မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကပေးတဲ့သင်ခန်းစာ

ဆလိုင်းဘွေး ( ချင်းမိုင်)

ချင်းပြည်နယ်ရဲ့အနီးစပ်ဆုံးလည်းဖြစ် ချင်း၊ မီဇိုးမျိုးနွယ်စု မိသားစုဝင်လည်းဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ရဲ့ရွေးကောက်ပွဲတော့ နိုဝင်ဘာ ၂၈ ရက်နေ့မှာမဲပေးခဲ့ကြပြီး ဒီဇင်ဘာ ၁၁ ရက်မှာတော့ရလဒ်တွေကြေငြာခဲ့ပါတယ်။

အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းရွေးကောက်ပွဲရလဒ်က အိန္ဒိယနိုင်ငံရေးကို လှုပ်ခတ်သွားတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိပြည်နယ်အစိုးရဖွဲ့နိုင်တဲ့ပါတီ နိုင်ငံရေးသက်တမ်းအရင့်ဆုံး ( Indian National Congress) ဂန္ဒီရဲ့ ကွန်ကရက်ပါတီက နေရာ (၄၀) မှာ (၅) နေရာသာအနိုင်ရခဲ့သလို့ Mizo National Front (MNF) လို့ခေါ်တဲ့ မီဇိုးတိုင်းရင်းသားအခြေပြုပါတီက (၂၆) နေရာ (၆၅) ရာခိုင်နှုန်း နိုင်လိုက်တဲ့အတွက် ပြည်နယ်အစိုးရကိုလွတ်လွတ်ကျွတ်ကျွတ်ဖွဲ့သွားနိုင်ခဲ့တယ်။

အိန္ဒိယမြေပုံထဲက မီဇိုရမ်ပြည်နယ်

သူ့ရဲ့မဟာမိတ်ဖြစ်ခဲ့တဲ့ BJP ( Indian People’s Party) ကလည်း တစ်နေရာအနိုင်ရထားပါတယ်။ ရွေးကောက်ပွဲအစမှာတော့ MNF က ဘယ်သူနဲ့မှ ပေါင်းပြီးအစိုးရဖွဲ့မှာမဟုတ်ဘူးလို့ ကြေငြာခဲ့တာကြောင့် BJP အနေနဲ့ နေရာ (၄၀) လုံးဝင်ရောက်ယှဉ်ပြိုင်ရတော့တယ်။

ဒီနေရာကိုကြည့်လိုက်ရင် အိန္ဒိယအခြေပြုနှစ်ပါတီဖြစ်တဲ့ ( BJP & INC) နဲ့ မီဇိုးလူမျိုးအခြေပြု MNF တို့ရဲ့ အားပြိုင်မှုက ပိုပြီးမြိုင်ဆိုင်ခဲ့တယ်။ အထူးခြားဆုံးကတော့ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ PU Lal Thanhwala အနေနဲ့သူရဲ့ နိုင်ငံရေး နေဝင်ချိန်လို့ပင်ဆိုနိုင်လောက်အောင် ရှုံးနိမ့်သွားတာဖြစ်တယ်။

ပြည်နယ်ရဲ့ကွန်ကရစ်ပါတီဥက္ကဌလည်းဖြစ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင်အောင် နိုင်ငံရေးအောင်မြင်ခဲ့သူဟာ ဒီတစ်ကြိမ်မှာ အပြတ်အသတ် ရှုံးနိမ့်သွားပါတယ်။ သူ့ရဲ့အမာခံနယ်မြေဖြစ်တဲ့ Champai South မဲဆနနယ်မှာဆို MNF က Pu TJ Lalnuntulanga ကို ရှုံးနိမ့်သွားပြီး Serchhip မှာဆို Zoram People’s Movement (ZPM)’s က Pu Lalduhoma ကိုရှုံးနိမ့်သွားတာပါ။

၀န်ကြီးချုပ်အနေနဲ့ဒီနယ်မြေတွေမှာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ခုနှစ်ကြိမ်တိုင်တိုင် အောင်နိုင်ခဲ့တဲ့နယ်မြေမှာ ရှုံးနိမ့်သွားတာဖြစ်တယ်။ သူသတိမထားမိတာတော့ Zoram People’s Movement (ZPM) မဟာမိတ်အဖွဲ့ကိုပါ။ သူ့အနေနဲ့ Zoram People’s Movement မဟာမိတ်အဖွဲ့ကို  လျော့တွက်ထားတာလည်း မှားတဲ့တစ်ချက်ပါ။ ဒီအဖွဲ့ဟာဆို ပြီးခဲ့တဲ့နှစ် ၂၀၁၇ သြဂုတ်လမှာ ဒေသဆိုင်ရာပါတီငယ် ခြောက်ခုကိုအခြေခံဖွဲ့စည်းထားတာဖြစ်တယ်။ သူတို့ရဲ့ အဓိကဦးတည်ချက်ကတော့ ကွန်ကရက်လည်းမကြိုက် MNF ကိုလည်း အားမပေးတဲ့ မဲဆန္ဒရှင်တွေကို ဦးတည်ပြီး မဟာမိတ်အဖြစ်ရပ်တည်တဲ့ညွန့်ပေါင်းအဖွဲ့ပါ။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ထန်ဟောလ်လာ

