ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆
Zalen

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
IQAir ရဲ့ ယနေ့နေ့လယ် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ AQI (လေထုအရည်အသွေး အညွှန်းကိန်း) ဟာ ၁၂၀ ရှိနေပြီး ထိခိုက်လွယ်တဲ့ ကျန်းမာရေးအားနည်းအုပ်စုများအတွက် အန္တရာယ်ရှိတဲ့ အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။
နေ့ခင်းပိုင်းမှာ ကမ္ဘာ့အဆင့် ၁၁ နေရာရှိခဲ့ရာကနေ ညနေပိုင်းမှာ အဆင့် ၄ ထိ တက်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ လူဦးရေထူထပ်ပြီး လေထုညစ်ညမ်းမှုအများဆုံးဖြစ်လေ့ရှိတဲ့ Mumbai၊ Jakarta၊ Bangkok နဲ့ Beijing တို့ထက်တောင် ပိုမိုဆိုးရွားနေတယ်လို့ IQAir ရဲ့ အချက်အလက်များအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိနေပြီး ရာသီဥတုပြောင်းလဲမှုနဲ့ လူသားတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် တနှစ်ပတ်လုံး လေထုညစ်ညမ်းမှုနှုန်း မြင့်မားနေတတ်တယ်လို့ ဖော်ပြထားပါတယ်။
အထင်ရှားဆုံး အကြောင်းရင်းတခုကတော့ လမ်းမပေါ်သွားလာနေတဲ့ မော်တော်ယာဉ်များက ထုတ်လွှတ်နေတဲ့ မီးခိုးငွေ့များဖြစ်ပြီး PM10၊ PM2.5 လို အမှုန်အမွှားသေးငယ်များပါဝင်တာကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုကြီးမားနိုင်တယ်လို့ ဆိုပါတယ်။
AQI အညွှန်းကိန်းအရ ၀ မှ ၅၀ အတွင်းဆိုရင် ကောင်းမွန်တဲ့အဆင့်ဖြစ်ပြီး ၅၁ မှ ၁၀၀ အတွင်းဆိုရင် အလယ်အလတ်အဆင့် ဖြစ်ပါတယ်။ ၁၀၁ မှ ၁၅၀ အတွင်းဆိုရင် ထိခိုက်လွယ်သူများအတွက် မကောင်းတဲ့အဆင့်ဖြစ်ပြီး ၁၅၁ ကျော်သွားပါက လူအများအတွက်ပါ ကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်ထိ ရောက်ရှိနိုင်ပါတယ်။
လက်ရှိ ရန်ကုန်မြို့ဟာ ကမ္ဘာ့အဆင့် ၄ အနီရောင်အဆင့်ထိ ရောက်ရှိနေသော်လည်း စစ်ကောင်စီရဲ့ မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်ချက် ထုတ်တာ မရှိသေးပါဘူး။
လက်ရှိလေထုအခြေအနေအရ ကျန်းမာရေးအားနည်းသူများ၊ ကလေးများနဲ့ သက်ကြီးရွယ်အိုများအနေနဲ့ အပြင်ထွက်သွားလာမှု လျှော့ချပြီး Mask တပ်ဆင်ခြင်း စတဲ့ ကာကွယ်ရေးလုပ်ဆောင်ချက်တွေ ပြုလုပ်သင့်ပါတယ်။
Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#ရန်ကုန်#လေထု #ညစ်ညမ်းမှု #IQAir #Zalen


















