ချင်းအမျိုးသား​ပြည်ထောင်တမ်းခြင်းမှသည် ချင်းဘုံစကားသို့

Khaisa ရေးသည်။

ဘာသာစကားသည် လူ့ဘောင်လူ့အဖွဲ့အစည်းတွင် အရေးကြီးဆုံးသော ဆက်သွယ်ရေးကြားခံ မီဒီယာဖြစ်ပါသည်။ ရှေးယခင် သမိုင်းဦး မတိုင်ခင်ကာလမှ ယနေ့ထိတိုင် ပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးချင်း၊ လူမျိုးတစ်ခုမှ တစ်ခုချင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ရာတွင် အရေးကြီးဆုံးသော အရာဖြစ်သည်။ ကမ္ဘာနှင့်ချီသော ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သင်ကြား​ရေးစသည့် လူမှုအဖွဲ့အစည်းတစ်ခုလုံး ဆင့်ကဲတိုးတက်လာရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကဏ္ဍပေါင်းစုံကို ဘာသာစကားက အဓိကနေရာယူ ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ လူ့ပြည် လူ့ဘောင်တွင် ဘာသာစကားသာမရှိပါက လူ့အဖွဲ့အစည်းသည် မည်သို့မည်ပုံ ဖြစ်ပျက်နေမည်ကို စာရှုသူအနေဖြင့် တွေးတောကြည့်လိုက်ပါက ဘာသာစကား၏ အဖိုးတန်အရေးပါပုံကို လုံးဝ သဘောပေါက်သွားပါလိမ့်မည်။ လူမှုအဖွဲ့အစည်းလူ့ဘောင်သည် ဘာသာစကားနှင့် ကင်းကွာ၍ လုံးဝ မရပေ။ ကာလသုံးပါးတွင် လိုအပ်ချက်အကြီးမားဆုံးသော အရာပင် ဖြစ်နေတော့၏။ 

လူ့သမိုင်းတလျှောက် အမျိုးသားနိုင်ငံများ၊ ပြည်ထောင်စုနိုင်ငံများ၊ အင်ပါယာကြီးများ၊ အုပ်ချုပ်မှုစနစ်မျိုးစုံဖြင့် လူ့ဘောင်အဖွဲ့အစည်းကြီး ခရီးနှင်လာခဲ့သော သမိုင်းလမ်းကြောင်းတစ်လျှောက် ဘာသာစကားကို လက်နက်တစ်ခုသဖွယ်အသုံးပြုလာခဲ့ကြသည်။ အင်အားကြီးစစ်နိုင်သော နိုင်ငံနှင့်လူမျိုးများက ဘာသာစကားဖြင့် လွှမ်းရန် ကြိုးစားနယ်ပယ်ချဲ့ထွင်ခဲ့ကြသည်။ ဝါးမြိုခဲ့ကြသည်။ လွှမ်းမိုးခဲ့ကြသည်။ စစ်ရေးအင်အားနှင့်တွဲလျှက် ဘာသာစကားကို ကျယ်ပြန့်စွာ ဖြန့်ကျက်ခဲ့ကြသည်။ ဘာသာစကားအင်ပါယာလွှမ်းမိုးမှုဖြင့် အာဏာ၊ အုပ်ချုပ်ရေး၊ စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့၊ ပညာရပ်များ ဖြန့်ဝေတည်ဆောက်ကြလာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဘာသာစကားဖြင့် အမျိုးသားအင်ပါယာများ ထူထောင်ကြ၏။ အမျိုးသားယဥ်ကျေးမှုနှင့်စာပေအင်ပါယာများ ထူထောင်ကြ၏။ ဘာသာစကားဖြင့် အမျိုးသားအကျိုးစီးပွားများ ရှာဖွေတည်ဆောက်ကုန်၏။ ဘာသာစကားအင်အားကြီးထွားမှုကို အသုံးပြုပြီး တစ်ချို့ လူသားမျိုးနွယ်စုများ ဘာသာစကားပျောက်ကုန်သကဲ့သို့ လူမျိုးပါ ဝါးမြိုပျောက်ဆုံးခြင်း ဖြစ်ကြကုန်၏။ ဘာသာစကားသည် အမျိုးသားရေးတည်ဆောက်ရာတွင် အမျိုးသားအကျိုးစီးပွားကို အင်မတန် အကျိုးပြုသော တန်ဆာပလာဖြစ်နေဆဲပင် ဖြစ်သည်။ နောင်လည်း ဖြစ်နေအုံးမည်သာ။

