တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

Zalen ad

စစ်ကောင်စီနဲ့ ZRA ပူးပေါင်းအဖွဲ့ဟာ တွန်းဇံမြို့ကို ရှေ့၊ နောက်၊ ဘေး ပတ်ပတ်လည်ကနေပြီးတော့ဟန်ချက်ညီညီ စစ်ကြောင်း သုံးကြောင်းခွဲကာ ဝိုင်းပတ်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကျီခါးဘက်ကနေ လမ်းမကြီးအတိုင်းမလာဘဲ ရွာချင်းဆက်လမ်း‌တွေကတဆင့် တွန်းဇံမြို့ဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းလာတဲ့ ZRA တပ်တွေကို မြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ Vialcian ကျေးရွာအရောက်မှာ ချင်းတော်လှန်ရေးတပ်တွေက မေ ၁၅ ရက်နေ့မှာ ပူးပေါင်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပါတယ်။

အင်အားအလုံးအရင်းနဲ့ တီးတိန်-တွန်းဇံ လမ်းမကြီးအတိုင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ZRA ပူး‌ ပေါင်း စစ်ကြောင်းဟာ တွန်းဇံမြို့နဲ့ အရှေ့တောင်ဘက် ၁၁ မိုင်ဝန်းကျင်အကွာ ကယ်လ်ဇန် (Gelzaang) နဲ့ လုံဇန် (Lomzaang) ကြားက လောရ်ဇန် (Lawizaang) တောင်ကုန်းမှာ ချင်းတော်လှန် ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ZRA ဘက်ကနေ အများအပြား သေဆုံးဒဏ်ရာရကာ အထိနာခဲ့တာတာကြောင့် စစ်ကြောင်းက ရှေ့မဆက်ပဲ ရပ်နေခဲ့တယ်လို့ သိရပါတယ်။

ကျီခါး-တွန်းဇံ လမ်းမကြီးအတိုင်း မြို့မြောက်ဘက်ကနေ ချီတက်လာတဲ့ ZRA စစ်ကြောင်းဟာ တွန်းဇံမြို့နဲ့ အနီးဆုံး သုံးမိုင်ခန့်အကွာရှိ နာ့ဇန် (Nakzaang) ရွာအထိ ရောက်ရှိခဲ့ပေမယ့် မြို့ထဲ မ၀င်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” စစ်ကြောင်း သုံးကြောင်း လာပေမယ့် နှစ်ကြောင်းက အထိနာနေတော့ ရှေ့ဆက်မတတ်နိုင်သေးဘူး။ လောလောဆယ် နာ့ဇန်ရောက်နေတဲ့သူတွေလဲ မြို့ထဲ၀င်မလား၊ စစ်ကူမလားဆိုတာ မသေချာသေးဘူးထင်တယ်။ မြို့ထဲတော့ ၀င်မလာသေးဘူး၊ ၀င်လာရင်လဲ မြို့ထဲက လူငယ်တွေနဲ့ တိုက်ပွဲဖြစ်မှာ။ ” လို့ ‌စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လုံဇန်ကျေးရွာကို မေ ၁၅ ရက် နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှာ တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသေဆုံးထိခိုက်မှုမရှိပေမယ့် နေအိမ်ပျက်စီးမှု အခြေအနေကို မသိရှိရသေးပါဘူး။

Mary
ဓာတ်ပုံ- ပုံဟောင်း

တွန်းဇံမြို့#စစ်ကောင်စီ#ZRA#Zalen

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်