အာသံက မာသီယာစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

ဇွန် ၂၆၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက မာသီယာ (Matia) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေဟာ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ခံနေရတယ်လို့ India for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီလောက်မှာ မာသီယာစခန်းရဲ့ လက်ထောက်ထောင်မှူး Mr. Shantanu Deep ဆိုသူက ညွှန်ကြားပြီး Assam Rifles တပ်ဖွဲ့ဝင်တွေက စခန်းထဲမှာရှိတဲ့ မြန်မာအမျိုးသမီး ဆယ်ဦးကို သီးခြားခွဲထုတ်ပြီး တစ်ကိုယ်လုံးကို ရှာဖွေစစ်ဆေးခဲ့ကြတာပါ။

အဲဒီလို ရှာဖွေစစ်ဆေးတဲ့နေရာမှာ အမျိုးသမီးရဲတွေ ဒါမှမဟုတ် အမျိုးသမီးဝန်ထမ်းတွေ တစ်ယောက်မှမပါဘဲ အမျိုးသားစစ်သားတွေကပဲ ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

Zalen ad

အဲဒီလို စစ်ဆေးတဲ့အချိန်မှာ အမျိုးသားတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေရဲ့ မသင့်လျော်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကိုင်တွယ်ထိတွေ့တာမျိုးတွေ လုပ်ခဲ့ကြတဲ့အပြင်၊ ဒီလိုမျိုး ရှာဖွေစစ်ဆေးတာတွေကို နေ့တိုင်း ဒါမှမဟုတ် အပတ်တိုင်း ဆက်လုပ်သွားမယ်ဆိုပြီး ခြိမ်းခြောက်တာတွေပါ လုပ်ခဲ့တယ်လို့ ထိန်းသိမ်းခံထားရသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီးတော့ ထုတ်ပြန်ထားပါတယ်။

တကယ်တော့ ဒီလုပ်ရပ်ဟာ အမျိုးသမီးတစ်ယောက်ကို စစ်ဆေးမယ်ဆိုရင် အခြားအမျိုးသမီးတစ်ဦးကပဲ သိက္ခာရှိရှိ ရှာဖွေစစ်ဆေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အိန္ဒိယပြည်တွင်းဥပဒေ (BNSS ပုဒ်မ ၄၉-၂) ကို တိုက်ရိုက်ချိုးဖောက်နေတာပါ။

ဒါ့အပြင် အမျိုးသမီးတစ်ယောက်ရဲ့ ကာယိန္ဒြေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အင်အားသုံးစော်ကားတဲ့အတွက် အိန္ဒိယပြစ်မှုဆိုင်ရာဥပဒေ (BNS ပုဒ်မ ၇၄) အရပါ အရေးယူလို့ရတဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီ မာသီယာထိန်းသိမ်းရေးစခန်းထဲမှာ အမျိုးသမီး (၁၀) ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၃၂) ဦး ထိန်းသိမ်းခံထားရဆဲပါ။ သူတို့တွေဟာ ပြစ်ဒဏ်ကာလတွေ ပြည့်ပြီးသားဖြစ်ပေမဲ့ မြန်မာပြည်တွင်းထဲမှာ စစ်ပွဲတွေကြောင့် မတည်ငြိမ်သေးတော့ နေရပ်မပြန်နိုင်ဘဲ ရှိနေကြတာပါ။

သူတို့ထဲကတချို့ဆိုရင် တတိယနိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့် ပေးပြီးသားဖြစ်နေပေမဲ့၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇီဝအချက်အလက် (Biometric Data) လာရောက်ကောက်ခံနိုင်ဖို့အတွက် အိန္ဒိယအာဏာပိုင်တွေဘက်က ခွင့်မပြုသေးဘူးလို့လည်း သိရပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ သူတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက် (ICCPR) ကို ချိုးဖောက်ပြီး ဒုက္ခသည်တွေအပေါ် အကျဉ်းထောင်စည်းမျဉ်းတွေနဲ့ အတင်းဖိနှိပ်နေတာကို ရပ်တန့်ဖို့ India for Myanmar အဖွဲ့က အလေးအနက် တောင်းဆိုထားပါတယ်။

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကိစ္စအပေါ် လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ပေးဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားတဲ့အပြင်၊ UNHCR နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒီဖြစ်စဉ်ကို အရေးပေါ် စောင့်ကြည့်ပြီး ကူညီပေးကြဖို့၊ အိန္ဒိယထဲက မြန်မာဒုက္ခသည်တွေ ကြုံနေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာအသိုက်အဝန်းကပါ ဝိုင်းဝန်းအာရုံစိုက် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Emily

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့နယ်အတွင်း ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်လို့ ဒေသခံတွေအခက်တွေ့နေကြ

ဇွန် ၂၆၊၂၀၂၆Zalen ချင်းပြည်နယ် တောင်ပိုင်း ၊ မင်းတပ်မြို့နယ် အတွင်း ၀မ်းလျှော၊၀မ်းပျက်တွေ ဖြစ်နေတာကြောင့် ဒေသခံတွေအခက်အခဲ တွေ့နေကြတယ်လို့ သတင်းရရှိပါတယ်။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်းကစပြီး အဆိုပါ ...

ဆက်ဖတ်ရန်