မတ် ၁၆၊ ၂၀၂၆။
Zalen

နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။
အဆိုပါဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတဝန်းတွင် အကျုံးဝင် ကျင့်သုံးသွားမည်လို့ သိရပါတယ်။
ဥပဒေသစ်အရ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများနဲ့ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ်တွင် အမျိုးအစားနှင့် တန်ဖိုးအလိုက် အကောက်ခွန်နှုန်းထားများ သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။ ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် တင်ပို့ခြင်း ပြုလုပ်ရာတွင် သက်ဆိုင်ရာ အကောက်ခွန်ဌာနသို့ မှန်ကန်စွာ ကြေညာတင်ပြရမည်ဖြစ်ပြီး အခွန်ရှောင်ရှားခြင်း၊ မကြေညာဘဲ တင်သွင်းခြင်းများ ပြုလုပ်ပါက ငွေဒဏ်ချမှတ်ခြင်း၊ ကုန်ပစ္စည်းသိမ်းဆည်းခြင်းနှင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်းလည်း ထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် ပေါက်ကွဲပစ္စည်းများကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းတင်ပို့ခွင့်မရှိကြောင်းလည်း စည်းမျဉ်းများတွင် ဖော်ပြထားပါတယ်။ ကုန်ပစ္စည်းတန်ဖိုးနည်းပါးသည့် အချို့ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်ပေးနိုင်သည့် သတ်မှတ်တန်ဖိုး (De Minimis Value Threshold) ကိုလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။
စီးကရက်အခွန်ကို အလွှာ ၃ ဆင့်ဖြင့် သတ်မှတ် ထားပြီး ဥပဒေသစ်အရ အထူးကုန်စည်ခွန် (Special Goods Tax) ကဏ္ဍတွင် စီးကရက်၊ အရက်နှင့် ဘီယာအမျိုးမျိုးအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်သတ်မှတ်ထားပါတယ်။
စီးကရက်များအတွက် ရောင်းဈေးအလိုက် အခွန်ကို အဆင့် ၃ ဆင့်ခွဲပြီး ကောက်ခံသွားမည်လို့သိရ ။
ရောင်းဈေး ၁,၀၀၀ ကျပ်အောက် စီးကရက်တဗူး (၂၀ လိပ်) – တလိပ်လျှင် ၁၅ ကျပ် ၊ရောင်းဈေး ၁,၀၀၁ မှ ၂,၀၀၀ ကျပ်ကြား – တစ်လိပ်လျှင် ၂၈ ကျပ် ၊ ရောင်းဈေး ၂,၀၀၁ ကျပ်နှင့်အထက် – တလိပ်လျှင် ၃၁ ကျပ်ဟု သတ်မှတ်ထားပါတယ်။
ကျေးလက်ဒေသများတွင် အသုံးများတဲ့ ဆေးပေါ့လိပ်များ အတွက်မူ တလိပ်လျှင် ၂ ကျပ် နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
ဘီယာနဲ့ အရက်အပေါ် အခွန်တိုးမြှင့်ထားပြီး ဘီယာအမျိုးမျိုးအပေါ် အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်း အထိ သတ်မှတ်ထားပြီး အရက်အမျိုးမျိုးအတွက်မူ တန်ဖိုးအလိုက် အခွန်ကောက်ခံမည်သိရှိရပါတယ်။
တလီတာတန်ဖိုး ၇၀၀ ကျပ်အောက် အရက် – ၃၈၇ ကျပ် ၊ တန်ဖိုးမြင့်အရက်များ ၃၇,၅၀၁ ကျပ်နှင့်အထက် – တလီတာလျှင် ၆,၆၁၃ ကျပ် အထိအခွန်ပေးဆောင်ရမည် ဖြစ်ကြောင်းဖော်ပြထားပါတယ်။
ကွမ်းစားဆေးနဲ့ ဆေးရွက်ကြီးပစ္စည်းများ လူထုအသုံးများသည့် ကွမ်းစားဆေး၊ ဆေးရွက်ကြီးနှင့် ဆေးတံသုံးပစ္စည်းများ အပေါ်တွင်လည်း အခွန်နှုန်းထားကို ၈၀ ရာခိုင်နှုန်း အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရှိရပါတယ်။
အဆိုပါ အခွန်ဥပဒေသည် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အစိုးရအနေဖြင့် ကျန်းမာရေးထိခိုက်နိုင်သည့် အပျော်အပါးကုန်စည်များရဲ့ သုံးစွဲမှုကို လျှော့ချရန်နှင့် နိုင်ငံတော် အခွန်ဘဏ္ဍာကို တိုးမြှင့်ရန် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။
သို့သော် အခွန်နှုန်းထားများ တိုးမြှင့်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်းများအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအနေဖြင့် ဥပဒေသစ်ပါ စည်းမျဉ်းများနှင့် အခွန်နှုန်းထားများကို ကြိုတင်လေ့လာထားရန် လိုအပ်ကြောင်းလည်း သက်ဆိုင်ရာ အချက်အလက်များတွင် ဖော်ပြပါရှိပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ-လူမှုကွန်ယက်
#စစ်ကောင်စီ၊#၂၀၂၆အခွန်ဥပဒေသစ်#Zalen


















