ရေး ၃ ရေးကို သရုပ်ခွဲထုဆစ်ခြင်း

Khaisa ရေးသည်။

ရေး ၃ ရေးဟုဆိုရာ၌ လူမျိုးရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေးတို့ကို ဆိုလိုကြောင်း စာရှုသူများ နား လည်စေလိုပါသည်။ ဤရေး ၃ ရေးသည် လူသားတို့ကို အဓိက ချုပ်နှောင်ရစ်ပတ်ထားသည့် အရာများဖြစ်သည်။ မည်သူမျှ ဤအရာ ၃ ပါးနှင့် ကင်း လွတ်နိုင်ရိုးမရှိပေ။ လူမှုရေး၊ ဘာသာရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည်တို့သည် ဤ ရေး ၃ ရေး၏ နောက်ဆက်တွဲ အကျိုးဆက်များတွင်သာပါဝင်ပြီး ရေး ၃ ရေးသည်သာ ပင်မဖြစ်ပေ၏။ ဤ ရေး ၃ ရေး၏ နောက်ကွယ်တွင် အကျိုး စီးပွားတည်းဟူသော မပြောင်းလဲနိုင်သည့် နိယာမက မောင်းနှင်ပေးထားသည်။

လူမျိုးရေးသမားများသည် အတ္တဆန်သော သဘော ထားရှိကြသည်။မိမိလူမျိုးတစ်ခုတည်းကိုသာကွက် ၍ ကြည့်မြင်ကာ ဆောင်ရွက်ကြသည်။ မိမိလူမျိုး ရေး၏ စက်ဝန်းမှ ကျော်လွန်ကာ တွေးတောခြင်း၊ ရှုမြင်ခြင်း၊ ဆောင်ရွက်အလေးထားခြင်းမရှိကြချေ။ ပြင်ပမှ သက်ရောက်လာမည့်အကျိုးဆက်ကို ဆက် စပ်တွေးခေါ်အလေးထားခြင်း မရှိကြပါ။ သူတို့၏ အတွေးအခေါ် အယူအဆ သဘောထားသည် တ ရားသေဆုပ်ကိုင်ထားခြင်း လမ်းကြောင်းပေါ်တွင်သာ တည်ရှိသည်။ ကြုံတွေ့သော ပဋိပက္ခ ပြဿနာရပ်များအပေါ်တွင် မိမိတို့သည်သာ အမှန်ဟူသော ခံယူချက်ဖြင့်သာ ချည်းကပ်ကြသည်။ ဥပမာအားဖြင့် ချင်းပြည်တွင် မျိုးနွယ်စုများစွာရှိသည့်အနက် A မျိုးနွယ်စုများကို ဥပမာပြုကြည့်မည်။ ဥပမာ ပြုခြင်းသာဖြစ်ပါသည်။ A မျိုးနွယ်စုများအနေဖြင့် A မျိုးနွယ်စု ကောင်းစားရေးကိုသာ ကြည့်ပြီး A မျိုးနွယ်စုများနှင့် နယ်နိမိတ်ထိစပ်သော လူမျိုးများ၏ အရေးကို စိုးစမ်မျှ မတွေးတောပဲ ဆောင်ရွက်ကြသည်။ A မျိုးနွယ်စု များ၏ လွှမ်းမိုးနိုင်စွမ်း၊ ကြီးထွားနိုင်စွမ်း၊ တိုး တက်နိုင်စွမ်းထက် ဘယ်အရာမျှ အရေးကြီးသည်ဟု မယူဆပေ။ A မျိုးနွယ်စုနှင့် နယ်နိမိတ်ထိစပ်နေသော လူမျိုးတို့၏ အရေးသည် A မျိုးနွယ်စုအရေးနှင့် ဆက်စပ်နေသည်ကို သဘောမပေါက်ကြပေ။

ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာတွင် လူမျိုးအများအပြားရှိ၏။ ထိုလူမျိုးများအနက် ချင်းလူ မျိုးကို ဥပမာပြုကြည့်မည်။ ချင်းလူမျိုးများနှင့် နယ်နိမိတ်ထိစပ်သော လူမျိုးများရှိ၏။ သို့သော် ချင်းလူမျိုးအရေးမှအပ မည်သည့် အရေးကိုမျှ အလေးထားခြင်းမရှိ၊ စိတ်ဝင်စားခြင်းမရှိပေ။ အိမ်နီးချင်းများ၏ အရေးသည် မိမိတို့လူမျိုး၏ အရေးနှင့် ဆက်စပ်နေကြောင်းကို လူမျိုးရေးသမားများက သဘောမပေါက်ကြပါ။ မိမိလူမျိုးတစ်ခုတည်းကိုသာ မြင်သည်။ အဓိကထားသည်။ဂရုစိုက်သည်။ အလေးထားသည်။ ထို့ကြောင့် လူ မျိုးရေးသမားများသည် အပိတ်သဘောထား၊ အပိတ် အတွေး အခေါ်သမားများဖြစ်ကြသည်ဟု ကောက်ချက်ချနိုင်သည်။ လူမျိုးရေးသမားများ သည် အသိပညာ၊ ဗဟုသုတနည်းပါးကြသူများဖြစ်သည့်အလျောက် တွေးခေါ်မှုအားနည်းကြပြီး စိတ်ခံစားချက်ဖြင့် ရှင်သန်သူများဖြစ်ကြသည်။ အကျိုးစီးပွားဆက် နွယ်မှုကို သဘောမပေါက်ကြပါ။ 

အမျိုးသားရေးသမားများသည် အတ္တဆန်သော အ တွေးအခေါ်ရှိကြပါသော်လည်း လူမျိုးရေးသမားများထက် သာလွန်သော အတွေးအခေါ်အယူအဆပိုင်ဆိုင်ကြသည်။ သူတို့သည် ပထဝီနိုင်ငံရေးနှင့်ဒေသတွင်းနိုင်ငံရေးကို အတော်အတင့် သဘော ပေါက်ကြသဖြင့် အိမ်နီးချင်းလူမျိုးနှင့် နိုင်ငံများအရေးကို အလေးထားကြသည်။ မိမိတို့၏ ပြည် တွင်းရေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားဆက်စပ်ပုံ၊ အကျိုးပြုပုံကို သဘောပေါက်ကြသဖြင့် မိတ်ဖက်ဆက်ဆံရေးကို အလေးပေးကြသည်။ အပေးအယူသဘောတရားကိုလည်း နားလည်ကြသည်။ မိမိပြည်တွင်း တည်ငြိမ်ရေး၊ တိုးတက်ကြီး ပွားရေးနှင့် ဒေသတွင်း နိုင်ငံရေးတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု လွန်စွာဆက်စပ်ပုံကို သဘောပေါက်ကြသည်။ ဒေသတွင်းလှိုင်း၏ ရိုက်ခတ်နိုင်စွမ်းကို သ ဘောပေါက်ကြသည်။ အပြန်အလှန် မှီခိုအားထားအကျိုးပြုမှုကို နားလည်ထားကြသည်။ ထို့ကြောင့် အိမ်နီးချင်းများ၏ အရေးကို အလေးထားကာ ကူ ညီပံ့ပိုးခြင်းများ၊ ချိတ်ဆက်ဆောင်ခြင်းများ၊ ပူး ပေါင်းဆောင်ရွက်ခြင်းများကို ​ကျင့်သုံးကြသည်။

အမျိုးသားရေးသမားစစ်စစ်များသည် ဖြန့်ကျက်တွေးခေါ်ကြသူများဖြစ်ကြသည်။ အစွန်းရောက် အမျိုးသားရေးသမားဟု သတ်မှတ်ခံရသူများသည် အမှန်စင်စစ်တွင် လူမျိုးရေးသမားများသာ ဖြစ်ကြသည်။ လူမျိုးရေးသမားအုပ်စုတစ်ခုမှ လူမျိုးရေးသမားအုပ်စုတစ်ခုသို့ ပဋိပက္ခများ ကူးစက်သွားသဖြင့် ပဋိပက္ခကို ကြီးထွားစေကြသည်။ စစ်မှန်သော အမျိုးသားရေးသမားများသည် ဘယ်သောအခါမျှ အစွန်းမရောက်ကြပေ။ အကျိုးတူ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးကို တည်ဆောက်သူများ ဖြစ်ကြသည်။ ကြောင်းကျိုးဆက်စပ်မှုကို နား လည်ထားကြသူများဖြစ်ကြသဖြင့် ပဋိပက္ခပြဿ နာတစ်ရပ်ကို ညှိနှိုင်းဖြေရှင်းရာ တွင် လွယ်ကူကြသည်။ အကျိုးစီးပွားဆက်နွယ်မှုကို ကောင်းစွာ သဘောပေါက်ကြသည်။

