ကောလဟာလသတင်းကြောင့် အိန္ဒိယဘက်ကို မိသားစုအလိုက်တိမ်းရှောင်မှုကို ရပ်တန့်ကြပါ

အယ်ဒီတာ့အာဘော်
ခုရက်ပိုင်းမှာ ကလေးမြို့နယ်တစ်ဝိုက်နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာ ကောလဟာလသတင်းတွေထွက်နေပါတယ်။ အဲ့ဒီ ကောလဟာလသတင်းကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး မိသားစု အလိုက် အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်ကြတာတွေ့ရပါတယ်။

စစ်တပ်က (၁၈)နှစ်အထက်လူတွေကို ပေါ်တာဆွဲမယ်။ စစ်တပ်ထဲဝင်ခိုင်းမယ်။ မတ်လ ၂၇ ရက်နေ့ တစ်နိုင်ငံလုံး ပစ်ခတ်မှုတွေဖြစ်မယ်။ ပြည်တွင်းစစ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့်ပါ။

ဒီသတင်းဟာ ဘယ်တရားဝင်မီဒီယာမှ ဖော်ပြထားတာမတွေ့ရပေမယ့် ကလေးမြို့နဲ့ ချင်းပြည်နယ်မှာတော့ လူတွေအတော်များများအထိတ်တလန့်ဖြစ်စေယုံသာမက နေအိမ်တွေစွန့်ပြီး ထွက်ပြေးရတဲ့အထိယုံကြည်ကြတယ်။

တိမ်းရှောင်တဲ့သူတွေဟာ ကလေးမြို့ပေါ်မှာကော ကျေးရွာဘက်မှာတော့ လူငယ်တွေပိုများပြီးတော့ တချို့တွေဆိုရင် မိသားစုအလိုက်သွားကြတယ်။ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က လူတွေလည်းအတော်များများ မီဇိုရမ်ဘက် တိမ်းရှောင်ကြတယ်လို့သိရတယ်။ ကလေးမြို့ဘက်မှာဆို တစ်ရက်ကို လူ (၁၀၀) ဝန်းကျင် ထွက်ပြေးကြမယ်လို့ယူဆရပါတယ်။ မိမိအနီးနားက လူတွေကို စုပြီး ကားတစ်စီးငှားရမ်းပြီးတော့ အဲ့သလိုသွားနေကြတာ။

စစ်ကောင်စီက အင်တာနက်ပိတ်ထားလို့ ပြည်သူတွေဟာ သတင်းမှန်ရရှိနိုင်မှုအားနည်းလို့ဖြစ်မယ်ထင်ခဲ့တာ။ ဒါပေမယ့် လူတွေဟာ သူတို့ပတ်ဝန်းကျင်မှာ အခုလို နေ့တိုင်းကားအစီးရေများများထွက်ပြေးနေကြတာတွေ့ကြတော့ ဒီသတင်းကို အမှားပါဆိုရင်လည်း မယုံကြတော့ဘူး။
အဲ့ဒါရဲ့ အကျိုးဆက်ကဘာဖြစ်တာလဲဆိုရင် မိမိကျေးရွာမှာ လူငယ်တွေနည်းတော့ ရပ်ရွာလုံခြုံရေးကိစ္စမှာဆောင်ရွက်မယ့်သူမရှိတော့ဘူး။

နောက် အဓိကအကျဆုံးက နေ့စဉ် စားရေးသောက်ရေးပဲ။ ကိုဗစ်က ဘယ်နိုင်ငံမှာမဆို စီးပွားရေးမှာထိထားတော့ သွားရောက်ခိုလှုံမယ့် အိမ်ရှင်တွေလည်း ဘယ်အထောက်အပံ့မှမပါဘဲ ဘယ်လောက်ထိ ကျွေးမွေးနိုင်မှာလဲ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ကပြည်သူတွေဟာ မြန်မာပြည်သားတွေပေါ် အရမ်းဧည့်ဝတ်ကျေပွန်ကြမယ်ဆိုတာ သံသယမရှိပါဘူး။

ကိုယ်က ပိုက်ဆံအလုံအလောက်ပါသွားရင်တော့ တစ်မျိုးပေါ့။ နယ်စပ်မှာဆိုရင် ကုန်ပစ္စည်းက ကလေးမြို့ထက် တစ်ဆလောက်ပိုဈေးကြီးတယ်။ ပြီးတော့ နေရာသစ်မှာဆိုရင် ကိုယ့်မှာ အလုပ်လုပ်လို့မရတော့ ထိုင်စားနေယုံမှတစ်ပါးမရှိတော့ပါ။

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေ CDM မှာပါဝင်တဲ့လူတွေ ထွက်ပြေးတိမ်းရှောင်တာ ယုတ္တိရှိတယ်။ ဒါပေမယ့် အခုလို ကောလဟာလသတင်းပေါ် ထွက်ပြေးရလောက်တဲ့ထိ ယုံကြည်ကြတာက ကိုယ်ပိုင်ဆင်ခြင်တုံတရားနည်းပါးလို့ပဲ။ ဘယ်သူမဆို သေရမှာ ကြောက်ကြတာပါပဲ။

ဒီမနက်မှာလည်း မီဇိုရမ်ပြည်နယ်ဘက်တိမ်းရှောင်သူတစ်ယောက်က ဖုန်းဆက်ပြီးတော့ ပြောပါတယ်။ မြန်မာပြည်ဘက်က လာတဲ့သူတွေအတော်များတာ ဒီဘက်အတွက် သိပ်အဆင်မပြေဘူးလို့ပြောတယ်။

နောက်ဆုံးပြောချင်တာက ကောလဟာလကို လွယ်လွယ်မယုံကြပါနဲ့။ တစ်ဖက်နိုင်ငံက ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေကို ဝန်ထုပ်ဝန်ပိုမဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ တချို့က နိုင်ငံရေးတည်ငြိမ်မှ ပြန်လာကြမယ်လို့သတင်းကြားတယ်။ ဒီချိန်မှာ ကျနော်တို့နိုင်ငံက အင်အားလိုနေတာ။ ကျနော်တို့အတူတူ အဆိုးအကောင်းပဲကြုံရကြုံလက်တွဲပြီး တွန်းလှန်ကြရအောင်။ ထွက်ပြေးတာဟာ အဖြေမဟုတ်ပါ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်