ကလေးမြို့နယ်က စစ်ဘေး၊ မီးဘေး နှစ်ထပ်ကွမ်း စစ်ဘေးဒုက္ခသည်များ

စာရေးသူ – Mary

၂၊ ဧပြီ၊ ၂၀၂၄

Zalen

” အခု နှစ်ဖက် တိုက်ပွဲမဟုတ်တော့ဘူး။ စစ်တပ်ရဲ့ လူသတ်ပွဲလို့ ပြောကြတယ်။ သူတို့ကြောင့် ပြည်သူတွေ သေတာ အများကြီး ရှိနေပြီလေ။ အိမ်တွေလဲ မီးရှို့ခံရလို့ ကုန်ပြီလေ။ ” လို့ တိုက်ပွဲတွေကြောင့် ကလေးမြို့မြောက်ပိုင်း‌ကနေ တိမ်းရှောင်လာတဲ့ ချင်းအမျိုးသမီးကြီး တစ်ဦးက ပြောပြနေတာပါ။

သူကတော့ ကလေးမြို့မြောက်ပိုင်း သာယာကုန်းကျေးရွာကနေ ချင်းတောင်ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မြောက်ပိုင်းကကျေးရွာ‌ တွေကို ဧပြီ လ ၅ရက်နေ့စပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား မေလ ၁ရက် နေ့အထိ တစ်လနီးပါး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးမြို့မြောက်ပိုင်းက ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံလေး၊ ငှက်ပျောတော၊ ဟံသာ၊ ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ နန်းချောင်း၊ လက်ပံချောင်း၊ သာယာကုန်း၊ ပြည်တော်သာနဲ့ ညောင်တော စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မြောက်ပိုင်းက ‌ကျေးရွာ အနည်းဆုံး ဆယ်ရွာလောက်ရှိမယ် ပြေးနေရတာ။ လမ်းပေါ်က‌ရွာတွေက ဒေသခံတွေ မနေရဲကြတော့ဘူး။ သူတို့ (စစ်ကောင်စီ) စစ်ကြောင်း၀င်တဲ့ ရွာဆိုရင် မီးရှို့ခံရပြီပဲ။ မရှို့ခင် နေအိမ်တွေက သူတို့ကြိုက်တဲ့ ပစ္စည်းကို ယူသွားတာ။ ကျွန်တော်အိမ်လည်း မီးထဲ ပါသွားတယ်။ ဘယ်လိုခံစားရလဲဆိုတော့ ကိုယ်တစ်သက်လုံး ကြိုးစားပမ်းစား ဆောက်ထားတဲ့ အိမ်လေးဆိုဝောာ့ နှမြောဝာာပေါ့။ ဆန်စက်က ဆန်တွေရော၊ စက်ရော သယ်သွားတယ်။ နွားတွေလည်း ဘယ်ရောက်ကုန်မလဲမသိတော့ဘူး။ ” လို့ ‌အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့နယ်က မိုင်နွဲ့ရွာ အပါအ၀င် ပျဉ်းခုံကြီး၊ ပျဉ်းခုံလေး၊ ပြည်တော်သာ၊‌ ယောက်ချိုကွင်း၊ ဟံသာ၊ ကံသာ ‌စတဲ့ကျေးရွာတွေက ‌ဒေသခံတွေရဲ့ နေအိမ် ခြောက်ရာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မေ၁ရက်နေ့မှာလည်း ပြည်တော်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်‌ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေတစ်ထောင်၀န်းကျင်ရှိတဲ့ ပြည်တော်သာကို စစ်ကောင်စီတပ်က ဧပြီ ၃၀ရက်နေ့က မီးစတင်ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မြို့ပေါ်ရှိ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေသလို စစ်ကောင်စီက ဒရုန်းနှစ်စင်းနဲ့ ရှာဖွေပြီး ဗုံးသီးချတာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာ‌ တွေရှိခဲ့ပါတယ်။

ဧပြီလ ၂၄နဲ့၂၅ ရက် နေ့‌မှာ ပျဉ်းတော်ဦးရွာမှာ လက်နက်ကြီးထိမှန်လို့ စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ပစ်ခတ်တာကြောင့် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ၂၄ရက်နေ့ကတော့ ညပိုင်းမှာ ပစ်ပစ်ချင်း သုံးယောက်သေတယ်။ နောက်နေ့ သူတို့နာရေးလုပ်နေတဲ့ အချိန်မှာ ထပ်ပစ်ခံရတာ။ အကုန်လုံး ဖရိုဖရဲ ဖြစ်ကုန်တာ၊ ကြောင်လန့်ကုန်တာပေါ့။ အခု‌ထိ ကျွန်မဆို ညဘက်တွေ ကောင်းကောင်း အိပ်မပျော်ရဲဘူး။ ” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ မီးရှို့တာနဲ့ ဒရုန်း ဗုံးသီးချ တိုက်ခိုက်မှုတွေကြောင့် ကလေးမြို့မြောက်ပိုင်း ခရစ်ယာန်ဘုရားကျောင်း ငါးကျောင်းထက် မနည်း ပျက်စီးခဲ့ပါတယ်။

” ညအိပ်နေရင်းတောင် လက်နက်ကြီးသံကြားရင် ထိတ်လန့်နေရတယ်။ ကိုယ့်အိမ်ကို ဘယ်တော့ထိမလဲဆိုပြီးပေါ့။ ကျွန်မတို့ရွာ ကျတယ်ဆိုကတည်းက ပြေးလာရတာပဲ။ ဘာမှတောင်မပါဘူး။ အ၀တ်အထည်ကိုယ်တစ်ခုနဲ့ အရေးပေါ်လိုအပ်မယ် ပစ္စည်းတွေလည်း ပါတယ်။ ” လို့ ကလေးမြို့မြောက်ပိုင်း‌ကနေ တိမ်းရှောင်လာတဲ့ ချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကလေးမြို့ မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေဟာ တီးတိန်မြို့၊ ဖလမ်းမြို့၊ အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်၊ ကလေးမြို့ပေါ်နဲ့ အနီးအနားက ဘေးလွတ်ရာ ကျေးရွာတွေ တိမ်းရှောင်နေကြရပါတယ်။

ဒါကြောင့် သူတို့ရဲ့ ကျန်းမာ‌ရေးအတွက်‌ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အမိုးအကာတဲတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်‌တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

” လက်ရှိတော့ သူတို့အတွက် အစားအသောက်နဲ့ နေထိုင်ရေးအတွက် အဓိက လိုအပ်တယ်။ အခုက လေပြင်းတိုက်တွေလည်း ရှိ‌တယ်။ နေကလည်း ပူတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် ဆေးဝါ တွေလိုအပ်တယ်။ ” လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဧပြီလ ၁၁ ရက်နေ့အထိ နှစ်လနီးပါးအတွင်း ကလေးမြို့နယ်မှာ အရပ်သားသေဆုံးမှု ရှစ်ဆယ်အထိရှိနေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအ၀င် နေအိမ် ၃၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်