အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် W.H.O က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ

မေ ၁၈၊ ၂၀၂၆

Zalen

Zalen ad

အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O.) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့မှာ အရေးပေါ် သတ်မှတ်ကြေညာလိုက်ပါတယ်။

ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တခုမှာ သံသယဖြစ်ဖွယ် လူသေဆုံးမှု ဒါဇင်နဲ့ချီ ရှိနေပြီလို့ အာဖရိက ထိပ်တန်း ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပြီးနောက်မှာ W.H.O. ဘက်က အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လတ်တလော စနေနေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ဗိုင်းရပ်စ်ပိုးဟာ ကွန်ဂိုမြို့တော် ကင်ရှာဆာနဲ့ ယူဂန်ဒါမြို့တော် ကမ်ပါလာတို့အထိပါ ကူးစက်ရောက်ရှိနေပြီ ဖြစ်ကြောင်း အတည်ပြုထားရပါတယ်။

ဗိုင်းရပ်စ် စတင်တွေ့ရှိရာ ကွန်ဂိုနိုင်ငံ အီတူရီ (Ituri) ပြည်နယ်မှာတော့ အီဘိုလာဗိုင်းရပ်စ်ကြောင့်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် လူနာ ၂၄၆ ဦးအထိ ရှိနေပြီး ၈၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ဓာတ်ခွဲခန်းမှာ ပိုးတွေ့ရှိကြောင်း သေချာအတည်ပြုနိုင်သေးတာကတော့ ၈ ဦးသာ ရှိပါသေးတယ်။

အခု ကူးစက်မှုကို ဖြစ်စေတဲ့ ဘန်ဒီဗူဂျို (Bundibugyo) အနွယ်ဝင် အီဘိုလာဗိုင်းရပ်စ် အမျိုးအစားအတွက်တော့ လက်ရှိမှာ တရားဝင် အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးဘူးလို့ W.H.O. က ဆိုပါတယ်။

W.H.O. က “နိုင်ငံတကာအဆင့် စိုးရိမ်ရသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ် သတ်မှတ်လိုက်ရတာဟာ အခု ရှာဖွေတွေ့ရှိထားတဲ့ ပမာဏထက် လက်တွေ့မြေပြင်မှာ ကူးစက်မှု ပိုမိုကြီးမားနေနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ပိုးကူးစက်ခံရသူ အရေအတွက် အတိအကျနဲ့ ကူးစက်ပျံ့နှံ့မှု အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ မရေရာမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကြေညာချက်ဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာနိုင်ခြေအတွက် နိုင်ငံတကာက စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြဖို့၊ ကူးစက်မှု ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ကာကွယ်ဆေး၊ ကုသမှုနဲ့ အခြားအရင်းအမြစ်တွေကို မျှဝေသုံးစွဲပြီး ပူးပေါင်းတုံ့ပြန်ကြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

သို့သော်လည်း အခု အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဟာ ကိုဗစ် (Covid) ကပ်ရောဂါတုန်းက ထုတ်ပြန်ခဲ့တဲ့ အမြင့်ဆုံး သတိပေးချက်အဆင့်ဖြစ်တဲ့ “ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အရေးပေါ်အခြေအနေ” (Pandemic Emergency) ဆိုင်ရာ သတ်မှတ်ချက် စံနှုန်းတွေနဲ့တော့ ကိုက်ညီမှု မရှိသေးကြောင်း W.H.O က ရှင်းလင်းပြောကြားထားပါတယ်။

Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#W.H.O#အီဘိုလာဗိုင်းရပ်စ်#အာဖရိက #ကျန်းမာရေး #Zalen

နောက်ဆုံးရသတင်းများ

တီးတိန်မှာ နေအိမ်မီးလောင်မှုအတွင်း ပိတ်မိနေတဲ့ ကလေးငယ်ကို အိမ်နီးနားချင်းတွေက အချိန်မီ ကယ်တင်နိုင်ခဲ့

မေလ ၁၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ထန်ဇန် (Thangzang) ကျေးရွာမှာ မေလ ၁၆ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းတွေက ...

ဆက်ဖတ်ရန်