ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းမှ ပိုထုတ်ငွေ သန်း ၂၀၀၀ ကျော်မပေးသွင်းပါက အစိုးရကတရားစွဲမယ်

ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းမှ ပိုထုတ်ငွေ သန်း ၂၀၀၀ ကျော်မပေးသွင်းပါက အစိုးရကတရားစွဲမယ်

ချင်းပြည်နယ် ဟားခါးမြို့ ရေပေးဝေရေးတာဝန်ယူတည်ဆောက်တဲ့ ကုမ္မဏီနှစ်ခုကို စီမံကိန်း ပိုထုတ်ငွေ ကျပ်သန်း ၂၀၀၀ ကျော်ကို ဇူလိုင် ၁၂ ရက်နောက်ဆုံးမပေးသွင်းပါက ပြည်နယ်အစိုးရက တရားစွဲမယ်လို့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံမှသတင်းရရှိပါတယ်။

ဟားခါးမြို့ရေပေးဝေရေးအတွက်တည်ဆောက်ထားတဲ့ တီးမစ်ချောင်းရေလှောင်တမံအားတွေ့ရစဉ်

ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ရန်ပုံငွေ ကျပ်သန်း (၂၉၀၀) ထည့်သွင်းလျာထားပြီး ၂၀၁၆ ခုနှစ်ကစပြီး K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။

ဝန်ကြီး ဦးစိုးထက်က “လုပ်ငန်းတန်ဖိုးထက်ပိုက်ဆံပိုထုတ်လို့ အခုအနည်းဆုံး သန်း ၂၀၀၀ ကျော်ကုမ္မဏီကနိုင်ငံတော်ကို ပြန်သွင်းရမယ်။ အဲ့ဒီငွေနဲ့ လုပ်ငန်းပြန်လုပ်ကြမယ်။ ပြန်မပေးနိုင်ရင်တော့ အစိုးရက ကုမ္မဏီကိုတရားစွဲမယ်။ သူတို့က မြေပြင်မှာ ၈၀ တန်ဆိုရင် ၁၀၀ တန်နဲ့တင်ထားတယ်လေ” လို့ပြောပါတယ်။

K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က စီမံကိန်းနောက်ကျဒဏ်ကြေး ၇၃,၈၅၄,၇၅၁ ဒသမ ၈၀ ကျပ် နှင့် စာရင်းစစ်မှတွေ့ရှိတဲ့ ပိုထုတ်ငွေ ကျပ် သန်း ၂၂၂၇ ဒသမ ၇၆၃ ကို ပြန်လည်ပေးသွင်းရန် ဇွန်လ ၂၁ ရက်တွင် ဒုတိယအကြိမ်အကြောင်းကြားထားပါတယ်။

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လကုန်တွင်အားလုံးပြီးစီးရမယ်လို့သတ်မှတ်ထားသော်လည်း တတိယအကြိမ်ထိ လုပ်ငန်းသက်တမ်းတိုးရန်တောင်းဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်လုပ်ငန်းမပြီးဆုံးပါက ဒဏ်ကြေး ၂ ဆပေးဆောင်ရန် ပြည်နယ်အစိုးရကသဘောတူဆုံးဖြတ်ခဲ့ကြတယ်။

ဟားခါးမြို့ သောက်သုံးရေဖြန့်ဝေရေးနဲ့ပတ်သက်ပြီး ဇွန်လ ၂၈ ရက် ပြည်နယ်လွှတ်တော်တွင်မေးမြန်းတဲ့ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဗန်ထောင်းက “ပြည်နယ်အစိုးရကတော့ ကြိုးစားနေတယ်၊ ကြီးကြပ်နေတယ်လို့ပြောပေမယ့် သူတို့ကြီးကြပ်မှုအားနည်းနိုင်တယ်။ ပြီးတော့ ကုမ္မဏီတွေစေတနာတာကြောင့်လည်းပါနိုင်တယ်။ တင်ဒါခေါ်တုန်းက ပြည်နယ်အစိုးရအတွင်းရေးမှူးဖြစ်တဲ့ ဦးပြူးချိုလည်း ကရင်ပြည်နယ်ရွေ့တော့အဲ့မှာ ချစားမှုကြောင့် အဖမ်းခံရပြီ။ အဲ့မှာ မိုးကုတ်ရွှေရည်ကုမ္မဏီက ဒါရိုက်တာ ကျော်နိုင်စိုးလည်းထောင်ကျတယ်။ ခုတော့ နွေရာသီဆိုရင် ရေရှားလို့ ရေပေးဝယ်နေရတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်