CDM ဝင်ပြီးနောက် ဆက်လျှောက်နေတဲ့ ဘဝချိုးကွေ့များ

ဆောင်းပါးရေးသူ- ဆောင်း (CDM ဝန်ထမ်းတဦး)

မြန်မာနိုင်ငံဟာ  ၂၀၂၁ခုနှစ် စစ်တပ်ရဲ့မတရားအာဏာသိမ်းခံရပြီး နောက်မှာ ပြည်သူအများအပြားဟာ မိမိတို့နေထိုင်ရာအရပ်‌ဒေသတွေကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာလာခဲ့ကြရသူတွေရှိလာပါတယ်။ ဒီထဲမှာ ကျမတို့မိသားစုလည်းအပါအဝင်ပေါ့။ ကိုယ်တွေလင်မယား၂ယောက်စလုံး စီဒီအမ်မို့ လုံခြုံရေးစိုးရိမ်မကင်း ဖြစ်တာရော တခြားသောအကြောင်းကြောင်းကြောင့် ကျမတို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်မြို့လေး ဇိုခါထာရ်မြို့လေးကို အသိမိတ်ဆွေတွေရဲ့ ကူညီဖေးမမှုတွေနဲ့ရောက်ရှိလာပါတော့တယ်။

Zalen ad

တသက်မှာတခါမှတောင် မစဉ်းစားမိခဲ့တဲ့နေရပ်ဆီကို မိသားစုလိုက် အဝတ်အစားထုပ်ကိုယ်ဆီနဲ့ပေါ့။ အဲ့မြို့လေးက အိန္ဒိယနိုင်ငံရဲ့ နယ်စပ်မြို့လေးဆိုသော်လည်း ကျမတို့လိုပဲ သူတို့နေထိုင်ရာမြို့တွေမှာ စစ်ဖြစ်လို့ အိမ်မီးရှို့ခံရလို့ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုကို ကြောက်လို့ အကြောင်းပေါင်းများစွာနဲ့ရှောင်လာရသူတွေ ဒုနဲ့ဒေးပါပဲ။ တချို့က စစ်ရှောက်စခန်းလိုမျိုးမှာ နေထိုင်ကြပြီး တချို့က ဆွေမျိုးနီးစပ်တော်သူတွေနဲ့ ကပ်နေရသပေါ့ ၊ ကျမတို့မိသားစုကတော့ အသိမိတ်ဆွေအိမ်မှာ ၁ပတ်လောက်တည်းခိုနေထိုင်ခဲ့ကြတယ်။ နယ်စပ်မြို့ဆိုတဲ့တိုင်း စည်ကားနေရောပဲ မြန်မာဘက်ကနေ ကူးလာလိုက် အိန္ဒိယဘက်ကနေကူးလိုက်ကြနဲ့ပေါ့။ အဲ့နယ်စပ်လေးကိုခြားထားတာ ချောင်းတခုပဲ။ သူ့နာမည်က တီအိုချောင်းတဲ့။ ကျမတို့ရောက်တဲ့အချိန်က ၂၀၂၄ခုနှစ်စက်တင်ဘာလထဲပေါ့။ ချောင်းရေက အရမ်းအများကြီးမဟုတ်သော်လည်း ရေနက်ပိုင်းဆို လူကြီးဆို ခါးလယ်လောက်နက်တယ်။ အဲ့တံတားနားလေးဆို ခြေမျက်စီမြှုပ်ရုံလောက် စီးဆင်းနေတာပါပဲ။ အဲ့မှာနေ့စဉ် တပတ်တာအချိန်ကို လေ့လာရင်းနေခဲ့တာလေးပေါ့။ အဲ့ကနေမှ မိသားစုတွေ အိုင်ဇောလ်ဆိုတဲ့မြို့လေးကို ဆက်ထွက်လာခဲ့ကြတယ်။ အဲ့မြို့လေးလည်း သိပ်လှပသာယာတာပါပဲ။ ကျမတို့နိုင်ငံမှာသာ စစ်မီးတွေတောက်လောင်နေတာ အဲ့ဒီမြို့လေးကတော့ အေးချမ်းနေကြတာပါပဲလေ။ အဲ့မြို့လေးမြင်တွေ့ရတာ လွန်ခဲ့၂၀၂၁ခုနှစ် ဖေဖော်ဝါရီ အာဏာမသိမ်းခင်ကာလကို မြင်ယောင်တမ်းတမိတာပါ ။ ဝန်ထမ်းတွေဆိုတော့ ရတဲ့လစာလေးနဲ့ အိမ်မက်တွေက ဈေးအကြီးကြီးမဟုတ်တောင် အဲ့ချိန်အစိုးရရဲ့ ချေးငွေလေးတွေနဲ့ အိမ်ရာပိုင်ဆိုင်ခွင့်လေး ကားဝယ်ခွင့်လေးတွေရှိလာခဲ့ကြတယ်မလား။ အိမ်မပိုင်ပဲ ပင်စင်စားဘဝ မဖြစ်ရလေအောင် ဆိုပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံကောင်စီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လခစားဝန်ထမ်းတွေအပေါ် ပြည်သူတွေအပေါ် အမြဲတွေးပေးတဲ့ ကျမတိုရဲ့ခေါင်းဆောင်ကြီးရဲ့ စိတ်ဓာတ်အတွေးအခေါ်တွေကို ပြန်တွေးမိတာလေ။ တကယ်ဒါတွေက လက်တကမ်းအလိုမှာ ဖျက်ဆီးခံရလိုက်ရတာလေနော်။

