လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ချိုးဖောက်ခံနေရတဲ့ ချင်းပြည်နယ်

၂၅၊ ဧပြီ၊ ၂၀၂၄

Zalen

ခရစ်ယာန်ဘာသာကိုသာ အများစုကိုးကွယ်ကြတဲ့ ချင်းလူမျိုးတွေဟာ တနင်္ဂနွေနေ့တိုင်းမှာ ဘုရားကျောင်းမှာ ဆုတောင်း ၀တ်ပြု ကိုးကွယ်ကြလေ့ရှိပါတယ်။

ချင်းလူမျိုးတွေရဲ့သာရေး၊ နာရေးတွေမှာလည်း လာရောက်တဲ့ ဧည့်ပရိသတ် ဆွေမျိုးတွေနဲ့ ၀တ်ပြုဆုတောင်းကြပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှာတော့ ဘုရားကျောင်းတွေမှာ လူငါးဦးနဲ့အထက် လူမစုရ ဆိုပြီး စစ်ကောင်စီက တားမြစ်ထားပါတယ်။

မြို့သစ်ရပ်ကွက်က ဈေးဆိုင်တွေကိုလည်း စစ်ကောင်စီက ပိတ်ခိုင်းထားပြီး ဘုရားကျောင်း တွေမှာလည်း လူမစုရဘူးဆိုတဲ့ တားမြစ် အမိန့်ကို ဧပြီ ၂၂ရက်နေ့က ထုတ်ပြန်ထားတာပါ။

ဒီတားမြစ်ကန့်သတ်မှုဟာ ဒေသခံတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်စေသလို ကိုးကွယ်ယုံကြည်သူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စဟာ စစ်ကောင်စီက ဘာသာ‌ရေးစော်ကားပြီး လူ့အခွင့်အရေးကို ချိုးဖောက်တာလို့ ‌ချင်းရေးရာအဖွဲ့ချုပ် (ICA) က ပြောပါတယ်။

” ဒီဟာက လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပိတ်ပင်လိုက်တာပဲလို့ ကျွန်တော်တို့ကတန်းပြော လို့ ရတယ်ပေါ့‌‌နော်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ အများစုက ခရစ်ယာန်တွေ ဖြစ်တယ်။ ခရစ်ယာန်တွေ အထွဋ်အမြတ်ထားတဲ့ တနင်္ဂနွေနေ့မှာတောင်မှ ဘုရားကျောင်းတက်ခွင့်မပေးဘူး။ လူငါးဦးထက်ပိုမစုရဘူး ဆိုတဲ့ ပုံစံမျိုးကတော့ လုံး၀ မဖြစ်သင့်အရာပေါ့နော်။ ဒါက ဒီမိုကရေစီစံနှုန်းနဲ့လုံး၀ကွဲလွဲနေတယ်။ ” လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရ ဆလိုင်းဗန်ဆွီးစံက Zalen ပြောပါတယ်

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ခရစ်ယာန်ဘုရားကျောင်း ၁၄ ကျောင်းခန့် ရှိပါတယ်။

ဒီလို လူမစုရတဲ့ ကန့်သတ်ချက်ကြောင့် မြို့သစ်ရပ်ကွက်ရှိ ဘုရားကျောင်း အသင်းသူအသင်းသားတွေ ကိုးကွယ်ဆုတောင်းဖို့ အခက်အခဲတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

” ဒီလိုမျိုး ဆက်သွားလို့ အဆင်မပြေဘူး။ လူမစုရင် ဘယ်လို ဘုရားကျောင်းတက်မလဲ။ ကျွန်တော်တို့ ဘာသာရေးကိုတော့ လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရချင်တယ်။ ဒီလိုမလုပ်ရင် ကောင်းမှာပဲ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို CDF ဟားခါးအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီက အခုလို ထုတ်ပြန်လာတာပါ။

အမိန့်ကို မလိုက်ရင် တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၂ ရက်နေ့က မြို့သစ်ရပ်ကွက်အတွင်းရှိ ဘုရားကျောင်းနဲ့ လူနေအိမ်တွေကို အကာအကွယ်ယူပြီး စစ်‌ကောင်စီတပ်ရဲ့ VIP ယာဉ်တန်းကို CDF ဟားခါးအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် လူကြီးတချို့ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ၀န်ခံထားပါတယ်။

အဲဒီမြို့သစ်ရပ်ကွက်ဟာ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရုံးနဲ့ ၀န်ကြီးများအိမ်ရာ ကြားမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

” ရပ်ကွက်ထဲက အိမ်တွေက CDF‌ တွေကို လက်ခံအကာကွယ်ပေးလို့ ဒီလို အမိန့်ထုတ်တာလို့ ပြောတယ်။ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်တို့က တိုက်ပွဲကို မလိုလားပါဘူး။ အေးအေးချမ်းချမ်းပဲ နေချင်တာပါ။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်ချက်တွေကို ဖြေလျော့ပေးဖို့ ဟားခါးမြို့မိ၊ မြို့ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။

” သူတို့တားမြစ်ထားတာကို ဖြေလျော့ဖို့ တောင်းဆိုထားပါတယ်။ တွေ့ဆုံဖို့လည်း ကြိုးစားနေပါတယ်။ အဓိက သာရေးနာရေးနဲ့ ဘုရားကျောင်းတက်လို့ ရအောင်ပေါ့လေ။ ” လို့ ‌လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဟားခါး မြို့မိမြို့ဖ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း ချင်းပြည်နယ်မှာ လူငါးဦးနဲ့အထက် ပိုမစု အမိန့်ကို ထုတ်ပြန်ခဲ့ပေမယ့် မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပြီးနောက် စစ်ကောင်စီက ဖြေလျော့ပေးခဲ့ပါတယ်။

” ဒီတခေါက်တော့ မလွယ်လောက်ဘူး။ အဓိက သူတို့ လုံခြုံရေးကြောင့်ပေါ့။ ဒီတခါ သူတို့ အတော်ထိထားတာဆိုတော့ အရင်က လို လွယ်လွယ်ပြန်လျော့ပေးမယ်မထင်ဘူး ” လို့ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်ချက်ကို ဧပြီ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိမချင်း လိုက်နာရမယ်လို့ ဆိုပါတယ်။

CDF ဟားခါးအဖွဲ့က‌‌တော့ ဧပြီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ၀န်ကြီးတွေ လိုက်ပါတဲ့ကားတစ်စီးကို ဟားခါးမြို့သစ်လမ်းဆုံမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၀န်ကြီး ၃ ဦးအပါ၀င် လူ ၆ ဦး ဒဏ်ရာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်