မဲဆောက်နယ်စပ်မှာ မြန်မာဘက်သို့ ပို့မည့် ဒီဇယ်ဆီ လီတာ ၂ သောင်းကျော် ဖမ်းဆီးခံရ

မတ် ၂၄၊ ၂၀၂၆။

Zalen

Zalen ad

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်တခုမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဒီဇယ်ဆီ လီတာပေါင်း ၂ သောင်းကျော်ကို တရားမဝင် မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့တဲ့ ၁၀ ဘီးကုန်တင်ယာဉ်တစီးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုကို မတ်လ ၂၂ ရက်နေ့က မဲဆောက်ခရိုင်၊ သာဆိုင်လွတ်ကျေးရွာ (အုပ်စု ၃) နယ်စပ်အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအရာရှိတွေက မသင်္ကာဖွယ် ၁၀ ဘီးကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

စစ်ဆေးချက်များအရ အဆိုပါ ၁၀ ဘီးကုန်တင်ယာဉ်သည် လောင်စာဆီတွေကို ပိုမိုသယ်ဆောင်နိုင်ရန်အတွက် မူလကိုယ်ထည်ကို အထူးပြုပြင်ထားတယ်လို့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အဲဒီယာဉ်ပေါ်မှာ မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့ရန် ပြင်ဆင်ထားတဲ့ ဒီဇယ်ဆီ လီတာပေါင်း ၂၀,၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ ဖမ်းဆီးရမိတဲ့ နေရာအနီးရှိ ဂိုဒေါင်တခုကို ဆက်လက်ဝင်ရောက်ရှာဖွေရာ လောင်စာဆီသိုလှောင်ရန် အသုံးပြုတဲ့ စက်ပစ္စည်းတွေနဲ့ ကွန်တိန်နာအများအပြားကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

ယင်းဂိုဒေါင်အတွင်းမှာ လီတာ ၄,၅၀၀ ဆံ့ ဆီတိုင်ကီကြီး ၂ ခု၊ လီတာ ၂၀၀ ဆံ့ ကွန်တိန်နာ ၁၀၁ ခုနဲ့ လီတာ ၃၀ ဆံ့ တိုင်ကီ ၈၅ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တာ့ခ်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းနဲ့အတူ ကုန်တင်ယာဉ်နဲ့ တရားမဝင်ပစ္စည်းတွေကို မဲဆောက်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားပြီး ယင်းမှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးထောက်ပံ့သူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုးကား-ဘန်ကောက်ပိုစ့်

သတင်း-ဆလိုင်း

#ထိုင်း-မြန်မာနယ်စပ် #မဲဆောက်မြို့ #ဒီဇယ်ဆီ #Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်