ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းအခြေစိုက်တဲ့ Chinland Defense Force- Thantlang က ထန်တလန် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကနေကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ညွှန်ကြားချက်များကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ ထန်တလန်မြို့နယ်အတွင်းပြည်သူများအနေဖြင့် မိမိနေအိမ်နဲ့ ကျေးရွာများမီးဘေးကနေ ကြိုတင်ကာကွယ်နိုင်ရန်လိုအပ်တဲ့ သဲ၊ရေ နဲ့ မြေစာ ထည့်ထားတဲ့ ပလတ်စတစ်အိတ် များ၊ အဝတ်ဟောင်းပတ်ချည်ထားတဲ့ဝါးလုံးများဆောင်ထားကြရန် အသိပေးထားပါတယ်။
ဥယျာဉ်ခြံလုပ်ကိုင်သူများအနေဖြင့် မတ်လ ၁၀ ရက်နေ့မတိုင်ခင်မှာ မီးတားလမ်းလုပ်ပြီး မီးရှို့ကြရမယ်လို့ဆိုပါ တယ်။
တောင်ယာလုပ်ကိုင်တဲ့ကျေးရွာများအနေဖြင့် တောင်ယာမီးမရှို့ခင်နှစ်ပတ်အလိုမှာ မီးတားလမ်းများစနစ်တကျ လုပ်ဆောင်ရန်၊ တောင်ယာမီးမရှို့ခင် ထန်တလန်မြို့နယ်ကောင်စီ ဧရိယာရုံးမှာကြိုတင်အသိပေးပြီး ဧပြီလ ၃၀ ရက်နေ့မတိုင်ခင်မှာတောင်ယာများမီးရှို့ရန် အသိပေးထားပါတယ်။
အထက်ပါညွှန်ကြားချက်များကို မလိုက်နာသူများနဲ့ စည်းမဲ့ကမ်းမဲ့တောမီးရှို့သူများကို ဥပဒေနဲ့အညီအရေးယူ မှု ဆောင်ရွက်သွားမယ်လို့လည်းအသိပေးထားပါတယ်။
CDF-Thantlang ထိန်းချုပ်ထားတဲ့ ကျေးရွာများမှာ လူနေအိမ်မီးလောင်မှုများ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှာလည်း ထန်တလန်မြို့နယ်၊ စိမှု ( Sihhmuh ) ကျေးရွာကလူနေအိမ်တလုံးမီးလောင်ပြာ ကျခဲ့ပါတယ်။
သတင်း – Mickey
#CDF-Thantlang #မီးဘေးအန္တရာယ်#Zalen

