ကယ်ရှေ့ဆက်ရရင်ဖြင့် အိုင်ဇောလ်မြို့လေးမှာလည်း  ကျမတို့ ငါးရက်ကြာနေခဲ့တယ်။ လက်ထဲပိုက်ဆံခက်ခဲရှိတာမို့ ဘယ်မှမစပ်စုဖြစ်တော့ဘူး။ ဘာလို့ဆိုကျမတို့ ရှေ့ဆက်ရမဲ့ခရီးက ကျမတို့အမိ မြန်မာနိုင်ငံနဲ့ဝေးရာ အိန္ဒိယပြည်မကြီးဆီကို ခိုလှုံဖို့သွားရမှာဆိုတော့ ‌ရှေ့မှာဘာတွေကြုံတွေ့မလဲကျမတို့ မသိနိုင်ဘူးလေ။ လင်မယား၂ယောက်ဆို အကြောင်းမရှိပေမဲ့ သားငယ်သမီးငယ်လေးတွေကို ထည့်တွေးရအုံးမယ်လေ။ ပါလာတဲ့ပိုက်ဆံနဲ့ ဝေးလံလှတဲ့အရပ်နဲ့က ကွာဟလွန်းလှပါတယ်။

ဒီလိုနဲ့ပဲ ကျမတို့မိသားစု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကြီးကို ရောက်ရှိလာခဲ့ပါတယ်။  မိတ်ဆွေအပေါင်းသင်းတွေရဲ့ ဖေးမမှုနဲ့ပဲ ချောချောမွေ့မွေ့ဖြစ်ခဲ့ပါတယ်။ နေဖို့အိမ် အိုးခွက်ပန်းကန်ကအစ ဝိုင်းပြီး ကူပေးကြတဲ့မိတ်ဆွေတွေကို ကျေးဇူးတင်ရပါတယ်။ ပြီးတော့ ကျမတို့ဒီနိုင်ငံမှာခိုလှုံခွင့်ရဖို့ ယူအန်ရုံးကြီးဆီလည်းသွားခဲ့ရတယ်။ ပြီးတော့ အထိုင်လေးကျပြီဆိုတော့ ကလေးကျောင်း ကိစ္စဘက်ကိုပူရပြန်ပါပြီ။  ကျမတို့ရောက်တဲ့ချိန်က ဒီဇင်ဘာလမို့ သမီးလေးကျောင်းက တက်ခွင့်မရခဲ့ဘူး။ ဒီနိုင်ငံက ကျောင်းတွေက ဧပြီလမှာ ဖွင့်တာပါ။ ကျမတို့အရမ်းမစောင့်လိုက်ရပါဘူး။ ၃လကျော်ပြီးတဲ့ နောက်မှာတော့ သမီးလေးကျောင်းတက်ခွင့်ရခဲ့ပါတယ်။ အတန်းတော့နောက်ကျသွားတာပေါ့ ။ ကျောင်း ကိစ္စတွေကို ယူအန်ကလုပ်ပေးပါတယ်။ သို့သော်လည်းကျမတို့ ဒီမှာရောက်နေတဲ့ မြန်မာသိုင်းဝန်းက လူတွေပြောစကားအရ သူတို့လည်းယူအန်ကဒ်နဲ့ အပ်တာရတယ်ဆိုတော့ ကျမတို့လည်း ကိုယ့်ဘာသာကိုယ်ပဲ အပ်ဖြစ်လိုက်ပါတယ်။ ကျမတို့မြန်မာပြည်က အစိုးရကျောင်းလိုမဟုတ်ဘူး။ အလကားဘာမှမရပါဘူး။ ရူပီးငွေ ၈,၀၀၀နီးပါး လောက်ကုန်သွားတယ်။ သားသမီးပညာရေးဆိုတော့ ကျမတို့လည်း ပါလာတဲ့ မင်္ဂလာဦး လက်စွပ်လေးကို အသိပြောပေးတဲ့ဆီရောင်းပြီး ဆက်ဖြေရှင်းလိုက်တယ်။ ဒီနေရာမှာပြောပြချင်တာက စီဒီအမ်မို့ ဟိုလူဒီလူအကူတွေရှာမနေပါဘူး။ ကိုယ့်ရှိတာလေးကိုသုံး ကိုယ့်ရပ်တည်ချက်အတိုင်းပဲ ကျမတို့နောက်မဆုတ်ခဲ့ပါဘူး။ ကျမတို့သားသမီးတွေ ပညာတတ်ဖို့ သိပ်အရေးကြီးပါတယ်။ ပညာတတ်မှ မအမှာ မဟုတ်လား (ပညာဆိုတဲ့နေရာမှာ ဘွဲ့အတန်းပညာကိုဆိုလိုခြင်းမဟုတ်ပါ)။ ကျမတို့တွေ နိုင်ငံကိုပဲ ဉပမာကြည့်လေ။ အတိုင်ပင်ခံခေါင်းဆောင်ကြီး အုပ်ချုပ်ခဲ့တဲ့ ၅နှစ်တာကာလမှာ ကျမတို့ပြည်သူတွေဟာ တောရောမြို့ပါမကျန် စာပိုတတ်လာခဲ့ကြတယ်။ နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားလာကြတယ်။ အဲ့လိုဖြစ်အောင်လည်း အတိုင်ပင်ခံက ကျေးလက်တောရွာတွေထိ ဟောပြောပွဲတွေလုပ်ခဲ့တာ အားလုံးအသိ ပါပဲ။ အားလုံးဟန်ချက်ညီညီနဲ့ လှုပ်ရှားလာခဲ့လိုက်ကြတာ ကိုဗစ် ၁၉ ကာလဟာ မျက်ဝါးထင်ထင်ပဲလို့ ကျမတော့မြင်မိတယ်။ ပြည်သူနဲ့အစိုးရရဲ့ ဟန်ချက်ညီမှုတွေကြောင့် အခြားသောနိုင်ငံတွေထက်ကို ပိုတောင့်ခံ နေနိုင်လာခဲ့ကြတယ် ။