ယနေ့လက်ရှိ ချင်းပြည်ပထဝီဝင်အနေအထားကို ကြည့်ပါက ဗဟိုချင်းပြည်၊ အနောက်ချင်းပြည်(Mizo)၊မဏိပူရ်၊ အနောက်မြောက် ချင်းပြည်( နာဂ)၊ အနောက်တောင်ချင်းပြည် (စစ်တကောင်း)၊ အရှေ့ပိုင်းချင်းပြည်( မကွေး၊ စစ်ကိုင်းဒေသ၊ ကလေးကဘော်) ဟု ခွဲခြားထားသည်ကို တွေ့ရပေမည်။ ထိုကဲ့သို့ ခွဲခြမ်းခံရသဖြင့် ဘာသာစကားများ ကွဲပြားသော အဖြစ်သို့ ရောက်ရှိကြကုန်ပါသည်။ သို့သော်လည်း မူရင်း၊ မူကွဲအဖြစ် အသုံးအနှုန်း အလွန်နီးစပ်ကြပါသည်။ ချင်းမျိုးနွယ်စုဝင် ဘာသာစကားများကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖျာကြည့်ပါက မူကွဲ (၅) မျိုးသာရှိကြောင်း တွေ့ရမည်ဖြစ်သည်။ မှတ်ချက်(မူကွဲ ၅ မျိုးကို မဖော်ပြတော့ပါ) ဤသည်မှာလည်း ရှေးယခင်က လမ်းပန်းဆက်သွယ်ရေးဆိုးဝါးလှသော အခြေအနေနှင့် မိမိဒေသကိုသာ ခင်တွယ်ကြသော ချင်းလူမျိုးများ၏ မွေးရာပါစရိုက်၊ မိမိမျိုးနွယ်စုကို အလွန်တရာအလေးထားမှုကြောင့် ကူးလူးဆက်ဆံရေး နည်းပါးခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရှေးယခင်ကာလက နယ်နိမိတ်အပိုင်းအခြားမရှိခဲ့သော ချင်းပြည်သည် ဒုတိယကမ္ဘာစစ်ကြောင့် အကွဲကွဲ အပြဲပြဲဖြင့် ခွဲထုတ်ခံထားရသည်မှာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပြီး ဝမ်းနည်းစရာကောင်းလှသည်။ ဤ ဆုံးရှုံးမှုကို တန်ပြန်တည်ဆောက်နိုင်ရန် အခွင့်အရေးတစ်ရပ် ရှိနေခဲ့ပါသည်။ ယနေ့လို Globalization ကာလတွင် ချင်းအမျိုးသားပြည်​ထောင်ကို ပြန်လည်ဆန်းသစ်သော အင်အားစုစည်းမှုမျိုးဖြင့် ချည်းကပ်ရန် လိုအပ်လာပါသည်။ ထိုချည်းကပ်ရန် နည်းလမ်းမှာ ချင်းအမျိုးသား ဘုံဘာသာစကား သတ်မှတ်ရေးပင်ဖြစ်တော့၏။ 

