ဧပြီ ၂၀ ၊ ၂၀၂၆
Zalen
ထိုင်းနိုင်ငံအတွင်း မြေဆီလွှာနဲ့ ရေမှတစ်ဆင့် ကူးစက်တတ်သော မယ်လီယိုဒိုးစစ် (Melioidosis) ရောဂါပိုးကြောင့် လက်ရှိမှာ သေဆုံးသူ ၂၀ ကျော်အထိ ရှိလာနေပြီဖြစ်ရာ အများပြည်သူတွေအနေနဲ့ အထူးဂရုပြုကြဖို့ ကျန်းမာရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အသက် ၅၀ ကျော် အရွယ်ရှိသူတွေနဲ့ မြေကြီး၊ ရေတို့နဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်နေရတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်သားတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားနေတယ်လို့ သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလလယ်အထိ ကောက်ယူထားသော စာရင်းတွေအရ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ သေဆုံးသူ ၂ ဦးအထိ ရှိနေပြီး အသက်အရွယ်ကြီးရင့်သူများမှာ ရောဂါဒဏ်ကို ပိုမိုခံစားရကာ သေဆုံးနိုင်ခြေ ပိုများနေတာကို တွေ့ရှိရပါတယ်။
မယ်လီယိုဒိုးစစ် ရောဂါပိုးဟာ လမ်းကြောင်းကြီး ၃ ခုမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ကူးစက်ဝင်ရောက်နိုင်ပါတယ်။
ပထမအချက်မှာ အရေပြားပေါ်ရှိ အနာများမှတစ်ဆင့် ပိုးရှိသော မြေကြီး သို့မဟုတ် ရေနဲ့ ထိတွေ့မိရာမှ ဝင်ရောက်ခြင်း၊ ဒုတိယအချက်မှာ ပိုးပါဝင်တဲ့ ဖုန်မှုန့်တွေကို ရှူမိတာနဲ့ တတိယအချက်မှာ ပိုးပါဝင်တဲ့ မသန့်ရှင်းသောရေကို သောက်သုံးမိတာတို့ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်အတွင်း အဆိုပါ ထိတွေ့မှုတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
သတိပြုရမယ့် ရောဂါလက္ခဏာတွေမှာ အပြင်းဖျား၊ အသက်ရှူရ ခက်ခဲ၊ ရင်ဘတ်အောင့်နဲ့ အရေပြားမှာ အနာစိမ်းတွေ ပေါက်တာတို့ ပါဝင်ပါတယ်။
အဲဒီလက္ခဏာတွေ ခံစားရပါက အချိန်ဆွဲခြင်းမပြုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေသို့ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းထားပါတယ်။
အချိန်မီ ကုသမှုမခံယူပါက ရောဂါပိုးဟာ သွေးအတွင်းသို့ ပျံ့နှံ့သွားပြီး အသက်အန္တရာယ်ကို စက္ကန့်ပိုင်းအတွင်း ခြိမ်းခြောက်နိုင်တာကြောင့် ဖြစ်ပါတယ်။
ကာကွယ်ရန်နည်းလမ်းအနေနဲ့ မြေကြီးနဲ့ ရေကို ထိတွေ့ကိုင်တွယ်ရမည့် အခြေအနေမျိုးမှာ အကာအကွယ်ပစ္စည်းတွေကို မဖြစ်မနေ ဝတ်ဆင်ကြရန် လိုအပ်ပါတယ်။
လယ်ယာလုပ်ငန်းခွင်ဝင်သူတွေအနေနဲ့ လက်အိတ်တွေနဲ့ ရော်ဘာဖိနပ်ရှည်တွေကို အသုံးပြုတာနဲ့ ရောဂါပိုးဝင်ရောက်မှုကို အထိရောက်ဆုံး တားဆီးနိုင်မယ်ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြံပြုထားပါတယ်။
သတင်း-ဆလိုင်း
