မိသားစုအ‌ရေးထပ်ဆက်ရရင်ဖြင့် လင်မယား၂ယောက်တသက်လုံး အစိုးရအလုပ် လုပ်မယ်ဆုံးဖြတ်ပြီး နေလာခဲ့တော့ အဲ့မှာစတွေ့တာပဲ။ ဘာသာမတူ လူမျိုးမတူတွေကြားထဲ ဘာလုပ်ကြမလဲပေါ့။ ရရာအလုပ်လုပ်မယ်ဆိုပြီး ရှာကြရော။ ဒီမှာအများစုက ဟင်ဒီတွေမို့ သူတို့ဘာသာစကားမရသေးရင် ကျမတို့လို ခိုလှုံသူတွေဟာ ပါတီဆိုတဲ့ အလွယ်ပြောရရင် စားပွဲထိုးတဲ့ဝန်ဆောင်မှုပေးတာမျိုး အလုပ်စရခဲ့တယ်။ အဲ့မှာတော့ သူတို့ဘာသာစကားမရလည်း အဆင်ပြေပါတယ်။ ကိုယ့်နိုင်ငံက လူမျိုးတွေအတော်များများ လုပ်ကြတယ်။ တရက်ကို မြန်မာငွေ ၂၀၀၀၀ကျပ်ကနေ စရတယ်။ သူတို့ကတမျိုးဗျ။ ပိုက်ဆံကို လက်ငင်းမပေးကြတာများပါတယ်။ အဲ့လုပ်လည်း အဆင်ပြေကြီးမဟုတ်ခဲ့ပါဘူးလေ။ အီးလိုမွတ်ထွက်အောင်တက်ရင်တော့ ဆေးရုံဘက်လိုင်းကို စကားပြန်လိုက်ကြတာလည်းရှိ တယ်။ ကိုယ်တွေက အဲ့လောက်ကြီးမကျွမ်းကျင်တော့ ဒီလိုပဲပါတာလေးတွေ ထိုင်စားရင်းကုန်ခါနီးလောက်ချိန်တော့ အလုပ်ဟောင်းနဲ့ ပုံစံတူတဲ့အလုပ်လေးကို ရခဲ့ကြတယ်။ အလုပ်ခန့်ပေးတဲ့သူတွေကို အမြဲကျေးဇူးတင်နေရပါတယ်။ ခုတော့ကျမတို့ ရောက်နေတဲ့နိုင်ငံမှာ နေသားတကျဖြစ်လာပြီ ပြောရမယ်။ အလုပ်မပြုတ်ပါစေနဲ့ ဆုတောင်းရင်းပေါ့။

အချုပ်အားဖြင့်ဆိုရသော် ကျမတို့မိသားစုရင်ဆိုင်ကြုံတွေ့ရတဲ့ ဒုက္ခဟာဘာမျှ မဆိုသာသေးပါဘူး။ တချို့တွေ အိုးအိမ်ပျက်ဆီး အသက်ဆုံးရှုံးမှုတွေ နိုင်ငံရေးခြေနေတွေကြောင့် တော်လှန်းရေးဘက်ကူးပြောင်းပြီး တထောင့်တနေရာကနေတိုက်ပွဲဝင်ယင်း ကျဆုံးသွားသူတွေများကြီးရှိနေပါတယ်။ အဲ့လိုလူတွေနဲ့ယှဉ်လိုက်ရင် ကိုယ်တွေနေရတာ သာပါသေးတယ်လို့ ပြောချင်ပါတယ်။ ကျမတို့လိုပဲ ဒုက္ခမျိုးစုံခံစားကြရတဲ့သူတွေဟာ ဒုနဲ့ဒေးရှိမှာပါပဲ။ သို့သော်လည်း ကိုယ်ယုံကြည်စွာရွေးချယ်ခဲ့တဲ့လမ်းကို ဒီနေ့ဒီချိန်ထိ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မယိမ်းမယိုင် မည်သူတဦးတယောက်ကိုမျှ အပြစ်မတင်ပဲ ဆက်လျှောက်လှမ်းနေကြဆဲပါပဲ။ ဒါဟာကျမတို့ ရွေးချယ်ခဲ့တဲ့ အမှန်တရားဆိုတာကို လိပ်ပြာလုံစွာလက်ခံနေဆဲပါပဲ။

နောက်ဆုံးရသတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်က ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်

ဧပြီ ၂၇၊ ၂၀၂၆  Zalen ဧပြီ ၂၆ရက် ယမန်နေ့ ညနေပိုင်းအချိန်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်ရှိ ဆည်‌ပေါက်ကျေးရွာရှိ ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်ပြီး ခရီးသည်များလိုက်ပါစီးနှင်းလာတဲ့ ကားတစီး ရေစီးနဲ့မျှောပါမှုဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်များ ...

ဆက်ဖတ်ရန်