ချင်းအမျိုးသားပြည်ထောင်၏ အားလုံးသော နယ်နိမိတ် စုစုပေါင်း ဧရိယာစတုရန်းမိုင်ပေါင်း ( 93900 km²) ရှိမည်ဖြစ်ပြီး ချင်းအားလုံးလွှမ်းခြုံသော လူဦးရေမှာ( ၆ )သန်းဝန်းကျင်ရှိမည်ဖြစ်သည်။ မှတ်ချက် ( Google ၌ ရှာဖွေသော အချက်အလက်များအရ၊ မှားယွင်းမှုရှိနိုင်ပါသည်) နိုင်ငံနှင့်ဒေသ နေထိုင်ရာ ခွဲခြမ်းအုပ်ချုပ်ခြင်းခံနေကြရသော ချင်းအနွယ်ဝင်များအားလုံးကို တစ်စုတစ်စည်းတည်းဖြင့် အမျိုးသားရေးစိတ်ဓာတ်ပေါင်းစည်းစေမည့် တစ်ခုတည်းသောအရာမှာ ဘုံစကားပင် ဖြစ်သည်။ ဘုံစကားသတ်မှတ်ရာတွင် အမျိုးသားစည်းလုံးရေး၊ ချင်းအမျိုးသားပြည်ထောင်အရေး၊ ဘုံအမျိုးသားစိတ်ဓာတ်၊ ချင်းအမျိုးသားအကျိုးစီးပွား၊ ချင်းအမျိုးသားအင်အားစု၊ ယုတ္တိတန်မှု၊ နီးစပ်ခြားနားကြွယ်ဝသော ယဥ်ကျေးမှုဓလေ့များကို ရှေ့ရှုကာ သတ်မှတ်အကောင်အထည်​ဖော်ရန် အရေးပါလာပါသည်။ မီဇိုရမ် နိုင်ငံရေးသမားများအနေနှင့်လည်း ယခုကာလတွင် ချင်းအမျိုးသားရေး၊ ချင်းအမျိုးသားများပြည်ထောင်ကို စိတ်ဝင်စားနေကြချိန်ဖြစ်သည်။ မီဇို များအနေဖြင့် အရှေ့ ချင်း​ပြည်၊ စစ်တကောင်း ကူကီး နှင့် မဏိပူရ်အရေးအခင်းများကြားတွင် ဗျာများနေကြရပြီး တတ်အားတရွေ့ အကူအညီပေးကာ စောင့်ရှောက်ပေးနေကြသည်မှာ အနာဂတ် ချင်းအမျိုးသားများပြည်ထောင်အတွက် ကောင်းမွန်သော ခြေလှမ်းပင် ဖြစ်သည်ဟု ယူဆပါသည်။ မည်သို့ပင် ဖြစ်စေ ချင်းအနွယ်ဝင် ချင်းအမျိုးသားများပြည်ထောင်တည်ဆောက်ရေး၊ ချင်းအမျိုးသားများပြည်ထောင် အကျိုးစီးပွားတည်ဆောက်ရေးအတွက် အရေးကြီးသော ဘုံဘာသာစကားကို ရွေးချယ်သတ်မှတ်ရန် အရေးတကြီးလိုအပ်သည်မှာ သေချာလှပါသည်။ သို့မှသာ ရင်ဘတ်ချင်း၊ နှလုံးသားချင်း၊ သွေးသားချင်း၊ သဘောထားချင်း ပိုမို၍ နက်ရှိုင်းစွာ နီးစပ်လာမည်ဖြစ်သည်။ ပိုမို ချစ်ခင်ရင်းနှီးပေါင်းကူးလာစေမည်မှာ မုချပင်။ ဤ မျှော်လင့်ချက်ကို ချင်းပြည်သူ ချင်းအမျိုးသားအားလုံးက အကြွင်းမဲ့ ယုံကြည်ချက်လထားရှိရန် အလွန်ရေးကြီးလှပါ၏။ 