နိုင်ငံရေးသမားများသည် ဒေသတွင်းသာမက ကမ္ဘာနှင့်ချီပြီး ဆက်စပ်မှုကို သဘောပေါက်သူများဖြစ်ကြသည်။ သူတို့၏ အယူအဆများတွင် ရန်သူမိတ် ဆွေဟူ၍ မရှိပေ။လိုအပ်သော အကျိုးသက်ရောက် မှုအတွက် လိုအပ်သော ​ကြောင်းကျိုးဆက်စပ်သော သဘောတရားကို လက်ခံကြသည်။ဖြစ်ပျက်နေသော ပဋိပက္ခပြဿနာရပ်တိုင်း၏ လားရာလမ်းနှင့် လာရာလမ်း၊ မူလရင်းမြစ်ပြဿနာကို ကမ္ဘာနှင့်ဆက်စပ်ကာ တွေးခေါ်၍ အဖြေရှာကြသည်။ ဥပမာပြုရသော် မြန်မာ့အရေးသည် ဥရောပသမဂ္ဂ၏ မူဝါဒ၊ ဥရောပသမဂ္ဂ၏ အပြောင်းအလဲတို့နှင့် မည်မျှဆက်စပ်သနည်း။ အမေရိကန်သမ္မတအ​ပြောင်းအ လဲနှင့်မည်မျှဆက်စပ်သနည်း၊ ​ကမ္ဘာ့အရှေ့အလယ်ပိုင်းပဋိပက္ခနှင့်မည်မျှဆက်စပ်သနည်း၊ ကမ္ဘာ၏ လောင်စာဆီပြဿနာနှင့် မည်မျှဆက်စပ်သနည်း၊ တရုတ်ပြည်၏ မူဝါဒ၊ အာဆီယံ၏ မူဝါဒတို့နှင့်မည်မျှဆက်စပ်သနည်းဟူသော ကမ္ဘာ့အရေးနှင့် ဆက် စပ်ပုံကို လေ့လာအဖြေရှာသည်။ ဥရောပသမဂ္ဂ၏ မူဝါဒနှင့် ဆက်စပ်နေပါက ဥရောပသမဂ္ဂကို ချည်းကပ်ရမည်ဟု နားလည်သဘောပေါက်ကြသည်။ တရုတ်၏ မူဝါဒနှင့် ဆက်စပ်ပါက တရုတ်ကိုချည်းကပ်ရမည်။ အာရှပါစိဖိတ်အရေးနှင့်ဆက်စပ်နေပါက အာရှပါစိဖိတ်ကို ချည်းကပ်ရမည်ဟု သဘော ပေါက်ကြသည်။ သူတို့၏ ပြဿနာရှုမြင်ပုံမှာ ကျယ်ပြန့်ပြီး လူမျိုးရေးနှင့်အမျိုးသားရေးသမားများထက် ဖြန့်ထွက်ထိုးဖောက်ကြသူများဖြစ်ကြသည်။ မိမိ​ပြည်အတွင်းအရေးကို ဖြေရှင်းရာတွင် ဒေသတွင်းနှင့် ကမ္ဘာ့အရေးကို စေ့စပ်ချိတ်ဆက်စေလျှက် ဆောင်ရွက်သည်။ ပြဿနာ၏ အရင်းအမြစ်ကို မဟာဗျူဟာကျကျ သိမြင်သကဲ့သို့ မဟာဗျူ ဟာကျကျ ချည်းကပ်ဆောင်ရွက်သည်။ ပဋိပက္ခပြဿနာ၏ နောက်ကွယ်မှ မူလအရင်းအမြစ်ကို သဘောပေါက်သိမြင်သည်။ တနည်းဆိုရသော် တ တိယမျက်လုံးပိုင်ရှင်များဖြစ်ကြသည်။ 

