရိုနီများ၊ ဗမာအမျိုးသားရေးဝါဒီများ ကြောက်ရွံနေကြသည်ဟု ယူဆစရာ ရှိသည်။

အထက်ဆိုခဲ့ပြီးသည့် အတိုင်း နိုင်ငံတစ်ခုကို နှစ်ရှည်အုပ်ချုပ်လိုပါက ပညာရေးစနစ်ကို ဖျက်ဆီးပစ်ပါ ဟူသော အာဏာရှင်များ၏ စကားကို ဗမာစစ်တပ်တာဝန်ရှိသူများ အလွန်ခိုင်မာစွာ ယုံကြည်သက်ဝင်ခဲ့ကြ၍ ဖြစ်ပေမည်။

ထို့ကြောင့် ကောင်းမွန်သော နိုင်ငံရေးစနစ်သည် ကောင်းမွန်သော ပညာရေးစနစ်မှသာ ဖြစ်ထွန်းလာပြီး ကောင်းမွန်သော ပညာရေးစနစ်က ကောင်းမွန်သော တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကို တည်ဆောက်နိုင်စေပါသည်။ ကောင်မွန်သော ပညာရေးစနစ်သည် တန်းတူအခွင့်အရေးကို သိရှိစေသည်။ လူသားချင်းစာနာထောက်ထားမှုကို သိရှိစေသည်။ မျှတသော စိတ်ကို ဖြစ်ထွန်းစေသည်။ လူ့ဂုဏ်သိက္ခာကို မြှင့်တင်စောင့်ရှောက်သည်။ လူသားချင်း လေးစားမှု ၊ အကာအကွယ်ပြုမှု၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်း၊ ကောင်မွန်သော လူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်သည်။ အပြုသဘောဆောင်သော အတွေး၊ ခံစားချက်၊ ယုံကြည်ချက်၊ လုပ်ဆောင်ချက်များကို ဖြစ်ထွန်းစေပါသည်။

မြန်မာ့ပညာရေးခေတ်သစ်တစ်ခုကို ဖောင်ဆောင်ပြီး ဝင်ရောက်ဖို့တာဆူနေစဥ်မှာပင် ကံမကောင်း အကြောင်းမလှစွာဖြင့် ဗမာစစ်တပ်မှာ အာဏာသိမ်းသွားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ပြည်သူ့တော်လှန်ရေး ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေသည့်အတွက် မိဘပြည်သူများများအနေဖြင့် မိမိသားသမီးများ၏ ပညာရေးအတွက် လွန်စွာ စိတ်ပူပန်နေကြသည်ကို တွေ့ရသည်။ တစ်ချို့ ကျောင်းသူ/သားများလည်း လက်နက်ကိုင်တော်လှန်ရေးဘဝသို့ ခြေစုံပစ်ဝင်ရောက်ကုန်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ တော်လှန်ရေးသမား ကျောင်းသူ/သားများနှင့် ပညာရေးအတွက်စိတ်ပူနေကြသော ကျောင်းသားမိဘများကိုလည်း အပြစ်မဆိုသာချေ။ အခြေအနေက ရွေးချယ်စရာမရှိသော ကာလဖြစ်နေသောကြောင့် ဖြစ်ပါတော့သည်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တတ်အားသရွေ့ ပညာရေးအစီအစဥ်များ ဖော်ဆောင်နေကြပါသော်လည်း ထင်သလောက်ခရီးမတွင်လှပေ။ အဘယ်ကြောင့်ဆိုသော် ပညာရေးလုပ်ငန်းကဏ္ဍသည် ဘတ်ဂျက်ငွေကုန်ကြေးကျ များလှသောကြောင့် ဖြစ်သည်။ တဖက်ကလည်း လက်နက်ခဲယမ်းလိုအပ်ချက်ပြဿနာက ရှိနေသော အနေအထားတွင် ပညာရေးကဏ္ဍကို အလွန်အမင်း ဦးစားပေးပါက တော်လှန်ရေးလမ်းခရီးကို အနေအထားတစ်ခုအထိ နှောင့်နှေးသွားစေမည်မှာ မလွဲပေ။

NUG အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးအစီအစဥ်ကို လုံးဝ ဖော်ဆောင်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။ NUG အနေဖြင့် ဒေသန္တရပညာရေးဘုတ်အဖွဲ့အားလုံးကိုပင် ကောင်းမွန်စွာ ချိတ်ဆက်နိုင်ခြင်းမရှိသော အနေအထားတွင် ရှိနေပါသည်။ နောက်တချက်မှာ စကစ၏ လေကြောင်းရန်သည် မြေပြင်ရှိ ဒေသန္တရပညာရေးလုပ်ငန်းဖော်ဆောင်မှုကို အလွန်အမင်း အန္တရာယ်ပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်မြေပြင်၊ စစ်ဧရိယာတွင် ပညာရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် လုံးဝ မဖြစ်နိုင်ပေ။ ကမ္ဘာ့ပြည်တွင်းစစ်များကို လေ့လာပါက ပြည်တွင်းစစ်ကာလတွင် ပညာရေးလုပ်ငန်းများ ရပ်နားကြရပြီး အနာဂတ်ပညာရေးအစီအစဥ်မူဝါများကိုသာ ကြိုတင်ပြင်ဆင်ကြရသည်ကို တွေ့ကြရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြမည်။

ဤဆောင်းပါးသည်း စာရေးသူ၏ အာဘော်နှင့် အမြင်သာဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်