မေ ၉ ၊ ၂၀၂၆
Zalen
ယူအက်ဖ်စီ (UFC) ဖိုက်တာ ဂျော့ရှူဝါဗန်က လာမယ့် UFC 328 ပွဲစဉ်မှာ ပြိုင်ဘက် တာဆုရိုတိုင်ရာကို သုံးချီအတွင်း အပြတ်အသတ် အနိုင်ယူသွားမှာ ပြောကြားလိုက်ပါတယ်။
သူအနေနဲ့ အခုပွဲစဉ်မှတဆင့် မိမိကိုယ်ကိုယ် ကမ္ဘာ့အဆင့်မီ ကစားသမားတဦးဖြစ်ကြောင်း သက်သေပြသွားဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဗန် ဟာ လက်ရှိမှာ လေ့ကျင့်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ပြိုင်ဘက် တာဆုရိုတိုင်ရာမှာ ဘက်စုံတော်တဲ့ ကစားသမားတဦး ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ အနိုင်ရရှိဖို့ အသင့်ရှိတယ်လို့ BBC နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အရင်က တာဆုရိုတိုင်ရာနဲ့ ပွဲစဉ်မှ ဗန် နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ အပေါ် သူက ပြတ်သားစွာ ငြင်းဆိုခဲ့ပါတယ်။
မိမိမှာ ဒဏ်ရာရရှိထားခြင်း မရှိကြောင်းနဲ့ လူမှုကွန်ရက်ပေါ်ရှိ ပို့စ်အချို့ကို သဘောမကျသဖြင့်သာ ပွဲကို ခေတ္တဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။
တာဆုရိုတိုင်ရာဟာ ချုပ်ကွက်ကျွမ်းကျင်သူအဖြစ် လူသိများသော်လည်း ဗန်က သူ့မှာ လက်သီးတွဲဆိုင်းတွေအပြင် ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ချုပ်ကွက်စွမ်းရည်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဗန်က အခုပွဲစဉ်ကို စစ်တုရင်ကစားပွဲကဲ့သို့ ရှုမြင်ထားပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ဦးစွာရှာဖွေကာ အကောင်းဆုံး တုံ့ပြန်သွားမှာလို့ ပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ အားပေးထောက်ခံမှုဟာ ၎င်းအတွက် ကြီးမားသော ခွန်အားဖြစ်စေကြောင်းနဲ့ မြန်မာနိုင်ငံကို ကမ္ဘာက ပိုမိုသိရှိလာစေဖို့ကြိုးပမ်းသွားမှာလို့ ဗန်က ဆိုပါတယ်။
ဒါ့အပြင် ဆုတောင်းမေတ္တာ ပို့သပေးကြသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ မိဘပြည်သူတွေအားလုံး မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေကြောင်း ဘီဘီစီမှတဆင့် နှုတ်ခွန်းဆက်စကား ပါးခဲ့ပါတယ်။
သတင်း-ဆလိုင်း







