၂၇၊ ဇူလိုင်လ၊ ၂၀၂၄
Zalen
ဇိုပြည်လည်ပေါင်းစည်းရေးအဖွဲ့ ZORO ကမ်းလှမ်းပေးမှုဖြင့် ချင်းအမျိုးသားတပ်ဦး CNF/A နဲ့ ဇိုမီး တော်လှန်ရေးအဖွဲ့အစည်း (ZRO/A) တို့ဟာ ဒီကနေ့ ဇူလိုင်လ ၂၇ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး အချက် ၃ ချက်ကို ကနဦးသဘောတူခဲ့ကြကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါသဘောတူညီချက်များမှာ ပထမအချက်အနေနဲ့ ချင်း၊ ကူကီး၊ ဇိုမီး၊ မီဇိုး စတဲ့မျိုးနွယ်စု များက ဆင်းသက်လာရာ ဘာသာစကားတူ (ဒေသအလိုက်၊ လူမျိုးစု အလိုက်ကွဲပြား)၊ယာဉ်ကျေးမှုတူ၊မျှော်လင့်ချက် တူ၊ သေအတူရှင်မကွဲ နေထိုင်လာခဲ့ကြတဲ့ ညီအကိုများဖြစ်ကြတယ်ဆိုတာကို သဘောတူခဲ့ကြတယ်။
ဒုတိယအချက်မှာ ကျွန်တော်တို့ လူမျိုးနဲ့နယ်မြေ အတွက် အလုပ်လုပ်ကြရာမှာ စေတနာလွန်သွားလို့ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲတာ စိတ်မကောင်းဖြစ်ကြပြီး နောက်နောင် ဒါမျိုးမဖြစ်ဖို့ နှစ်ဖွဲ့စလုံးက လိုလားတယ် လို့ ဆိုပါတယ်။
တတိယအချက်အနေနဲ့ ငြိမ်ချမ်းရေးလမ်းစဉ် အောင်မြင်ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ ဟာ လိုအပ်သလိုထပ်မံတွေ့ဆုံဆွေးနွေးသွားကြဖို့ စတဲ့ အချက် ၃ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ပြုလုပ်သွားတဲ့ အဆိုပါတွေ့ဆုံမှုမှာ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုယ်စားလှယ်လုပ်ပေးတဲ့ ZORO ဘက်ကလည်း ၁၀ ဦး ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
CNF/A ဘက်ကနေ ဒုဥက္ကဋ္ဌ ဦးထန်းနီန်းကီး (Pu Thang Ning Kee) ဦးဆောင်ပြီး ၈ ဦးတက်ရောက်သလို ZRO/ZRA ဘက်ကနေ KC SMACK ဦးဆောင်ပြီး ၆ ဦးတက်ရောက် ခဲ့ကြပါတယ်။
ZRA အခြေချတဲ့ တွန်းဇံနဲ့ ကျီးခါးမြို့ကို CNA ခေါင်းဆောင်တဲ့ CC အဖွဲ့ဝင်များက မေလ ၂၃ ရက်တွင် သိမ်းပိုက်ခဲ့ပါတယ်။
သတင်း – Grace