နိဂုံးချုပ်အနေဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး အသွင်အပြင် အလှည့်အပြောင်း ရေစီးကြောင်းများသည် ရာစုနှစ်များ၊ ဆယ်စုနှစ်များတွင် မထင်မှတ်ဘဲ ပြောင်းလဲတတ်သည့် သဘောသဘာဝရှိသည်ကို ချင်းပြည်သူ၊ ချင်းအမျိုးသားများအနေဖြင့် မမေ့သင့်ပေ။ ချင်းအမျိုးသားအားလုံးအနေဖြင့် ယုံကြည်မျှော်လင့်ချက် ထားရှိကာ ကြိုးစားဆောင်ရွက်နေကြရမည့် တာဝန်ရှိပါသည်။ ပထမကမ္ဘာစစ်၏ ကမ္ဘာ့နိုင်ငံများ နယ်နိမိတ် အပြောင်းအလဲများ၊ ဒုတိယကမ္ဘာစစ်၏ ကမ္ဘာ့နိုင်ငံများနယ်နိမိတ် အပြောင်းအလဲများ၊ ဒေသတွင်းစစ်ပွဲများကြောင့် ဖြစ်လာသော နယ်နိမိတ်အပြောင်းအလဲများကို လေ့လာသိရှိကြရန်လိုအပ်သည်။ မှတ်ချက်( အထောက်အထားများ မဖော်ပြတော့ပါ။ ) ထို့ကြောင့် မိမိတို့ ချင်းအနွယ်ဝင်များအနေဖြင့် ပြန့်ကျဲနေသော ချင်းအမျိုးသားပိုင်နက်နယ်မြေများ မည်သည့်အချိန်တွင် ပြန်လည်စုစည်းနိုင်ရမည်ကို မသိရှိနိုင်ပါ။ မဖြစ်နိုင်ပါဟုလည်း တွေးယူလို့မရပါ။ ကမ္ဘာ့နယ်နိမိတ်အပြောင်းအလဲ ဖြစ်ပေါ်ရာ ကာလများကို ကြည့်ခြင်းအားဖြင့် ချင်းအမျိုးသားနယ်မြေများ တကျော့ပြန် ပြန်လည်ပေါင်းစည်းရမည်ဟူသော ယုံကြည်ချက်ကို နှလုံးသားထဲတွင် သံမှိုရိုက်ထားသကဲ့သို့ ခံယူချက် ယုံကြည်ချက်အပြည့်အဝ ထားရှိရမည် ဖြစ်သည်။ ထို့အတွက် ချင်းနယ်နိမိတ်များ မပေါင်းစည်းခင်စပ်ကြားတွင် မီဇို ဘာသာစကားကို ချင်းအမျိုးသားများပြည်ထောင်၏ ဘုံဘာသာစကားအဖြင့် သတ်မှတ်အသုံးပြုပြီးရန် အသင့်တော်ဆုံးဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခြားသော ချင်းဒေသများတွင် ခိုင်မာသော ဘုံဘာသာစကား ရွေးချယ်သတ်မှတ်ရန် အခက်အခဲ ရှိပါသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ် အနေဖြင့် ခြွင်းချက်မရှိ အသုံးပြုနေကြသည်ကို လက်ခံရပါလိမ့်မည်။ ထို့ပြင် နာဂလဲန့်နှင့် ချင်းပြည်တောင်ပိုင်းမှလွဲ၍ ကျန်ဒေသများအားလုံးသည် မီဇို စကားနှင့် အကုန်နီးစပ်သော ဘာသာစကားကို အသုံးပြုကြသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် မီဇို စကားကသာ ချင်းအမျိုးသားဘုံစကားအဖြင့် အသင့်တော်ဆုံးဟု ယူဆရခြင်း ဖြစ်ပါသည်။ ချင်းအမျိုးသားများအားလုံး၊ ချင်းအနွယ်ဝင်များအားလုံး ဆက်သွယ်ပြောဆို ရင်းနှီးစေရန် ဘုံ ဘာသာစကားအားဖြင့် စည်းလုံးမှုတည်ဆောက်ဖို့၊ ကြိုတင်ပြင်ဆင်ရေးများဆောင်ရွက်ဖို့၊ အမျိုးသားအကျိုးစီးပွားတည်ဆောက်ဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ အမြင်ကျယ်စွာ အမြန်ဆုံး ပေါင်းစည်း အကောင်ထည်ဖော်ဆောင်ကြရန် ဖော်ပြအပ်ပါသည်။

Khaisa

30/12/23 on Satday 8:13 pm (India)

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်