ရန်ကုန်တိုင်း ချင်းလူဦးရေစာရင်း (၃)သောင်းခန့်သာရရှိသဖြင့် ဇန်နဝါရီလအထိ ဆက်လက်ကောက်ခံမယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်တဲ့ ချင်းတိုင်းရင်းသားလူဦးရေစာရင်း (၃)သောင်းခန့်သာ ရရှိတာကြောင့်၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ကောက်ခံရန် ချင်းအမျိုးသားလူမှုကွန်ယက်အသင်း (Chin Advocacy Network) ကဆုံးဖြတ်ထားပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ချင်းလူဦးရေစာရင်းကို ကောက်ခံရန် ရည်ရွယ်ထားပေမယ့် စာရင်းကောက်ရာတွင်အခက်အခဲအနည်းငယ်ရှိတဲ့တွက် ဒီနှစ် ဇန်နဝါရီလအထိ ဆက်လက်ကောက်ခံဖို့ ဆုံးဖြတ်ကြခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ခံရာတွင် အသင်းတော်နဲ့ မျိုးနွယ်စုအသင်းရဲ့စာရင်းပေါ်အခြေခံကောက်ခံတဲ့တွက်ကြောင့် အခက်အခဲအနည်းငယ်ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။

ချင်းလူဦးရေစာရင်းကောက်ခံသူ ဆလိုင်းထင်အောင်က “ကျနော်တို့က မြို့နယ်အသင်း၊ မျိုးနွယ်စုအသင်းနဲ့ အသင်းတော်တွေကိုအခြေခံပြီးတော့ ကောက်တာဆိုတော့ စာရင်းထဲမှာ အိမ်ထောင်ဦးစီးတွေရဲ့ နာမည်တွေပဲရှိတာတို့ပါတယ်။ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်တွေနဲ့ထပ်ဆက်သွယ်ပေမယ့် အဲ့နံပါတ်ကိုမသုံးတော့တာတွေရှိတော့ တော်တော်ခက်တယ်။ ခုလည်း ပလက်ဝ နဲ့ မင်းတပ် ဘက်ကစာရင်းတွေမကောက်ရသေးဘူး။ စာရင်းကောက်တဲ့ခါမှာ မျိုးနွယ်စုအသင်းဦးဆောင်သူတွေရဲ့ ပူးပေါင်းမှုအားနည်းတယ်။ စာရင်းတောင်းတဲ့ချိန်မှာ အချို့က ပေးမယ်လို့ပြောပေမယ့် မပေးတာတို့၊ တချို့က ၂၀၁၆ တုန်းက စာရင်းကိုလာပေးတာတွေရှိတယ်။ မျိုးနွယ်စုအသင်းခေါင်းဆောင်တွေက စာရင်းတွေကောင်းကောင်းပေးရင် ခဏလေးနဲ့ ပြီးသွားမယ့်ကိစ္စပါ” လို့ပြောပါတယ်။

ချင်းတိုင်းရင်းသားလူဦးရေစာရင်းကို ချင်းအမျိုးသားလူမှုကွန်ယက်အသင်း (Chin Advocacy Network) ကဦးဆောင်ကောက်ခံပြီး သတ်မှတ်လူဦးရေပြည့်မီပါက ရန်ကုန်တိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတောင်းဆိုဖို့ရည်ရွယ်ထားကြတယ်။

ချင်းလူဦးရေစာရင်းကောက်ခံသူ ဦးချိုလိုင်ဦးက “မျိုးနွယ်စုအသင်းခေါင်းဆောင်တွေက ကျနော်တို့အကူအညီတောင်းရင်တောင်လက်ရှောင်ကြတယ်။ သူတို့ကိုခေါ်ပြီးတော့ တိုက်တွန်းနှိုးဆော်မှုတွေလုပ်သင့်တယ်။ သူတို့ဘက်က ပူးပေါင်းမှုအားနည်းတော့ ကျနော်တို့ဘာသာလှုပ်ရှားတဲ့ခါမှာ အချိတ်အဆက်သိပ်မရှိတာကြောင့် ဖလမ်းဆို တစ်ဝက်လောက်ပဲရတယ်။ ဟားခါး၊ ထန်တလန်တို့လည်း အဲ့လိုပါပဲ။ ဇိုမီးတွေချိတ်ဆက်လို့မရသေးဘူး။ မီဇိုးကတော့ ဆက်သွယ်လို့ရပေမယ့် စာရင်းမရသေးဘူး။ အဲ့ဒါတွေအားလုံးစုံရင်တော့ လူဦးရေငါးသောင်းကျော်မယ်ထင်တယ်” လို့ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင် နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ရှိပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁(ခ) အရ တိုင်းဒေသကြီးအတွင်းရှိ လူနည်းစု တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ သုည ဒဿမ တစ် ရာခိုင်နှုန်း (လူဦးရေ ၅၄,၀၀၀)ရှိပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရရှိနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်