ဒီဟာကို ကြည့်လိုက်ရင် အာဏာရပါတီတွေကို နိုင်ငံရေးချိန်ခွင်ညှိဖို့ ဦးတည်တဲ့အဖွဲ့ပါ။ လက်ရှိချိန်မှာတော့ အမတ် ၈ နေရာ ဒုတိယ အမတ်အများဆုံးနေရာ ရထားသည့်အတွက် ပြည်နယ်အစိုးရအတွင်း အတိုက်အခံကောင်းတရပ်အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်နှစ်ခုကိုတွေ့ရတယ်။ ကွန်ဂရက်ပါတီအနေနဲ့ ပါတီကြီးလည်းဖြစ် လက်ရှိအစိုးရပီပီ ပါတီနှစ်ခုလုံးကို အပြိုင်တိုက်ခဲ့တယ်။ ဒုတိယအချက်ကတော့ BJP အနေနဲ့တော့ မိတ်ဖက်ပါတီဖြစ်တဲ့ MNF ကိုမတိုက်ခိုက်တော့ပဲ INC ပါတီကိုပဲထောက်ပြတိုက်ခိုက်သွားခဲ့ပါတယ်။ ပြည်မအခြေပြုပါတီနှစ်ခုရဲ့ တိုင်းရင်းသားပါတီတွေပေါ် ချဉ်းကပ်ပုံဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

မဲစာရင်းရလဒ်

MNF အနေနဲ့တော့ မီဇိုးလူမျိုးသည်သာ ပထမဆိုတဲ့ခံယူချက်နဲ့ ယှဉ်ပြိုင်လာတယ်။ လူမျိုးကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးအမှုကို သေချာကိုင်တွယ်ဖို့ဂတိပြုခဲ့တယ်။ အထူးသဖြင့်အရက်တိုက်ဖျတ်ရေးကိုလည်း လုပ်ဆောင်ဖို့ရှိလာတယ်။ ဒုတိယအချက်ကတော့ မီဇိုရမ်အတွင်း ပြည်နယ်ခြား နိုင်ငံခြားကအခြေချနေထိုင်သူတွေကို ထိန်းချုပ်သွားမယ်လို့ဂတိပြုပြန်တယ်။

ဝန်ကြီးချုပ်ဖြစ်လာမယ့် MNF ပါတီခေါင်းဆောင် ပူးဇိုးရမ်ထန်ငါ

ဒါတွေက MNF အနေနဲ့လုပ်ရမဲ့ လုပ်ငန်းတွေအများကြီးထဲမှာ ပင်မလုပ်ငန်းနှစ်ခုဖြစ်လာတယ်။ နိဂုံးအနေနဲ့တော့ MNF ဟာ လူငယ်တွေရဲ့အားကို ကောင်းကောင်းအသုံးချသွားတယ်။ တက်ကြွတဲ့လူငယ်အင်အားနဲ့ အရက်တိုက်ဖျတ်ရေးကို လုပ်ဖို့ တာစူနေတယ်။ တဖက်ကလည်း ပြည်နယ်ရဲ့ ၈၇ ရာခိုင်နှုန်းသော ခရစ်ယာန်တွေရဲ့ အယူအဆတွေကို အသုံးချတတ်တယ်လို့မြင်မိတယ်။ နောက်ဆုံးတစ်ချက်ကတော့ MNF ဟာ မီဇိုရမ်ပြည်နယ်ကို အိန္ဒိယလက်အောက်ကနေလွတ်မြောက်ဖို့ ၁၉၈၆  ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ခဲ့ဖူးတဲ့ အဖွဲ့အစည်းကနေပေါက်ဖွားလာတဲ့ လူထုမျိုးချစ်ပါတီပီပီ လူထုရဲ့ ယုံကြည်မှုကိုဆုပ်ကိုင်ထားရင်း ခရီးဆက်နေဆဲလို့မြင်မိတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ ဖွဲ့စည်းပုံနဲ့ အိန္ဒိယရဲ့ ဖွဲ့စည်းပုံက မတူညီပါဘူး။ ဒါပေမဲ့သင်ခန်းစာအဖြစ် ယူလို့ရတဲ့ အချက်တွေတော့ရှိပါတယ်။ တိုင်းရင်းသားအခြေပြုပါတီတွေရဲ့ အခန်းကဏ္ဍ၊ မဟာမိတ်ပါတီရဲ့ အရွေ့၊ အိန္ဒိယနိုင်ငံပြည်မ အခြေပြု ပါတီတွေရဲ့အခန်းကဏ္ဍကတော့ သတိချပ်သင်ယူလို့ရနိုင်တယ်။

လက်ရှိမြန်မာ့နိုင်ငံရေးမှာလည်း တိုင်းရင်းသားပါတီများရဲ့နိုင်ငံရေး၊ ၈၈၈၈ အဖွဲ့မှ ပေါက်ဖွားလာသော ပြည်သူ့ပါတီ၊ပြည်မအခြေပြု ကြံ့ခိုင်ရေးပါတီ နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဆိုရင် ၂၀၂၀ အတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ချီတက်လာပါပြီ။ ဒါကြောင့် မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးအရွေ့ဟာ ၂၀၂၀မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီ နဲ့ ပြည်မအခြေပြု နိုင်ငံလုံးအခြေပြုပါတီကြီးတွေအနေနဲ့ လေ့လာသင့်တဲ့ သင်ခန်းစာလို့ပြောပါရစေ။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်