ဟားခါးမြို့အုပ်ချုပ်ရေးမှူးကို သင်္ကြန်ပွဲတော်မှာ ယိမ်းအဖွဲ့မပါဝင်ခြင်းအပါအဝင် အချက်(၁၃)ချက်နဲ့ စွဲချက်တင်

ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သင်္ကြန်ပွဲတော်မှာ ယိမ်းအဖွဲ့မပါဝင်ခြင်းအပါအဝင် အချက်(၁၃)ချက်နဲ့စွဲချက်တင်လိုက်တယ်လို့သိရပါတယ်။

ဒီစွဲချက်တွေကို ပြည်နယ်အစိုးရသဘောတူညီချက်နဲ့ ဝန်ထမ်းရေးရာ နည်းဥပေဒ ၁၉၅(ဂ)ဖြစ် မေလ(၁၁)ရက်တွင်ထုတ်ပြန်ထားခြင်းဖြစ်တယ်။

ပြည်နယ်ထွေအုပ်ရုံးက ဒီလ(၁၅)ရက်နောက်ဆုံး ၎င်းတို့ထံစာနဲ့ဖြေရှင်းချက်ပေးဖို့ထုတ်ပြန်ထားပါတယ်။

“သူတို့ စေတီထီးတင်အခမ်းအနားတို့၊ ဘုန်းကြီးတွေကန်တော့တဲ့ပွဲတွေမှာတက်စေချင်တယ်။ ဒါပေမယ့် ကျနော်က အစိုးရဝန်ထမ်းပါ ဘာသာရေးဝန်ထမ်းမဟုတ်ဘူး။ ကျနော့်မိခင်ဘုရားကျောင်းမှာလည်း တနင်္ဂနွေနေ့မှအပမသွားဘူး။  ပြီးတော့ မြေယာလျှောက်ထားမှုနဲ့ပတ်သက်ပြီး နိုင်ငံသားတိုင်းက သူကြိုက်သလောက်မြေယာလျှောက်ထားပိုင်ခွင့်ရှိတယ်လေ။ ကျနော်ရုံးလုပ်ငန်းမနိုင်နှင်းဘူးလို့ပြောရင် ကျနော့်ရုံးခန်းကိုလာကြည့်ပါစေ ကျနော်ဘယ်လောက်အလုပ်လုပ်လဲဆိုတာသိမယ်။ ကျနော် အမှန်တရားကိုပဲမြတ်နိုးတယ်”လို့ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က Zalen သတင်းသို့ပြောတယ်။

၎င်းကိုစွဲချက်တင်ထားတဲ့အချက်တွေကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေ့စဉ်နံနက်(၈:၃၀)နာရီအချိန်ပြုလုပ်တဲ့ အစည်းအဝေးတွေကို တက်ရောက်မှုအားနည်းခြင်း၊ ခွင့်တိုင်ကြားမှုမရှိဘဲ ပျက်ကွက်ခြင်း၊ ဟားခါးမြို့ရေပေးဝေရေးအဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းခြင်း၊ မိမိမြို့နယ်နဲ့ မသက်ဆိုင်သောအခြားမြို့နယ်(ထန်တလန်မြို့နယ်)သို့ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲသွားရောက်ခြင်း၊ အုပ်ချုပ်ရေးသမာတစ်ယောက်ဟာ မိမိအနေဖြင့် မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ ကျန်ဘာသာရေးကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ မြေနေရာလျှောက်ထားရာတွင် တစ်ဦးတည်းအနေဖြင့် မည်သည့်အတွက်ကြောင့် မြေဧရိယာကျယ်ဝန်းစွာလျှောက်ထားခြင်း၊ သင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့အပါဝင်ခြင်း၊ ခရိုင်/မြို့နယ်ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ ချင်းအမျိုးသားနေ့အခမ်းအနားတွင် လူကြီးများအနီးတွင် မရှိခြင်း၊ လာရောက်ရန်ပျက်ကွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်မည်ကိုသိရှိသော်လည်း လာရောက်ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ အုပ်ချုပ်ရေးသမားတစ်ယောက်အနေဖြင့် ဥပဒေစိုးမိုးရေးတွင်ဆောင်ရွက်မှုအားနည်းခြင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းခြင်း၊ ဟားခါးမြို့တော်ခန်းမ၌ကျင်းပသည့် လူမှုအဖွဲ့အစည်းတစ်ခုရဲ့ဒီမိုကရေစီအစည်းအဝေးအား ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်မရမီ ဆောင်ရွက်နေမှုအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ တားမြစ်ရန်ပြောကြားခဲ့သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် အစည်းအဝေး၊ အခမ်းအနားများတွင်ပါဝင်ဆောင်ရွက်မှုအားနည်းခြင်း၊ မိမိဌာနပိုင်မြေကို ခွင့်ပြုချက်မရှိဘဲ အုတ်တံတိုင်းအားဖြိုဖျက်၍ မိမိသဘောဖြစ်လမ်းတာချဲ့ရန်ဆောင်ရွက်ခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

ဦးချန်ဖီယာန်ဟာ ၂၀၁၀ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ခမ်းပတ်မြို့မှာ အထွေထွေအုပ်ချုပ်ရေးမှူးဌာန ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာနတွင် ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ယနေ့ထိ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့တယ်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်