မတ် ၅၊ ၂၀၂၆
Zalen
လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်ပါတယ်။ အဲဒီကာလအတွင်း အခွန်နဲ့ ဒဏ်ကြေးပေးဆောင်ပြီးမှသာ ဆက်သုံးနိုင်မယ် လို့ဆိုပါတယ်။
မတ်လ ပထမပတ်မှစပြီး မြန်မာနိုင်ငံအတွင်း အခွန်ပေးပြီးသား ဖုန်းတွေကို CEIR စနစ်ကနေ စစ်ဆေးပြီး ယုံကြည်စိတ်ချ အသုံးပြုနိုင် မယ်လို့ ကြေညာထားပြီး လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေကိုလည်း အလိုအလျောက် ခွင့်ပြုစာရင်းထဲ ထည့်သွင်းပေးမယ် လို့ ဆိုပါတယ်။
ဖုန်းတွေ CEIR စနစ်ထဲ ထည့်နိုင်ဖို့ မတ် ၃၁ ရက်အထိ SIM ကတ် (MPT, ATOM, U9, Mytel) နဲ့ ဖုန်းဖွင့်ထားရမယ် လို့ သတိပေးထားပါတယ်။ ပြည်ပမှ တင်သွင်းတဲ့ ဖုန်းတွေကိုလည်း အခွန်ပေးပြီး CEIR လုပ်ထုံးလုပ်နည်းအတိုင်း တင်သွင်းရမယ် လို့ ဖော်ပြထားပါတယ်။

ဖုန်း IMEI ကို https://www.ceir.gov.mm မှာ အီလက်ထရောနစ်ငွေပေးချေပြီး မှတ်ပုံတင်နိုင် သလို အင်တာနက်မရတဲ့ဒေသတွေမှာ နယ်စပ်အခွန်ရုံးနှင့် အကောက်ခွန်ရုံးများတွင် တိုက်ရိုက်ပေးဆောင်နိုင် ပါတယ်။
Myanmar Internet Project ကတော့ CEIR စနစ်ကြောင့် နယ်နိမိတ်ကျော်စောင့်ကြည့်မှု၊ တည်နေရာခြေရာခံမှု၊ metadata စုဆောင်းမှု စတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအန္တရာယ်တွေ ပိုတိုးနိုင်တယ်လို့ သတိပေးထားပါတယ်။ IMEI နဲ့ SIM ချိတ်ဆက်ပြီး အသုံးပြုသူကိုသိနိုင်ခြင်း၊ Wifi ဖြင့်နေရာခြေရာခံနိုင်ခြင်း၊ ဟက်ကာတွေ ပစ်မှတ်ဖြစ်နိုင်ခြင်း စတဲ့ စိုးရိမ်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် Wifi calling အသုံးပြုခြင်း၊ အရေးကြီးဒေတာတွေကို Cloud မှာသိမ်းခြင်း၊ Airplane Mode သုံးခြင်း၊ CEIR မမှတ်ပုံတင်ဖုန်းတွေကို SIM မထည့်ဘဲ Wifi နဲ့သာ အသုံးပြုခြင်း စတဲ့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။ ထို့ပြင် Location permission မလိုအပ်ရင် မဖွင့်ခြင်း၊ 2FA အတွက် Authenticator App သုံးခြင်း၊ ဖုန်း Encrypt နှင့် Lock Screen အသုံးပြုခြင်း၊ VPN သုံးခြင်း တို့ကိုလည်း အကြံပြုထားပါတယ်။
သတင်း-Emily
ဓာတ်ပုံ-လူမှုကွန်ယက်
#မိုဘိုင်းဖုန်း #CEIRစနစ်#အခွန်#ဒဏ်ကြေး#Zalen

















