
ဇူလိုင် ၁၊ ၂၀၂၆
Zalen
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ZRA-EC တပ်ဖွဲ့က စစ်ဘေးရှောင်နေတဲ့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတင် ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက တွန်းဇံမြို့နယ်ထဲက ဖွီတုန် (Phuitong) ရွာကို ZRA-EC တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရွာမှာရှိတဲ့ စတားလင့်ခ် (Starlink) အင်တာနက်စက်တွေကို လိုက်ဖြုတ်ပြီး အတင်းအဓမ္မ သိမ်းဆည်းခဲ့ကြပါတယ်။
အဲဒီလို လိုက်သိမ်းနေတုန်းမှာ အဲဒီရွာမှာ စစ်ဘေးရှောင်ရင်း အိမ်ထောင်ကျပြီး နေထိုင်နေတဲ့ Gelmual ရွာသား ကိုထန်လန်ခုပ် (Pa Thang Lam Khup) ကို တွေ့ရှိခဲ့ပြီးမသင်္ကာဘူးလို့ ဆိုကာ ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ZRA-EC အဖွဲ့က ကိုထန်လန်ခုပ်ကို တွန်းဇံမြို့ဘက် ခေါ်သွားတဲ့လမ်းမှာတင် နှိပ်စက်စစ်ဆေးပြီး တွန်းဇံမြို့မဝင်ခင် မောင်မွလ် (Mawng Mual) တောင်ကုန်းနား အရောက်မှာပဲ အသက်သေဆုံးတဲ့အထိ ရိုက်နှက်သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။
“ဖမ်းဆီးနှိပ်စက်ပြီး အသတ်ခံရသူကတော့ GelMual ရွာသားပါ၊ တိုက်ပွဲရှောင်းရင်း ဖွီတုန်ရွာဘက်မှာ မိန်းမ ရပြီး နေနေတာပေါ့။ ZRAတွေက ဒီရွာသားမဟုတ်ပဲ ဘာလုပ်နေလဲဆိုကာ ဖမ်းသွားတယ်။ အဲကနေ နှိပ်စက်ပြီး သေသွားတာ။ ” လို့ ဒေသခံတစ်ဦးက ပါတယ်။
လောလောဆယ်မှာတော့ သေဆုံးသွားတဲ့သူရဲ့ ရုပ်အလောင်း ဘယ်လိုအခြေအနေရှိလဲ၊ ဘာဒဏ်ရာတွေနဲ့ သေဆုံးသွားလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး။
တွန်းဇံမြို့ဟာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ၂ နှစ်နီးပါးကြာ သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်ထားတဲ့မြို့ပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်နဲ့ ZRA-EC ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးပြီး မြို့ကို ပြန်သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ စစ်ကောင်စီနဲ့ ZRA-EC အဖွဲ့က တွန်းဇံမြို့ပေါ်မှာ သူတို့အုပ်ချုပ်ရေးပြန်လည်ပတ်နိုင်အောင် လုပ်နေပြီး စစ်ဘေးရှောင်တွေကိုလည်း မြို့ထဲပြန်လာဖို့ ဖိတ်ခေါ်နေပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ အခုလိုမျိုး ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းကလည်း ZRA တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး တီးတိန်မြို့နယ် တွီထန်းရွာသား Kap Lian Mang ကို ဖမ်းဆီးပြီး သေဒဏ်စီရင်လိုက်သေးတယ်လို့ ထုတ်ပြန်ပါတယ်။
Mary
#တွန်းဇံမြို့ #ZRA #စစ်ရှောင်သတ်ခံရ #Zalen









