စစ်ရာဇဝတ်မှုကျူးလွန်တဲ့ CC တပ်သားများကို ဖော်ထုတ်အရေးယူမယ်လို့ Chinland Council ထုတ်ပြန်

၂၇၊ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့ မြို့သိမ်းတိုက်ပွဲက ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားထဲက ချင်းလူမျိုးတစ်ယောက်အပါအဝင် ၃ ဦးကိုပစ်သတ်တဲ့ Chinland Council တပ်သားများကို ဖော်ထုတ်အရေးယူသွားမယ်လို့ ယနေ့တွင် Chinland Council ကထုတ်ပြန်ထားပါတယ်။

ယင်းဗီဒီယိုင်ဖိုင်ဟာ ဇွန်လ ၂၂ ရက်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး ကြည့်ရှုသူများရဲ့ ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရပါတယ်။

Zalen ad

ဗီဒီယိုဟာ ၂မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ဦးက ဒဏ်ရာအသီးသီးရထားပြီးစောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ဦးကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်သွားပါတယ်။ နောက်ဆုံးပစ်သတ်ခံရတဲ့ ခြေထောက်မှာဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်သားက “ကျနော် ချင်းပါ။ ဆရာ မပစ်ပါနဲ့တောင်းပန်းပါတယ်”လို့ လက်မြောက်ပြီး အသနားခံနေတဲ့ချိန်မှာ နဗူးတည့်တည့်မှာ ပစ်သတ်ခံရပါတယ်။ ပြီးနောက် ဗီဒီယိုရိုက်သူက Chin zong si ah Chin lo zong si ah  (ချင်းပဲဖြစ်ဖြစ် ချင်းမဟုတ်ရင်လည်းဖြစ်ဖြစ်)လို့ပြောပါတယ်။ ဒါဟာ စကားပြောစက်ကနေ အထက်လူကြီးတစ်ဦးရဲ့ ပစ်မိန့်ပေးတာဖြစ်တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ဆိုသူ ဆလိုင်းထက်နီကို မနေ့က ဆက်သွယ်မေးမြန်းထားပေမယ့် သတင်းဖော်ပြတဲ့ချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ချင်းပြည်ကောင်စီ (Chinland Council) မှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့များဟာ Geneva Convention ကိုလိုက်နာတဲ့ တပ်ရင်းတပ်ဖွဲ့များဖြစ်ပြီး စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဖို့ ညွှန်ကြားသင်ကြားထားပြီး ယခုပြစ်မှုကျူးလွန်သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး အပြစ်ပေးအရေးယူနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဥပဒေကျွမ်းကျင်သူတစ်ဦးက “နိုင်ငံတကာဥပဒေကို ပြန်ကြည့်မယ်ဆိုလည်း တိုက်ပွဲဖြစ်တဲ့ချိန်မှာပဲဖြစ်ဖြစ် တစ်ဖက်ရန်သူကလက်နက်ချနေပြီ၊ ဒဏ်ရာရနေပြီ၊ လက်နက်မချရင်တောင် ခုံခံကာကွယ်လို့မရတော့တဲ့ချိန်မှာ တိုက်ခိုက်လို့မရတော့ဘူးပေါ့။ သူတို့ချိုးဖောက်တဲ့ထဲမှာ အဓိကပြောချင်တာက ဂျီနီဗာသဘောတူစာချုပ် (၃) ပါပြဌာန်းချက်ကို ချိုးဖောက်တယ်။ အဲ့မှာ ဒဏ်ရာရနေတဲ့ ကိုယ့်ကိုယ်ကိုကာကွယ်လို့မရတဲ့သူကို တိုက်ခိုက်လို့မရဘူး။ သူတို့မှာ စစ်ဥပဒေတွေရှိပါလိမ့်မယ်။ သူတို့အဖွဲ့သတ်မှတ်ထားတဲ့ စစ်ဥပဒေလည်း ချိုးဖောက်သလိုဖြစ်မှာပေါ့။ ဒီမှာအဓိကတာဝန်ရှိသူကတော့ မိခင်အဖွဲ့အစည်းက တာဝန်အရှိဆုံးဖြစ်မယ်” လို့ပြောပါတယ်။

ဂျီနီဗာသဘောတူစာချုပ် (၃) တွင် စစ်သုံ့ပန်းများနှင့် သက်ဆိုင်တဲ့ သဘောတူစာချုပ်ဖြစ်တယ်။ အဲဒီထဲမှာ စစ်သုံ့ပန်းတွေ ဒဏ်ရာရ၊ လက်နက်ချ တဲ့ ရန်သူစစ်သားတွေကို အကြောင်းမဲ့ ပစ်သတ်လို့ မရဘူးလို့ ပြဌာန်းထားပါတယ်။ ပြဌာန်းချက်ကို ချိူးဖောက် ရင် ဒါဟာ စစ်ရာဇဝတ်မှု (war crimes) မြောက် ပါတယ်။ ဂျီနီဗာသဘောတူစာချုပ် (၃) တွင်အခန်းပေါင်း (၆)ခန်းနှင့် အပိုဒ်ပေါင်း (၁၄၃)ပိုဒ်ပါဝင်ပါတယ်။

ပြီးနောက် CNFဟာ ဂျီနီဗာစာချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့များလိုက်နာမှုရှိလာအောင်ဆောင်ရွက်နေတဲ့ Geneva Call အဖွဲ့အစည်းနဲ့လည်း ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်က သဘောတူလက်မှတ်ထိုးထားပါတယ်။

သတင်း- HAK, EP

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ...

ဆက်ဖတ်ရန်