လူမျိုးရေးသမားများသည် ပဋိပက္ခဖန်တီးသူများဖြစ်ကြပြီး အမျိုးသားရေးသမားများသည် ပဋိပက္ခကို အဖြေရှာကြသူများ(ကာကွယ်ကြသူများ) ဖြစ်ကြကာ နိုင်ငံရေးသမားများသည် ပဋိပက္ခဖြေရှင်းနိုင်သူများ(အဖြေသိသူများ​) ဖြစ်ကြသည်။ ယနေ့ကမ္ဘာ့ပြဿနာများ၏ အရင်းအမြစ်များကို လေ့လာပါက အခြေခံမှာ လူမျိုးရေးပြဿနာမှ အစပြု​နေ သည်ကို တွေ့ရမည်။ လူမျိုးရေးအကျိုးစီးပွားသာ အဓိကထားသောကြောင့်ပင်ဖြစ်၏။ လူမျိုးရေးသ မားများသည် အသိပညာဗဟုသုတခေါင်းပါးကြသောကြောင့် အစွန်းရောက်နေကြသူများဖြစ်ကြသည်။ လူမျိုးရေးသည် ထိလွယ်ရှလွယ်ဖြစ်လွန်းသောကြောင့် အမျိုးသားရေးနှင့်နိုင်ငံရေးသမားများကိုပင် လွှမ်းမိုးကိုင်လှုပ်နိုင်ပြီး ၎င်းတို့၏အသုံး ချခံ ဖြစ်သွားစေနိုင်ကြသည်။ လူမျိုးရေးသမားများသည် အန္တရာယ်ကောင်များ ဖြစ်ကြသည်ဟု ကောက်ချက်ချစရာ ဖြစ်ပေ၏။

ယနေ့ ချင်းပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခပြဿနာ အ ကြောင်းအရင်း အုတ်မြစ်ကို လေ့လာပါက လူမျိုး ရေးအခြေခံသည့် တွေးခေါ်ယူဆချက်မှ ဖြစ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ချင်းပြည်ရှိ သက် ဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်အများစုမှာ လူမျိုးရေးသမားများအဆင့်မှ ထိုးဖောက်ကာ အမျိုးသားရေးသမားအဆင့်သို့ မတက်နိုင်ကြသေးပေ။ နိုင်ငံရေးသမားစစ်စစ်ဖြစ်နိုင်ရန်မူကား ဝေးစွ။ သူတို့၏ အိမ်နီးချင်း၊ ဒေသတွင်းနှင့်ချိတ်ဆက် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ကူညီပံ့ပိုးရေး၊ မိတ်ဖက်ဆက်ဆံရေး ဆောင်ရွက်ချက်များကို လေ့လာခြင်းအားဖြင့် သိရှိနိုင်ပေသည်။ ချင်းပြည်ရှိ အဖွဲ့အစည်းများကိုပင် စုစည်းနိုင်ခြင်းမရှိသည်ကို ကြည့်ခြင်းဖြင့် လူမျိုးရေးသမားစစ်စစ်များ သာ လွန်နေကြသည်မှာ ငြင်းချက်ထုတ်နိုင်စရာ မရှိပေ။

ဤသို့သော လူမျိုးရေးသဘောထား အယူအဆပြင်းထန်သော နိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ပါက ပြဿနာ ပြီးနိုင်မည်ဟု မယူဆရပေ။ ဖက်ဒရယ်ဒီမိုကရေစီသည် လူများစု၏ သဘောထားအတိုင်း သွားရမည်ဖြစ်သဖြင့် လူနည်း စုသည် တော်လှန်ရေးလမ်းကြောင်းပေါ်တွင် ပြန် လည်ရောက်ရှိရန် မခက်ခဲပေ။ ထို့ကြောင့်ပင် ကွန်ဖက်ဒရေးရှင်းစနစ်နှင့်သာ ကိုက်ညီမည်ဟု ယူဆရခြင်းဖြစ်သည်။ 

အမျိုးသားရေးသမား ဖြစ်ချင်နေကြပါသော်လည်း

အမျိုးသားရေးသမား ပီသချင်နေကြပါသော်လည်း

နိုင်ငံရေးသမား ပီသချင်နေကြပါသော်လည်း ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်၍ နေပါသတည်း။

Khaisa

2/4/2024 on Tue @ 8:24 Am (In)

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်